အခုချိန်ခါက ဖြူ၊စိမ်းကျောင်းတွေ ပြန်လည်ဖွင့်နေပြီ ဖြစ်တဲ့အတွက် စာရေးသူရဲ့ ငယ်ဘဝကို ပြန်လည်တမ်းတစေပါတယ်။ သူတို့လေးတွေ မြင်ရတော့ ငယ်ငယ်က အကြောင်း ပြန်အောင်းမေ့မိပါတယ်။ အရင်အပါတ်တွေက စာရေးသူ ဒီဆိုက်မှာပဲ ကဗျာလေးတစ်ပုဒ် ရေးပြီးတင်ဖူးတယ်။ အဲဒါက ပညာကို ရည်ရွယ်တဲ့ ကဗျာလေးတစ်ခုပါ။ ဒါပေမယ့်လည်း အဲဒီခေါင်းစဉ်( စိမ်းလန်းစိုပြေ မြန်မာပြည် )မှာတုန်းက စာရေးသူက ကဗျာလေး အောက်ကအကြောင်းရာကို လောကြီးပြီး ရှင်းမိသွားတယ်။ ဒါကြောင့် ဒီမှာ ပြန်ရေးရတာပါ။
စာရေးသူအခုလို စာတွေ၊ ရေးနိုင်၊ ဖတ်နိုင်အောင် သင်ကြားပေးခဲ့တဲ့ ဆရာ၊ဆရာမ တွေကိုလည်း ဒီနေရာကနေ ရှိခိုးကန်တော့ပြီး ကျေးဇူးတင်မိပါတယ်။ အမြဲတန်းလဲ မေတ္တာပို့ပါတယ်။ စာရေးသူတို့ ငယ်ငယ်တုန်းက မူကြိုဆိုတာ ဝေလာဝေးလို့ပါ၊ စာရေးသူ ကျောင်းစရောက်တော့ ငိုလိုက်တာများ အခုထိမှတ်မိသေးတယ်၊ ဒီနေရာမှာလည်း မိဘတွေရဲ့ စေတနာကို ခေါင်းထဲ ဖျက်ခနဲ အောက်မေ့မိပါတယ်။ မိဘတွေက သားသမီးတွေကို စာတက်စေချင်၊ တော်စေချင်လို့ ကိုယ့်သားသမီး ငိုနေတာကို ရင်နာနာနဲ့ ကျောင်းပို့ခဲ့တယ်။ သားသမီးတွေကတော့ ထင်မှာပဲ မိဘတွေက ငါငိုနေတာတောင် ထားခဲ့တယ်၊ ငါ့ကို မချစ်တော့ဘူးလားမသိဘူး စတဲ့ အတွေးတွေ ဝင်မိကြမှာပါ။ ဒါပေမယ့်လည်း မိဘဆိုတာမျိုးက သားသမီးကောင်းစားဖို့ဆိုရင် ဘာလုပ်ရလုပ်ရပါ၊ သားသမီးက မေးခဲ့ရင်တောင် သူတို့ကောင်းစားရေးဆိုတာ ထုတ်ဖော်မပြောပါဘူး။ ဒါပေမယ့်လည်း တွေ့ဖူးပါတယ် အဲလိုမျိုး သံယောဇဉ်မရှိတဲ့ မိဘမျိုးတွေကို၊ သို့ပေမယ့် အင်မတန်တော့ နည်းပါတယ်။
လိုရင်းကိုမရောက်တော့ဖူး အတိတ်ကို သတိရနေတာနဲ့ပဲ။ ဒီလိုအဖြူစိမ်းလေးတွေမြင်တော့ ဆရာကြီးတစ်ယောက် ပြောဖူးတာကို သတိသွားရမိတယ်။ အဲဒီဆရာကြီးက စမ်းချောင်းက ပညာဒါနကျောင်း တစ်ခုမှာ စာသင်ပေး နေတာပါ။ သူက အင်္ဂလိပ်စာ သင်ပေးတာပါ။ သူပြောတာက ကလေးတွေကို သနားတယ်တဲ့၊ ကလေးတွေက သူ့လက်ထဲရောက်လာတော့ ဦးနှောက်တွေက ပျက်စီးနေပြီလေ၊ ပြီးအခုကလေးတွေက ပိုဆိုးတယ်တဲ့။ အရင်တုန်းကဆို သင်တန်းအပတ်စဉ်တစ်ခုမှာ အင်္ဂလိပ်စာတတ်သွားတဲ့ ကျောင်းသားအရေအတွက်က များတယ်တဲ့။ အခု ၂၀၁၀ နောက်ပိုင်းကို အတန်းတစ်တန်းမှာ တတ်တဲ့ကျောင်းသား တစ်ယောက်တောင် အနိုင်နိုင်ပဲတဲ့။ ဆိုတော့ တဖြည်းဖြည်း ညံ့လာတာပေါ့။ အခုဆိုရင်ပိုဆိုးလာပါတယ်။ အရင်က လူတွေက အရင်စနစ်ကောင်းရဲ့ လက်ကျန်တွေနဲ့ တတ်လာတာပါ။ အခုတော့ အဲဒီလက်ကျန်တွေက ကုန်လုနီးနီးဖြစ်လို့ အသစ်ကတောင် တဖန်လည်နေပါပြီ။
ဒါဆို ကလေးတွေဘာလို့ ညံ့လာတာလဲ၊ တာဝန်ရှိသူတွေ ဘယ်သူမှသေချာ လေ့လာ မဆန်းစစ်သလို ဘယ်သူကမှလည်း ဘာကြောင့်ဆိုတာ အဖြေမထုတ်ကြပါဘူး။ ဟိုတလောကတော့ ကြားလိုက်ပါတယ်။ ပညာရေး စနစ်တွေပြောင်းမယ်ဆိုပြီး နှစ်တွေတိုးတာတို့၊ အစိုးရစစ်ပြောင်းတာတို့ပေါ့။ အခုထိ စမ်းသပ်တဲ့ အကျင့်မပျောက်သေးပါဘူး။ တကယ်ဆို ပညာရေးပိုင်းကို အထူးကျွမ်းကျင်တဲ့ လူ ၁၀၀ လောက်နဲ့ဖွဲ့ပြီး မြန်မာပြည် ပညာရေးက ဘာတွေလိုအပ်နေတယ်၊ ဘာတွေလျော့ဖို့ လိုသလဲ၊ ဘာတွေကိုတော့ တိုးဖို့လိုတယ် ဒါမျိုးတွေကို သေချာလေ့လာ ဆန်းစစ်ပြီးတော့မှ နှစ်ရှည်စီမံကိန်း ချသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုတကယ်လို အပ်နေပါပြီ။ စာရေးသူအမြင်ရတော့ နံပါတ် ၁ အချက်လို့ထင်တယ်။ တကယ်ကို တိုက်တွန်းပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံက အထက်တန်းအောင်တဲ့ ကျောင်းသားတစ်ယောက်ကို သူတို့နိုင်ငံမှာရှိတဲ့ ပြည်ပကုမ္ပဏီတွေက supervisor ရာထူးကို ခန်ဖို့ နှစ်ခါမစဉ်းစားပါဘူး။ ဘာလို့လည်းဆိုတော့ သူတို့ပညာရေး စနစ်ကို ယုံကြည်လို့ပေါ့။
သူငယ်တန်းလို့ခေါ်တဲ့ ကလေးတွေ စာစသင်တဲ့ အချိန်၊ ဒါမှမဟုတ် အဲဒီနှစ်က အရမ်းအရေးကြီးပါတယ်။ အခုတော့ မူကြိုတွေက ကြိုတင်သင်လို့ တတ်ထားသူတွေလည်း တတ်ကုန်ပြီပေါ့။ ဒါပေမယ့်လို့ သူတို့သင်လို့ ကကြီးခခွေး ရပြီလားဆိုတော့ ရတော့ရသွားပြီ သို့ပေမယ့် အဲဒါက မှားနေပါတယ်။ မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီးကို မူကြိုထားတယ်ဆိုတိုင်း စိတ်အေးလို့မရပါဘူး။ ဘာလို့လည်းဆိုတော့ မြန်မာပြည်မှာ ဘယ်မူကြိုကတော့ ဘယ်အဆင့်ရှိပြီး ဘယ်ဟာကတော့ ဘယ်အတိုင်းတာဆိုတဲ့ နှုန်းသတ်မှတ်မှု မရှိပါဘူး။ မြန်မာပြည်မှာ မူကြိုသင်ဖို့အတွက် ဆရာ၊ ဆရာမ စာမေးပွဲမရှိသလို၊ ဘယ်သူကမှလည်း အဲဒါကို ရေးကြီးခွင်ကျယ် မလုပ်ပါဘူး။ တကယ်တော့ အဲဒါက ကလေးရဲ့ပထမဆုံး သင်ယူမှု ဖြစ်လို့ အရေးကြီးဆုံး အချိန်ပါပဲ။
ကလေးတစ်ယောက်ကို စာစသင်တဲ့ အချိန်မှာ စနစ်ကျဖို့ လွန်စွာအရေးကြီးပါတယ်။ ကကြီး၊ ခဂွေး သင်တာပဲ ဘာစနစ်လိုသေးလို့လဲ ရေးကြီးခွင်ကျယ်လုပ်တယ် ဆိုပြီးတော့ စာရေးသူကို ထင်ကြမှာပါ။ ဒါပေမယ့် ကလေး သင်ယူမှုစတင်တဲ့ အချိန်မှာ ကကြီး၊ ခဂွေးက အရေးမကြီးပါဘူး၊ သင်ယူတဲ့ နည်းစနစ်က အရေးကြီးတာပါ။ အမေရိကန်က လူတစ်ယောက်က သူတောင်းစားတစ်ယောက်ကို ပိုက်ဆံမပေးပဲ သူတတ်ထားတဲ့ ကွန်ပျူတာဆော့ဝဲလ်ရေးတဲ့ ဘာသာရပ်ကို သင်ပေးသတဲ့။ သူ့ကို ဘာလို့လည်းလို့ မေးတော့ သူက “ ခင်ဗျားအနေနဲ့ လူတစ်ယောက်ကို ငါးတစ်ကောင်ပေးမယ့်အစား ငါးဖမ်းနည်းကို သင်ပေး လိုက်ရင် အဲဒီလူ ငါးလိုအပ်တိုင်း ဖမ်းနိုင်ပြီပေါ့” တဲ့။ ဒီလိုပါပဲ သင်ယူတဲ့နေရာမှာ သင်ယူတဲ့ နည်းပညာကို သိသွားရင် တခြား ဘယ်အရာကိုမဆို သင်ယူနိုင်မှာပါ။ အဲဒီနည်းပညာက ကိုယ်ကိုယ်တိုင် လေ့လာသင်ယူမှုလို့ခေါ်တဲ့ self-study လုပ်တဲ့အခါမှာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့် ပြည်တွင်းက ကလေးတွေ self-study လုပ်တဲ့အခါမှာ ထင်သလောက် မပေါက်ရောက်ဘဲ ဖြစ်နေကြတာပါ။ ပြီးတော့ အဲဒီစတင်သင်ယူတဲ့အချိန်မှာ နောက်တစ်ခု အရေးကြီးတာက ပြီးမြောက်အောင် တတ်ဖို့လည်း လွန်စွာအရေးကြီးပါတယ်။ ဒါမှ သူ့အနေနဲ့ ဒီအခြေခံကို ဆင့်ပြီး ထပ်ပွားနိုင်မှာပါ။ အဲဒိအခြေခံက မကောင်းခဲ့ရင်တာ့ ဘယ်အချိန်မှ ပြုတ်ကျမလဲဆိုတာ ရင်တမမနဲ့ ကြည့်နေရတဲ့အတိုင်းပါပဲ။
ဒါကြောင့် ကလေးတစ်ယောက်အတွက် ဒီလိုအရေးကြီးဆုံး အရာတွေကို ပြီးမြောက်ကုန်စင်အောင် သင်နိုင်ဖို့အတွက် အရည်ချင်းပြည့်ဝတဲ့ ဆရာ၊ ဆရာမ တွေလည်း မရှိမဖြစ် လိုအပ်ပါတယ်။ လက်ခုပ်တီး သလိုပါပဲ၊ အသံကျယ်ကျယ်ထွက်ဖို့ အရေးကို လက်နှစ်ဖက်က စည်းချက်မိမိ တီးနိုင်မှ လိုအပ်တဲ့ အသံကို ရမှာဖြစ်ပါတယ်။ ဒါဆို ထပ်တိုးပြီးတော့ စဉ်းစားကြည့်မယ်ဆိုရင် ဒီလို ဆရာ၊ ဆရာမ တွေ မွေးထုတ်ဖို့အတွက် ဘာတွေ လိုအပ်မယ်ထင်လဲ။ ဟုတ်ပြီနော် ပေါ်ပြီနော်။ အခုက တဖန်လည်နေပြီ ဒီဆရာ၊ ဆရာမတွေကို မွေးထုတ်ပေးခဲ့တဲ့ စီနီယာ ဆရာ၊ ဆရာမတွေက အရင်ခေတ်ကောင်းက ကျန်တဲ့ဆရာတချို့နဲ့ (တော်တော်နည်းပါတယ်) တခြား ဆရာ၊ဆရာမတွေက မွေးထုတ်ပေးထားတဲ့ ဆရာတွေပါ။ ဆိုတော့ အခုသူတို့က တဖန်ပြန်လည် မွေးထုတ်သူဖြစ်နေပြီ။ ပြန်စဉ်းစား ကြည့်မယ်ဆိုရင် အဲဒီခေတ်ကောင်းတုန်းက ဆရာတွေက သေချာစွာ စည်းစနစ်ကျကျနဲ့ ကလေးတစ်ယောက်ကို ဘယ်လို တတ်အောင်သင်မလဲဆိုတာ သူတို့အတွက် အထူးကျွမ်းကျင်တဲ့အရာပါ။ ဒါပေမယ့် အခု ဆရာတွေကို မေးကြည့်လိုက်ပါ ကလေးတစ်ယောက်ကို ဘယ်လိုတတ်မြောက်အောင် သင်ပေးရမလဲဆိုတာ၊ မေးကော မေးကြည့်ဖူးကြလား။ ကိုယ့်ကလေးကို သင်မဲ့ဆရာတစ်ယောက်ကို ဒီလိုအကြမ်းမျဉ်း မေးခွန်းလေးတော့ မေးကြည့်သင့်ပါတယ်။ သူတို့မှာ (အများစု) ရေရေရာရာ အဖြေမရှိပါဘူး။ ဒါပေမယ့် ကလေးတွေကို သင်ပေးဖို့ သက်ဆိုင်ရာ လက်မှတ်ရရှိထားတဲ့ ဆရာတွေအနေနဲ့ အဲလိုမျိုးမေးခွန်းကိုမေးခဲ့လျှင် တူညီတဲ့ အဖြေပဲ ဖြေသင့်တယ်လို့ ထင်တယ်။ ဘာလို့လည်းဆိုတော့ သူတို့တွေက မြန်မာပြည်က ကလေးတွေကို သင်ဖို့အတွက် သက်ဆိုင်ရာ ကျောင်းကသင်ထားတဲ့ ကျောင်းထွက်တွေ ဖြစ်လို့ပဲ။ နောက်တချက်က သူတို့ကို ဘယ်လိုသင်ပေးရမလဲဆိုတဲ့ နည်းလမ်း strategy ကို သင်မပေးလိုက်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါကြောင့် သူတို့ သိသလို ဖြေတာလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် သူတို့(အများစု)က လက်မှတ်ရထားသူပီပီ အဲလိုမျိုးမေးခွန်း မေးခံရရင် သူတို့ကို မယုံကြည်ရာ ရောက်သလို ဖြစ်စေတဲ့ အတွက် မေးတဲ့လူကို သိပ်ပြီးမလိုလားကြပါဘူး။ ဒါကြောင့် မိဘတွေအနေနဲ့လည်း မမေးတာ ဖြစ်နိုင်ပါတယ်။ ဆိုတော့ ဘယ်လောက်ဆိုးလဲ ဆိုတာ အမျိုးစားခွဲမယ်ဆိုရင် ဆရာတစ်ယောက်အနေနဲ့ အဲဒီမေးခွန်းကို ရေရေရာရာ မဖြေတတ်ဘူးဆိုရင်တော့ မြန်မာပြည်ပညာရေး ဆိုးနေပြီပေါ့၊ ဒါကို နံပါတ် ၁ အဆိုးလို့ သတ်မှတ်လိုက်မယ်။ အယ်ပြီးတော့ အဲဒီမေးခွန်းကိုပဲ ဘာမှမဖြေပဲနဲ့ မေးတဲ့လူကိုတောင် မလိုလားဘူးဆိုရင်တော့ ပိုပြီးဆိုးပြီပေါ့။ နံပါတ် ၂ ပေါ့။ “အများစု” ဆိုတာထည့်းရေးတာက တခြားကောင်းတဲ့ ဆရာတွေလည်း ရှိသေးတယ် ဆိုတာပါ။ အဲဒီဆရာတွေကိုတော့ အရမ်းကို စိတ်ထဲ လေးစားမိပါတယ်။ စာရေးသူတို့တုန်းကတော့ ဆရာတွေက အရမ်းကောင်းပါတယ်။ ဒါကြောင့်လည်း အခုချိန်ထိ သူတို့ရဲ့ စေတနာတွေကို လေးစားသတိရ အောက်မေ့မိတုန်းပါပဲ။
ပြီးတော့ ဒီလိုမျိုး ကလေးကို သေချာမသင်ပေးနိုင်တဲ့ တနည်းအားဖြင့် ဘယ်လိုသင်ရမလဲ မသိတဲ့ ဆရာတွေထဲကပဲ ဘယ်လိုမျိုးနည်းနဲ့ ကလေးကို သင်ပေးလိုက်ရင်တော့ တတ်မလားမသိဘူးဆိုပြီး ကိုယ်ဟာကိုယ် တီထွင်ကြံဆတဲ့ ဆရာတွေလည်း ရှိပါတယ်။ ဒီဆရာတွေကလည်း လေးစားရမဲ့ အထဲပါပါတယ်။ အင်းပြီးတော့ အဲဒီလိုဆရာတွေရဲ့ စိတ်ဓါတ်က အရမ်းကို ကောင်းပါတယ်။ သို့ပေမယ့် သူတို့ကို ဘယ်သူကမှ ထောက်ပံ့မှု မပြုကြပါဘူး။ ဒါကြောင့် ဒီလိုမျိုးဆရာတွေကို များများထောက်ပံ့နိုင်မှ သူတို့ရဲ့ တီထွင်ကြံဆမှုတွေက ပိုပြီး အကျိုးရှိလာစေမှာပါ။ ပြီးတော့ ဆရာဆိုတာမျိုးက တပည့်တွေကို သူတို့ထက်ပိုပြီးတော်အောင် သင်နိုင်မှ ဆရာကောင်းလို့ ပြောရမှာပါ။ ဘာလို့လည်းဆိုတော့ မြန်မာပြည်မှာက ဆရာတော်တော်များက ကလေးတွေကို လှေခါးပေါ် တင်မပေးပဲ သူကိုယ်တိုင်က လှေခါးပေါ်ထိ လိုက်လာပြီး ကလေးအပေါ်မှာနေတတ်ကြတယ်။ တနည်းပြောရရင် တပည့်တွေဟာ ဆရာတွေထက် ပိုမတော်ခဲ့ရင်၊ လူငယ်တွေဟာ လူကြီးတွေထက် ပိုမတော်ခဲ့ရင် ကမ္ဘာကြီးဟာ တိုးတက်လာစရာ အကြောင်း ရှိကိုမရှိဘူး။ ဒါကို သူတို့အနေနဲ့ လက်ခံနိုင်ရမယ်။
နိဂုံးချုပ်ပြောရရင်တော့ နိုင်ငံတစ်ခုကို ဖန်တီးတဲ့သူတွေဟာ လူကြီးတွေဖြစ်လာမယ့် ကလေးတွေ၊ လူငယ်တွေ ဖြစ်ပါတယ်။ ထပ်ချဲ့ရရင် ဆရာကောင်း၊ သမားကောင်းတွေက မွေးထုတ်ပေးခဲ့တဲ့ လူငယ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလူငယ်တွေ အစပြုခဲ့တဲ့ ပညာသင်ကြားစ အရွယ်ဟာ အရမ်းကို အရေးကြီးပါတယ် ဆိုတာကို စာရေးသူ အနေနဲ့ တစ်ထောင့်တစ်နေရာက ထောက်ပြတာပါ။ စာဖတ်သူတွေကတော့ ပြောမိမယ် ကျွန်တော်တို့၊ ကျွန်မတို့ကတော့ ကိုယ့်သားသမီးကိုယ်တော့ အကောင်းဆုံးဖြစ်စေချင်တာပေါ့၊ ဒါပေမယ့် ပညာရေးစနစ်က ဒီလိုပဲဆိုတော့ ဘယ်တတ်နိုင်မှာလဲပေါ့။
အကြံတစ်ခုပြုကြည့်မယ် လက်ခံမှလုပ်ပါ၊ စာရေးသူတို့ရုံးကို ခဏတာ ရောက်နေတဲ့ ဂျာမန်နိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ မစ္စတာ တစ်ဦးကို စကားပြောရင်း အဲဒီအကြောင်းပြောဖူးတယ်။ သူက ကယ်လီဖိုးနီးယားက Berkeley တက္ကသိုလ်မှာ စီးပွားရေး ဘာသာရပ်ကို သင်ယူခဲ့ပြီး အခုလက်ရှိ ဂျာမန်က Leuphana တက္ကသိုလ်မှာ စီးပွားရေး ပါမောက္ခ အဖြစ်နဲ့ စာသင်ကြားနေတာ ဖြစ်ပါတယ်။ စာရေးသူက သူ့ကိုပြောလိုက်တယ် မြန်မာပြည်က ပညာရေးက မာစတာ ပလန်မရှိဘူးပေါ့၊ မကောင်းဘူးပေါ့၊ ဆိုတော့ သူက ပြန်ပြောတယ်။ “If the education system is not good, try yourself to be good that system.” ဆိုလိုတာက ပညာရေးစနစ်က မကောင်းဘူးဆိုရင် ကိုယ်ဟာကိုယ် ကောင်းအောင်လုပ်ပေါ့။ ဆိုလိုတာက ကိုယ်ဟာကိုယ် လေ့လာပေါ့။ ကိုယ်ဟာကိုယ် ဖန်တီးယူပေါ့။ သူက ဒီလိုပြောသွားတယ်ဗျ။ ကဲဒါကြောင့် ကလေးတစ်ယောက်ရဲ့ ပညာစတင် သင်ယူချိန်ဟာ လွန်စွာအရေးကြီးကြောင်းနဲ့ စာဖတ်သူတွေအနေနဲ့ ကိုယ်တတ်နိုင်သလောက် ကလေးကိုအကောင်းဆုံး ပံ့ပိုးနိုင်ကြပါစေလို့ စာရေးသူဆုတောင်းလိုက်ပါတယ်။ စကားမစပ် အဲဒီပါမောက္ခ တစ်ပါတ်လောက် လာတဲ့အတောအတွင်း စီးပွားရေးအကြောင်း မေးဖြစ်ခဲ့တာ လေးတွေလည်း ရှိပါသေးတယ်။ နောက်တော့ ဆက်တင်ပေးပါဦးမယ်။