Automobile

Cadillac ATS 2013

ဇိမ်ခံကား ကောင်းကောင်းစီးချင်သူတွေအတွက် အမေရိကန်နိုင်ငံထုတ် Cadillac ATS 2013 မော်ဒယ် ဆီဒင်ကားနဲ့ ဒီတစ်ပတ်မှာ မိတ်ဆက်ပေးပါ့မယ်။ Cadillac ဆိုတဲ့ နာမည် ကြားလိုက်တာနဲ့ အဆင့်မြင့် ဇိမ်ခံကားကောင်းဆိုတာ ခံစားရမှာပါ။ ဒီလို ခံစားမိအောင်လည်း 1920 ခုနှစ်မှ စတင်ပြီး ယခု 2012 ခုနှစ် တိုင်အောင် General Motors (GM)မှ Cadillac ကားကို အဆင့်မြင့် ဇိမ်ခံကားအဖြစ်မှ အရည်အသွေး ကျမသွားအောင် အစဉ်တစိုက် ကြိုးစား အားထုတ်ခဲ့တာပါ။

2013 မော်ဒယ် Cadillac ATS Sedan ကားဟာ ယခင် Cadillac ကားများနည်းတူ ခန့်ညားလှပသည့်အပြင် နည်းပညာပိုင်း မြင့်မားမှု တို့ပါ ပေါင်းစပ်ထားတာကြောင့် ဇိမ်ခံကားကောင်းတစ်စီး ဖြစ်ပါတယ်။ တံခါး လေးပေါက်ပါ ဆီဒင် (Sedon) ကားအမျိုးအစား ဖြစ်ပါတယ်။ အင်ဂျင် အမျိုးအစားတွေကိုတော့ 2.0L Turbo အင်ဂျင်၊ 2.5L အင်ဂျင်နဲ့ 3.6L V6 အင်ဂျင်ဆိုပြီး သုံးမျိုးကြိုက်ရာ ရွေးချယ်နိုင် ပါတယ်။ 2.0L Turbo အင်ဂျင်ကတော့ မြင်းကောင်ရေ 272 HP ထွက်ရှိပြီး 3.6L V6 အင်ဂျင်ကတော့ မြင်းကောင်ရေ 321HP ထွက်ရှိပါတယ်။ VVT အင်ဂျင်အမျိုးအစား ဖြစ်တဲ့အတွက် ဆီစားနှုန်း အရမ်းမများပါဘူး။ 2.0L Turbo အင်ဂျင်ကို အသုံးပြုပြီး မောင်းနှင်မယ် ဆိုရင်တော့ ၁ဂါလံကို မိုင် ၃၀ ထိ အသုံးပြုနိုင်တဲ့အတွက် ဆီစားနှုန်း သက်သာတယ်လို့ ဆိုနိုင်ပါတယ်။

6 Speed Manual ဂီယာကတော့ Cadillac ATSအတွက် သီးသန့် ထုတ်လုပ်ပြီး တပ်ဆင်ပေးထားတာပါ။ ATS ရဲ့ အားသာချက် တစ်ခုကတော့ အီလက်ထရောနစ် စနစ်နဲ့ အသုံးပြုထားတဲ့ ထိန်းချူပ် မောင်းနှင်စနစ် (Electric Sterring)ကို အသုံးပြုထားခြင်းပါပဲ။ ယခင် ပါဝါဆီကို ထည့်ပြီး အသုံးပြုနေတဲ့ ပါဝါ စီယာတိုင်စနစ်ထက် ထိန်းချူပ်ရာမှာ တိကျပြီး အားသာချက် များစွာ ရှိသည့်အပြင် ပါဝါဆီ ကုန်ကျစရိတ်လည်း သက်သာစေပါတယ်။ ဒါ့အပြင် လမ်းကွေ့ များ၌ နောက်ဘီးတစ်ဘီးနှင့် တစ်ဘီး လိမ့်နှုန်း ကွာဟချက်ကို ညှိယူပေးတဲ့ Limited-Slip Rear Diffential ပါ၀င်တဲ့အတွက် အကွေ့များ၌ ဘီးယက်အား ပိုမို ကောင်းမွန်စေတာ တွေ့ရပါတယ်။

ကားရဲ့ အတွင်းပိုင်းကို မြင်လိုက်တာနဲ့ သာမန်ကားများနဲ့ လုံး၀ ကွာခြားတဲ့ ဇိမ်ခံကားဆိုတာ လက်ခံမိမှာပါ။ နူးညံ့ ပျော့ပျောင်းတဲ့ သားရေကို အသုံးပြုပြီး တည်ဆောက် ထားတဲ့အပြင်သစ်ပါးလွှာ၊ အလူမီနီယံ သတ္တုတို့ကို လိုသလို လိုက်ဖက်အောင် အလှဆင်ထား ပါတယ်။ လမ်းပြစနစ်၊ လုံခြုံရေးစနစ်၊ Bluetooth စနစ်၊ လေအေးပေး စနစ် အပါအ၀င် အခြား Setting အားလုံးကို တစ်ခုတည်းနဲ့ ခိုင်းစေနိုင်တဲ့ Touch-Screen တစ်ခုပါရှိပါတယ်။ CUE (Cadillac User Experience)လို့ ခေါ်တဲ့ ဒီ Touch-Screen အမျိုးအစားဟာ အခြားကားများမှာပါတဲ့ Touch- Screen တွေနဲ့ လုံး၀ကွဲပြားပါတယ်။ အခြား Touch-Screen တွေလို အရမ်း ဖိနှိပ်စရာ မလိုဘဲ iPad တစ်လုံး ကဲ့သို့ ချောမွေ့စွာ ထိတွေ့ ခိုင်းစေနိုင်တဲ့ ခံစားမှုမျိုးကို CUEက ပေးစွမ်းနိုင်ပါတယ်။

နောက်ထပ် ထူးခြားမှုတစ်ခုကတော့ ယာဉ်မောင်းသူကို ကားရှေ့ပိုင်းသို့ ပိုမို အာရုံစိုက်စေရန် Reconfigurable Head-Up Displayကို ကားရှေ့မှန်မှာ တပ်ဆင်ပေးထား ပါတယ်။ ကားအရှိန်နှုန်း၊ အန္တရာယ် သတိပေးစနစ်နဲ့ အသံပိုင်း (Audio)စတဲ့ အချက်အလက်တွေကို ရောင်စုံ မီးအလင်းရောင်နဲ့ ကားရှေ့ မှန်အောက်ခြေနား မှာ ဖော်ပြနေတဲ့ စနစ်တစ်ခုပါ။ အသံပိုင်းကိုတော့ ကမ္ဘာကျော် Bose အသံစနစ်ကို အသုံးပြုပြီး စပီကာ ဆယ်လုံး တပ်ဆင်ပေးထားတဲ့အတွက် Boseရဲ့ ငြိမ့်ညောင်းလှတဲ့ သံစဉ်ကို ခံစားနိုင်မှာပါ။ ဈေးနှုန်းကတော့ USD 50,000 ကျော်သာ ပေးရမှာ ဖြစ်တဲ့အတွက် ဇိမ်ခံကား စီးချင်သူတွေ အတွက်တော့ သင့်တော်တဲ့ ဈေးလို့ ဆိုနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *