Featured, Mobile, Review

Amazonက Fire Phoneလို့ အမည်ပေးထားတဲ့ 3D စမတ်ဖုန်းကို ကြေညာ

Amazonက Fire Phoneလို့ အမည်ပေးထားတဲ့ 3D စမတ်ဖုန်းကို ကြေညာ

Amazonက Kindle Fire Tabletများကို ထုတ်လုပ်ရောင်းချပြီး တက်ဘလက်လောကမှာ အောင်မြင်မှုရရှိနေပါတယ်။ အခုတစ်ခါမှာတော့ သူ့ရဲ့ ပထမဆုံး စမတ်ဖုန်းကို ကြေညာလိုက်ပါပြီ။ အဲဒီဖုန်းနဲ့ ပတ်သက်ပြီး အရင်ကတည်းကသတင်းများစွာ ထွက်ပေါ်နေတာဖြစ်ပြီး အခုတော့ အဲဒီသတင်းတွေဟာ အမှန်တကယ်ဖြစ်လာပါပြီ။

စမတ်ဖုန်းကို Amazon Fire Phoneလို့ အမည်ပေးထားပြီး Amazonရဲ့ အွန်လိုင်းစတိုးမှ ကုန်ပစ္စည်းများကို လွယ်ကူစွာ၀ယ်ယူနိုင်ဖို့နဲ့ Dynamic Perspectiveလို့ခေါ်တဲ့ 3D ရုပ်ထွက်များကို ပြသပေးနိုင်တဲ့ နည်းပညာပါရှိပါတယ်။

Dynamic Perspectiveက လူပြောအများဆုံး စွမ်းဆောင်ချက်ဖြစ်ပြီး အသုံးပြုသူရဲ့ မျက်စိတည်နေရာပေါ်မူတည်ပြီး 3D ပုံရိပ်များကို ဖန်တီးပြသပေးနိုင်ပါတယ်။ ဒီလိုပြုလုပ်နိုင်ဖို့ ဖုန်းရဲ့ အရှေ့ဘက်မှာ အထူးပြုလုပ်ထားတဲ့ ကင်မရာလေးလုံး တပ်ဆင်ထားပါတယ်။

Dynamic Perspectiveက ဖုန်းကိုလှုပ်ခါပြီး အလုပ်များလုပ်နိုင်တဲ့ Tilt Gesturesနဲ့လည်း တွဲဖက်အလုပ်လုပ်နိုင်ပါတယ်။ ဥပမာ အားဖြင့် ဖုန်းကိုလှုပ်ခါလိုက်ရင် ဘရောက်စာမှာ Scrollပြုလုပ်နိုင်ပါတယ်။ အဲဒီစွမ်းဆောင်ချက်ဟာ Samsungရဲ့ Smart Scrollနဲ့ ဆင်တူပါတယ်။ Fire Phoneမှာ အီလက်ထရောနစ်စာအုပ်များနဲ့ ဂိမ်းများကစားရင်လည်း အဲဒီစွမ်းဆောင်ချက်ကို အသုံးပြုနိုင်ပါတယ်။

အရင်ထွက်ပေါ်ခဲ့တဲ့သတင်းတွေအတိုင်းပါပဲ Fire Phoneမှာ ၄.၇လက်မအရွယ် IPS 720p ထိတွေ့မျက်နှာပြင်နဲ့ 2.2GHz Quad-Core Processorတပ်ဆင်ထားတဲ့ Qualcomm Snapdragon 800 Chipset, 2GB RAM ပါရှိပြီး 4G LTEကို အထောက်အပံ့ပေးပါတယ်။

ဖုန်းရဲ့ ကိုယ်ထည်ကို ရာဘာနဲ့ ပြုလုပ်ထားပြီး အကြမ်းခံတဲ့ Gorilla Glass 3 အလွှာကို ဖုန်းရဲ့ အရှေ့မှာရော အနောက်မှာပါ ဖုံးအုပ်ထားပါတယ်။ ခလုတ်များကို အလူမီနီယမ်နဲ့ ပြုလုပ်ထားပါတယ်။

အနောက်ဘက်မှာ Lensငါးခုပါတဲ့ 13 Megapixel Cameraတပ်ဆင်ထားပါတယ်။ ကင်မရာမှာ Optical Image Stabilizatinနည်းပညာပါရှိပြီး ကင်မရာကို အသုံးပြုဖို့ သီးခြားခလုတ်တစ်ခုတပ်ဆင်ပေးထားပါတယ်။ Fire Phoneကို ၀ယ်ယူရင် Amazon Cloudမှာ ဓါတ်ပုံများ အကန့်အသတ်မရှိသိမ်းဆည်းနိုင်ပါတယ်။

Fire Phoneရဲ့ အရှေ့ဘက်မှာ Virtual Surround Soundနည်းပညာပါတဲ့ စပီကာနှစ်ခုတပ်ဆင်ထားပါတယ်။ နားကြပ်ကလည်း ဖုန်းနဲ့ ကြိုးမဲ့ ချိတ်ဆက်နိုင်ပြီး သံလိုက်ပါတဲ့အတွက်ဖုန်းနဲ့ နားကြပ်ကို တွဲလျက်ထားရှိနိုင်ပါတယ်။

Fire Phoneမှာ Kindle Fire Tabletများမှာ အသုံးပြုတဲ့ Fire OS 3.5ကို အသုံးပြုထားပါတယ်။ Fire OSဟာ Android OSကို အခြေခံတီထွင်ထားပေမယ့် Googleရဲ့ Appများမပါရှိပါဘူး။

Amazonက အွန်လိုင်းအရောင်းဆိုင်မှ ရုပ်ရှင်၊ သီချင်း၊ စာအုပ်၊ မဂ္ဂဇင်း၊ သတင်းစာနဲ့ TV Showများကို ဖုန်းမှာ အသုံးပြုနိုင်အောင်ပြုလုပ်ပေးထားပါတယ်။

စမတ်ဖုန်းမှာ Fireflyဆိုတဲ့ စွမ်းဆောင်ချက်အသစ်ပါရှိပြီး ဖုန်းရဲ့ ကင်မရာနဲ့ မိုက်ကရိုဖုန်းများဟာ ပတ်၀န်းကျင်မှ အရာများကို ခြေရာခံနိုင်ပြီး သတင်းအချက်အလက်များကို ဖော်ပြပေးနိုင်ပါတယ်။ ဖုန်းကင်မရာနဲ့ စာအုပ်တစ်အုပ်ကို ချိန်ရွယ်လိုက်တာနဲ့ Amazon အရောင်းဆိုင်မှ စာအုပ်ကို ၀ယ်ယူနိုင်မယ့် နေရာကို ပို့ဆောင်ပေးမှာပါ။ သီချင်းတွေ၊ တီဗီရှိုးတွေကိုလည်း ဒီနည်းနဲ့ ၀ယ်ယူနိုင်ပါတယ်။ Fireflyကို အသုံးပြုဖို့ ဖုန်းရဲ့ ဘေးဘက်မှာ ခလုတ်တစ်ခုသီးခြားပြုလုပ်ပေးထားပါတယ်။

နောက်ထပ် အဆင့်မြင့်စွမ်းဆောင်ချက်တစ်ခုက Maydayဖြစ်ပြီး ဖုန်းပိုင်ရှင်ရဲ့ အခက်အခဲများကို ၂၄ နာရီပတ်လုံး ကူညီပေးမှာပါ။

Fire Phoneကို အမေရိကန်မှာ AT&Tကနေ ရောင်းချမှာဖြစ်ပါတယ်။ ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး ဇူလိုင်လ ၂၅ ရက်မှာ စတင်ရောင်းချပေးမှာဖြစ်ပါတယ်။ စာချုပ်အလွတ်၀ယ်ယူရင် ဒေါ်လာ ၆၄၉ ဖြစ်ပါတယ်။ AT&Tကနေ 32GB အမျိုးအစားကို စာချုပ်နဲ့ ၀ယ်မယ်ဆိုရင်တော့ နှစ်နှစ်စာချုပ်နဲ့ ကနဦးပေးချေငွေ ဒေါ်လာ ၁၉၉ ကျသင့်ပါမယ်။ AT&Tရဲ့ Next Programကနေ ၀ယ်ယူမယ်ဆိုရင် တစ်လကို ဒေါ်လာ ၂၇ ကျသင့်ပါမယ်။ 64GB အမျိုးအစားကို စာချုပ်နဲ့၀ယ်မယ်ဆိုရင် ဒေါ်လာ ၂၉၉ ကျသင့်ပါမယ်။

1

2

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *