Health, Opinion

လက်တွေ့ ဖြစ်လာနိုင်သော အိမ်မက်များ

en.wikipedia.org

“ငှက်များသည် ပျံရင်း သေကြသည်။ လူများသည် ကြံရင်း သေကြသည်”ဟူသော စကား ရှိပါသည်။ ထိုသို့ ကြံနိုင်စွမ်းရှိသော အသိဉာဏ်ရှိသည့် ဦးနှောက်ကို ပိုင်ဆိုင်ထားသဖြင့်လည်း ပုံစံတူ သတ္တဝါများ (ဥပမာ- မျောက်၊ မျောက်ဝံ၊ လူဝံ)တို့ထက် သာသော “လူ”ဟူ၍ ရပ်တည်နေနိုင်ခြင်း ဖြစ်ပါသည်။ လောကတွင် ဖြစ်မလာနိုင်ဟု ထင်မှတ်မိခဲ့ကြသော စိတ်ကူးယဉ်များသည် လက်တွေ့ အကောင်အထည်များ ပေါ်ခဲ့ကြသည်။ လျှပ်စစ်မီး မပေါ်စဉ်က

“လျှပ်စစ်”ဆိုသည်မှာ အိမ်မက် တစ်ခုမျှသာ။ တယ်လီဖုန်း မပေါ်စဉ်က စိတ်ကူးယဉ်မှုတစ်ခု သက်သက်သာ ဖြစ်ခဲ့သော ထိုခေတ်မှသည်
“ကြိုးမဲ့”စနစ် အထိ တက်လှမ်းခဲ့ကြသည်။ ယခုဆိုလျှင် လူသားတို့အတွက် ကမ္ဘာသစ် တစ်ခုပင် ရှာဖွေနေကြပြီ မဟုတ်ပါလော။
ဆေးပညာရပ်တွင်လည်း ဆန်းသစ် တီထွင်မှုများမှာ အံ့မခန်းပင် ဖြစ်သည်။ ယခင်အပတ်က ဖော်ပြခဲ့ပြီး ဖြစ်သော “လူသားတို့၏ ကိုယ်တွင်းရန်သူ” ဆီးချိုရောဂါအတွက် စိတ်ကူးယဉ်ဆန်သော အိမ်မက်မျှသာဟု ထင်ရသည့် လေ့လာ ဆန်းစစ်မှုများကို ဖော်ပြပါမည်။ ယခုနှစ်ပိုင်းအတွင်း ထပ်မံ မွမ်းမံပြီး ပေါ်ထွက်လာတော့မည့် “သွေးချို စောင့်ကြည့် ကိရိယာနှင့် အင်ဆူလင်လွှတ် ကိရိယာအကြောင်း တစေ့တစောင်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ဤတီထွင်မှုကား အလွန်တရာ ဆန်းကြယ်လှသည် မဟုတ်။ ထို့ထက် ဆန်းကြယ်မှုများ ရှိသေးသည်။

ဤနေရာတွင် လူသားတိုင်းအတွက် တီထွင်ကြံဆနေသော သိပ္ပံပညာရှင်များကို ကျေးဇူးတင်မိပါသည်။ ၄င်းတို့ကို ထောက်ပံ့ပေး နေသူများကိုလည်း ကျေးဇူးတင်ရမည်။ ယခုဆိုလျှင် မုန့်ကြိုအိတ်အတု (Artificial Pancreas)ကို တီထွင်နိုင်ရန် ကြိုးစားနေကြပြီ။ ဟော်မုန်းထုတ်သော ထို မုန့်ကြိုအိတ်တွင် အင်ဆူလင် မထုတ်သော အခြား အ၀ိုင်းများလည်း ရှိသေးသည်။ ၄င်းအပိုင်းတို့ကို အသွင်ပြောင်းစေ၍ ယခင် အလုပ် မလုပ်သော အင်ဆူလင် ထုတ်သည့်အပိုင်း၏ တာ၀န်များကို ယူစေဦးမည်ဟုလည်း ကြံစည်နေကြသေးသည်။ “ဒါဟာ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်မှုပါ”ဟု အတိုက်အခံအဖွဲ့က ပြောသူများလည်း ရှိပါသည်။ Type I DM ဆီးချိုတွင် မုန့်ကြိုအိတ်မှ အင်ဆူလင် ထုတ်သော်လည်း “ဇာတ်တူသား စားသည့်” Autoimmure ခေါ် မိမိ၏ ခန္ဓာတွင်း ဆဲလ်များကို တိုက်ဖျက်တတ်သော ရောဂါနှင့် ဆက်စပ်မှုများ ရှိသည်။ မျက်နှာစိမ်း သူခိုး လူဆိုးကိုသာ ကိုက်သော ခွေးသည် အိမ်သားကိုပါ သူခိုး လူဆိုးနှင့် ခွဲမရဘဲ ကိုက်သကဲ့သို့ပင်။ ထို့ကြောင့် အခြားတစ်နေရာမှ အင်ဆူလင် ထုတ်သည်ဆိုဦးတော့၊ အဖျက်သမားနှင့် တွေ့ဦးမည်သာ ဖြစ်မည်ဟု ယူဆကြ၍ ဖြစ်သည်။ စစ်ဆေး စမ်းသပ်သူများဘက်မှလည်း “ဒါကို ကျွန်တော်တို့ စဉ်းစားထားပြီးသားပါ၊ ကျော်လွှားနိုင်မှာပါ” ဟူ၍ မောင်းတင်ထားကြသည်။

ထို့အပြင် ရောဂါမျိုးစုံ၏ အရင်းခံ သော့ချက်ဖြစ်သော မျိုးရိုးဗီဇ ပြုပြင်ခြင်း (Gene Therapy)ကိုလည်း တစ်ဖက်မှ ကြိုးစားနေကြသည်။ Gene Therapyနှင့် ပတ်သက်၍ ယခင် စာစောင်များတွင် အနည်းငယ် တင်ပြပြီးဖြစ်၍ စာဖတ်သူတို့နှင့် စိမ်းမည် မထင်။ ဆီးချိုရောဂါသည် ထင်ရှားသော မျိုးရိုးဗီဇနှင့် ပတ်သက်သည့် ရောဂါတစ်ခု ဖြစ်နေသောကြောင့် ပင်တည်း။ မိဘမျိုးရိုးတွင် ဆီးချိုရောဂါ ရှိသော မွေးကင်းစ ကလေးငယ်များ၏ မျိုးရိုးဗီဇကို လေ့လာရာ ဆီးချိုရောဂါ ဖြစ်လာနိုင်သည့် ဗီဇ မျိုးကွဲပေါင်း (၄၀)ခန့် ရှာဖွေ တွေ့ရှိထားသည်။ ၄င်းနေရာတို့ကို ပြင်နိုင်လျှင် ထိုကလေးငယ်များတွင် ထိုရောဂါဖြစ်လာမည် မဟုတ်ဟု ယုံကြည်ကြသည်။ လူသားတို့၏ ကျန်းမာရေးအတွက် စတေး ခံရလေ့ရှိသော ကြွက်ဖြူများနှင့် စမ်းသပ်ရာ အောင်မြင်မှု ရနေပြီဟု ဆိုသည်။ ထိန်းနိုင်ရုံ Control အဆင့်သာ ရှိနေသော ယခု အဆင့်အတန်းမှ အပြီးပျောက် Cureအဆင့်သို့ ရောက်ရှိအောင် ဖြစ်သည်။ သို့မဟုတ် Life-Long တစ်ဘ၀လုံး (မသေမချင်း) ခံစားရမည့် ရောဂါကြီး မဟုတ်လော။ တစ်ခုပျက်လျှင် အစားထိုး ပြင်ဆင်ရန် လွယ်သည်။ သို့သော် နေရာများစွာ၌ ပုံစံမျိုးစုံ ပျက်သော Polygenic Inherilance ဖြစ်သော ဤရောဂါ၏ ဗီဇမျိုးစုံကို ပြုပြင်ရန်မှာလည်း မလွယ်ကူလှသော အိမ်မက်တစ်ခု ဖြစ်ပေမည်။ သို့သော် သိပ္ပံပညာရှင်များကို ယုံကြည်ပါသည်။ တစ်နေ့ ပေါ်ထွက်လာပါလိမ့်မည်။

“ဟိုဟာ မကောင်းရင် ဖြုတ်လဲ လိုက်ပေါ့ကွာ”ဟူသော စကားကို လူအများစု ကြားဖူးကြပေလိမ့်မည်။ လူသားတို့တွင်ပင် သဘာ၀မှ ပေးသော (တနည်း) မိဘ၏ လက်ဆောင် ကိုယ်အင်္ဂါတို့ကို အစားထိုး၍ ရနေပေပြီ။ အကြောင်း တစ်စုံတစ်ရာကြောင့် သွေးလှည့်ပတ် နေသေးသော်လည်း ဦးနှောက် ရပ်သွားသူများထံမှ သော်လည်းကောင်း၊ ဆွေမျိုးထဲမှ အထူးသဖြင့် အဖေ အမေ မောင်နှမများမှသော် လည်းကောင်း၊ ရယူ၍ အစားထိုး ကုသကြသည်ကို ကြားဖူးကြပေမည်။ Transplantationဟု ခေါ်ပါသည်။ ယခုလည်း အလုပ် မလုပ်သော မုန့်ကြိုအိတ်၏ အင်ဆူလင် မထုတ်သော ဆဲလ်များကို အစားထိုး ကုသဦးမည်။ အလုပ် လုပ်သော ဆဲလ်များ ၀င်လာလျှင် ရောဂါပျောက်ပြီ။ Cure ဖြစ်မည်။

Transplantation အစားထိုးကုသမှု၏ နောက်ဆက်တွဲသည် အစားထိုးလိုက်သော အရာကို မိမိခန္ဓာကိုယ်က သူစိမ်းမှန်းသိသဖြင့် ပြန်လည် တိုက်ထုတ်ခြင်းပင် ဖြစ်သည်။ ထိုသို့ မဖြစ်ရအောင် မိမိ ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို လျှော့ချထားခြင်း Immune Suppression လုပ်ရသည်။ ထိုသို့သော သူများကို ရောဂါပိုးများ အလွယ်တကူ ၀င်နိုင်သဖြင့် ပေါင်းသတ်ထားသော သီးသန့် အခန်းအတွင်း ပိုးသတ်ထားသော ၀တ်စုံကို ခြုံလွှမ်း၀တ်ဆင် ၀င်ရောက်ရကြောင်း ကိုရီးယားကားများတွင် တွေ့ဖူးပြီးဖြစ်မည် ထင်ပါသည်။ ဤရောဂါတွင်မူ ထိုသို့ ခုခံအားကျအောင် အသုံးပြုရသော ဆေးများသည်ပင် အစားထိုးလိုက်သော ဆဲလ်များကို ပျက်စီးစေနိုင်သော ပြဿနာ ရှိသဖြင့် ဤစိတ်ကူးမှာလည်း အိမ်မက် တစ်ခုမျှသာ ဖြစ်သေးသည်။

တဖန် ရှေ့တွင် တင်ပြခဲ့သော ဇာတ်တူသား စားသည့် ပြဿနာအား ဖြေရှင်းနိုင်လျှင်လည်း ရောဂါ သက်သာလာမည်ဟု မျှော်မှန်းပြန်သည်။ ထို့ကြောင့် အခြားအခြားသော Auto- immune ခေါ် ဇာတ်တူသား စားသော ရောဂါများ၏ ပင်မကုထုံး ဖြစ်သည့် Rituximals ခေါ် အစွမ်းထက်ဆေးတစ်မျိုးကို အသုံးပြုရန် စဉ်းစားကြပြန်သည်။ Cure မဖြစ်သော်လည်း Control အဆင့်အထိတော့ အကျိုး သက်ရောက်မှု ရှိကြောင်း တွေ့ရှိရပါသည်။ မည်သို့ပင်ဖြစ်စေ သိပ္ပံပညာရှင်များ၏ အိိမ်မက်များသည် အကောင်အထည် ပေါ်လာနိုင်ဖွယ် ရှိသည်။ သိပ္ပံစမ်းသပ်ခန်း “Bench”မှ Bedsides လူနာဆီသို့ “Bench to Bedsides Approach” ဖြင့် သွားနေပြီ ဖြစ်သဖြင့် အားရစရာ ကောင်းလှသည်။

“ဒါတွေ တို့ဆီ ရောက်လာပါ့မလား” တွေးမပူပါနှင့်။ Globalization ခေတ်မှာ ကမ္ဘာကြီးသည် ရွာကြီး တစ်ခုမျှသာ။ ၄င်းတို့ ပေါ်လာသည်အထိ (လူ့သက်တန်း အတိုင်းအတာ တစ်ခုအထိ) ဆီးချို၊ သွေးချို ထိန်းနိုင်ဖို့သာ အရေးကြီးသည်။ “ငါ့မြင်း ငါ့စိုင်း စစ်ကိုင်း ရောက်ရောက်” မဖြစ်ဖို့သာ အရေးကြီးသကဲ့သို့ “တန်ဆေး လွန်ဘေး”လဲ မဖြစ်သင့်ပါ။ လူနာတစ်ဦးက ပြောဖူးပါသည်။ “အမေက သွေးချိုပဲ ရှိတာ ဆီး မချိုသေးဘူး၊ စားလို့ ရသေးတယ်”ဟု ဆီးချိုဟု ကင်ပွန်း တပ်ထား၍သာ ဆီးချို/မချို စစ်ရသည်။ အရေးကြီးသည်က “ပင်မပြဿနာ” ဖြစ်သည့် သွေးချိုပင် ဖြစ်ကြောင်း ဗဟုသုတပေးရင်း ယခု တစ်ပတ်အတွက် အဆုံးသတ်ခွင့် ပြုစေချင်ပါတော့သည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *