Opinion

မင်းလည်း အိုကေ၊ ငါလည်း အိုကေ

အမှန်က ကျွန်တော် နားကြားလွဲနေတာ၊ သီချင်းက ဒီလို “မင်းလည်းအိုကေ၊ ငါလည်း အိုကေ၊ မင်းလည်း ဘိုကေ ငါလည်း ဘိုကေ”
သင်္ကြန်တွင်းတုန်းက ကျွန်တော်တို့ လမ်းထိပ် သင်္ကြန်မဏ္႑ပ်က ဖွင့်တဲ့ သီချင်းပါ။ သင်္ကြန်မဏ္႑ပ် ဆိုပေမယ့် ရေကစားတဲ့ မဏ္႑ပ်တော့ မဟုတ်ဘူး။ Sound Boxကြီးတွေချပြီး Bassသံ တဒုန်းဒုန်းနဲ့ သီချင်းတွေ ဖွင့်ပြီး ကကြတာပါ။ ကချင်တဲ့ လူတစ်ယောက်ကို နှစ်သောင်းပေးရတယ် ပြောတယ်။ လူဟောင်းဆိုရင်တော့ တစ်သောင်းပဲ ပေးရတယ်တဲ့ နေ့လည်ပိုင်းကနေ စပြီး ညနေ ၆နာရီကျော်အထိ သီချင်းတွေ ဖွင့်ပေးပါတယ်။ အတက်နေ့ကတော့ ည8နာရီ..ကျော် 9နာရီလောက် ရောက်သွားတယ်။ ရပ်ကွက်ထဲမှာ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်တာနဲ့ အပြိုင်ပေါ့။
မဏ္႑ပ်က ဖွင့်တဲ့ သီချင်းတွေကတော့ အစုံပါပဲ။ အင်္ဂလိပ်သီချင်းတွေရော၊ မြန်မာသီချင်းတွေရော ငါ့ဘာဂျာ၊ ငါ့ဘာဂျာဆိုတာက ရှိသေးတယ်။ အဓိပ္ပာယ်တစ်မျိုး ထွက်နေတော့ အဲဒီ သီချင်းကြီးကတော့ မကောင်းပါဘူး။ ပြီးတော့ ဒိန်းဂျား၊ ဒိန်းဂျား ဆိုတာက ရှိသေးတယ်။ မနှစ်တုန်းကတော့ အားပါးပါးပါး အားပါးပါးပါးဆိုတဲ့ သီချင်းက ခေတ်စားခဲ့တယ်။ ကျန်တာကတော့ ဘာတွေဆိုမှန်း မသိပါဘူး။ ကျွန်တော်တို့ နားနဲ့တော့ သိပ်ကီး မကိုက်ပါဘူး။
ကြည့်ပါလား။ သီချင်းက မင်းလည်း ဘိုကေ၊ ငါလည်း ဘိုကေ ဆိုတာကမှ ကောင်းသေးတယ်လို့ ကျွန်တော် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အိုကေ ဆိုတာက အဆင်ပြေတဲ့ သဘော မဟုတ်လား။
တကယ်လည်း လက်ရှိမှာ အစိုးရ ဝန်ထမ်းတွေကတော့ လစာ ၂သောင်း တိုးပေးလိုက်လို့ အဆင်ပြေ အိုကေသွားပြီ မဟုတ်လား။ (ထုံးစံအတိုင်း စားသောက်ကုန် ဈေးနှုန်းတွေက နည်းနည်းတော့ တက်လာတာပေါ့) ပင်စင်စားတွေကတော့ ဒီလ မရသေးတော့ အဆင်မပြေသေးဘူး။ တွက်ချက်မှုတွေ မပြီးသေးဘူးလို့ ပြောပါတယ်။ ဖြစ်နိုင်ရင် လူတိုင်းက အဆင်ပြေချင်ကြတာပေါ့နော်။ အဆင်မပြေချင်တဲ့ လူဘယ်ရှိပါမလဲ။ ဒါပေမယ့် အဆင်ပြေတယ်၊ အဆင်မပြေဘူး ဆို်တာက လောကဓံတရားလို့ပဲ ပြောရမယ် ထင်တယ်။ အမြဲတမ်း အဆင်ပြေနေတဲ့ လူလည်း မရှိပါဘူး။ ကိုယ့်ရဲ့ ကံ၊ ဉာဏ်၊ ဝီရိယ အပေါ်မှာပဲ မူတည်ပါတယ်။
အခုပဲ ကြည့်ပါ။ သမ္မတကြီးရဲ့ ဝီရိယကြောင့် ကျွန်တော်တို့ရဲ့ နိုင်ငံခြား ကြေွးမြီတွေ တော်တော် များများ လျော့ပါးသွားပါပြီ။ ပြည်ပ ကုန်သွယ်မှု တွေလည်း လမ်းပွင့်သွားခဲ့ပါပြီ။ နိုင်ငံရဲ့ စီးပွားရေး အလားအလာ ကောင်းတွေလည်း မြင်တွေ့နေရပြီ ဖြစ်ပါတယ်။
ဒါပေမယ့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် ပြဿနာတွေက ရှိနေဆဲ ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေလို့ပဲ ပြောရမှာပေါ့။ နိုင်ငံတည်ငြိမ်အေးချမ်းမှု မရှိရင် ဘာမျှ လုပ်လို့မရပါ။ အဓိကကျတဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်လို့မရရင် ကိုယ့်နိုင်ငံဟာ ဆင်းရဲတွင်းထဲက တက်မှာ မဟုတ်ပါ။ ပြည်တွင်းက စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်လို့ မရသလို ပြည်ပက စီးပွားရေး လုပ်ငန်းတွေ ကလည်း လာပြီး ရင်းနှီး လုပ်ကိုင်ကြရမှာ မဟုတ်ပါ။
ကျွန်တော်တို့ နိုင်ငံကို ကြည့်ရင် မင်းဘူးက နဂါးပွက်တောင်လိုပဲ ဟိုနားက ထပွက်လိုက်၊ ဒီနားက ထပွက်လိုက်နဲ့ ဖြစ်နေတာကို တွေ့ရမှာပါ။ ကချင်ပြည်နယ် ပဋိပက္ခ ညှိနှိုင်းနေဆဲ ရှိပါတယ်။ ရခိုင် ဘက်က ငြိမ်သွားတော့ မိတ္ထီလာမှာ ထဖောက်ပါတယ်။ နောက်တော့ ပဲခူးတိုင်းကို ကူးတယ်။ ရန်ကုန် မှာတောင် ကြိုကြားကြိုကြား ဖြစ်သေးတယ်။ အခုက ရှမ်းပြည်ဘက်မှာလည်း တပ်မတော်န့ဲ SSPP/ SSAတို့ တိုက်ပွဲ ဖြစ်သေးတယ်လို့ ကြားတယ်။ ဒီကြားထဲမှာလည်း လယ်သမားတွေက ဆန္ဒပြ၊ အလုပ်သမားတွေက ဆန္ဒပြနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဦးနှောက် ခြောက်နေကြရတယ်။ အနှစ်နှစ် အလလက မျိုသိပ် အောင့်အည်းထားခဲ့ရတဲ့ လူတွေရဲ့ မကျေနပ်ချက်တွေကလည်း အခုမှ ပွင့်ထွက် ပေါက်ကွဲကုန်ကြတယ်။ တချို့ကလည်း တကယ်တမ်း ခံခဲ့ရလို့ ရိုးရိုးသားသား ထုတ်ဖော်ကြသလို တချို့ ကလည်း ပယောဂတွေ ပါလာတယ်။ ထိန်းသိမ်း ကိုင်တွယ်တဲ့ လူတွေနဲ့ ထိပ်တိုက်တွေ့ပြီး ဆိုးဆိုး ရွားရွားတွေ ဖြစ်ကုန်ကြတယ်။ ကျော်မကောင်း ကြားမကောင်းတာတွေ ဖြစ်ကုန်ကြတယ်။
တစ်ချိန်တုန်းက ဝန်ကြီးချုပ်ဟောင်း ဦးနု (သခင်နု) ရေးခဲ့တဲ့ “တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန်” ဆိုသလိုပဲ ကျွန်တော်တို့ရဲ့ နိုင်ငံဟာ အခုမှ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းခါစပဲ ရှိပါသေးတယ်။ ဒီမိုကရေစီ နုနုလို့ ဆိုရမှာပါ။ ကျွန်တော်တို့ လမ်းလျှောက် တက်ခါစ ကလေးတွေကို တွေ့ဖူးကြမှာပါ။ သူ့ခမျာ အယိုင်ယိုင်အလဲလဲနဲ့ လမ်းကို စမ်းလျှောက်နေရတာ။ ကျွန်တော်တို့ နိုင်ငံဟာ ဒီအတိုင်းပဲ ဒီမိုကရေစီလမ်းကို လျှောက်နေရတာလို့ မြင်ပါတယ်။ တည့်တည့်မတ်မတ် လျှောက်နိုင်ဖို့ဆိုတာ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသား အားလုံးအပေါ် မူတည်ပါတယ်။
လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အပြစ်တွေ တင်နေကြမယ့် အစား အပြစ်တွေ ဖို့နေကြမယ့်အစား ကိုယ့်တာဝန်ကိုယ် ကျေကြမယ်ဆိုရင်၊ ကိုယ့် စည်းကမ်းနဲ့ ကိုယ်နေကြမယ်ဆိုရင် တိုင်းပြည်ဖံွ့ဖြိုး တိုးတက်ဖို့ လမ်းကြောင်းကို ရောက်လာမှာပါ။
ကျွန်တော်တို့ဟာ “ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ပြီ၊ ရှင်ငယ့် ဝမ်းလည်း ဝင်ခဲ့ပြီ၊ ချေးစော်လည်း နံခဲ့ပြီ” ဆိုတဲ့အတိုင်း ခေတ်အဆက်ဆက်ကို ကျင်လည် ဖြတ်သန်းလာခဲ့ရတဲ့ အတွက် ဘယ်ဟာကဖြင့် ကောင်းတယ်၊ ဘယ်ဟာကဖြင့် ဆိုးတယ်ဆိုတာကို သိနေကြတဲ့သူတွေပါ။ အဲဒီခေတ်တွေကို မဖြတ်သန်းခဲ့ရဘူး ဆိုရင်တောင် စာတွေ၊ ပေတွေ လူကြီးသူမတွေ ဆီကနေ ကြားဖူး၊ သိဖူးကြမှာပါ။ တကယ်တော့ အသိတရား ရှိသူတိုင်းဟာ ဘယ်လို အဖြစ်ဆိုးကိုမှ လက်ခံနိုင်ကြမှာ မဟုတ်ပါဘူး။ အေးအေးချမ်းချမ်းနဲ့ နေထိုင်ပြီး လုပ်ကိုင် စားသောက်ချင်မှာပဲ။ နိုင်ငံတကာမှာ ကြည့်လိုက်ရင် ကျီးလန့်စာ စားနေရတဲ့ နိုင်ငံတွေကို တွေ့မှာပါ။ အဲဒီလို နေချင်ကြသလား။ ဘယ်သူမှ မနေချင်ကြပါဘူး။
တကယ်တော့ ဘာပဲပြောပြော ဘာပဲလုပ်လုပ် ဆင်ဆင်ခြင်ခြင် ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြောကြ လုပ်ကြမယ်ဆိုရင်၊ ကိုယ်ချင်းစာတရားနဲ့ မျှမျှတတ တွေးကြမယ်ဆိုရင် ဘာပြဿနာမှ ဖြစ်လာစရာ အကြောင်းမရှိပါ။ တည်တည်ငြိမ်ငြိမ် အေးအေး ချမ်းချမ်းနဲ့ နေထိုင်သွားရတဲ့ ဘဝမျိုးကို လူတိုင်း လိုလားကြပါတယ်။ လူတိုင်းဟာ နိုင်ငံသားတိုင်းဟာ နိုင်ငံရေးသမားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ပါတီဖွဲ့မှ နိုင်ငံရေးသမား ဖြစ်တာ မဟုတ်ပါဘူးတဲ့။ အဲဒီလို ကြားဖူးပါတယ်။ တောင်သူလယ်သမားတွေ၊ အလုပ်သမားတွေ၊ ဝန်ထမ်းတွေ၊ ဈေးသည်တွေအားလုံး နိုင်ငံရဲ့ အရေးကို ဆောင်ရွက်နေကြတဲ့ နိုင်ငံရေး သမားတွေပဲ ဖြစ်ကြပါတယ်။ ဒါကြောင့် နိုင်ငံရေး ကောင်းအောင် ဒီလူတွေပဲ လုပ်ကြရမှာပါ။
သင်္ကြန်တုန်းက မဏ္႑ပ်က ဖွင့်တဲ့ သီချင်းကို ကျွန်တော် နားကြားမှားသလိုပဲ မင်းလည်း အိုကေ၊ ငါလည်း အိုကေပဲ အားလုံး အိုကေပဲ ဆိုရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားပေါ့ဗျာ။
ကျွန်တော် နိုင်ငံရေးတွေ မပြောဘူးလို့ နေတာပါ။ ဒါပေမယ့် …………

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *