Featured, News

ရန်ကုန်တက္ကသိုလ်သို့ Oxford တက္ကသိုလ်မှ ဥပဒေဆိုင်ရာစာအုပ် (၅၀ဝ၀) လှူဒါန်း

ရန်ကုန်တက္ကသိုလ်သို့ Oxford တက္ကသိုလ်မှ ဥပဒေဆိုင်ရာစာအုပ် (၅၀ဝ၀) လှူဒါန်း

British Councilမှ ပေးပို့လာသော Press Releaseကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

ရန်ကုန်တက္ကသိုလ်၊ ဥပဒေဌာနသို့ ဥပဒေဆိုင်ရာစာအုပ်ပေါင်း (၅၀ဝ၀)ကျော်ကို Oxford တက္ကသိုလ် ဥပဒေမဟာဌာနနှင့် Bodleian ဥပဒေစာကြည့်တိုက်တို့က ဧပြီလ၂၄ရက်တွင် လှူဒါန်းလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အဆင့်မြင့်ပညာရေးနှင့် ဆက်စပ်ပတ်သက်မှုကို ၎င်းတက္ကသိုလ်မှ ဦးဆောင်နေပါသည်။

“ကျွန်တော်တို့ တက္ကသိုလ်ကို ဒီလိုလှူဒါန်းတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်”ဟု ရန်ကုန်တက္ကသိုလ်၏ ပါမောက္ခချုပ် ဒေါက်တာအောင်သူမှ ပြောကြားခဲ့ပါသည်။ “Oxfordတက္ကသိုလ်နဲ့ ကျွန်တော်တို့တက္ကသိုလ်တို့ရဲ့ ဆက်ဆံရေးနှင့်ပတ်သက်ပြီး ကျွန်တော်တို့မှာ စိတ်ထက်သန်တက်ကြွနေကြပြီး ယခုထက် ပိုမိုနီးကပ်စွာ ပူးတွဲဆောင်ရွက်နိုင်ရေးကိုလည်း မျှော်လင့်နေကြပါတယ်”ဟု ပါမောက္ခချုပ် ဒေါက်တာအောင်သူမှ ဆက်လက်ပြောကြားခဲ့ပါသည်။

၄င်းလှူဒါန်းမှုသည် အများနှင့်သက်ဆိုင်သော ဥပဒေစာကြည့်တိုက်၏ ဗဟိုချက်အဖြစ်တည်ရှိမှာ ဖြစ်သည့်အပြင် အဓိကအင်္ဂလိပ်စီရင်ထုံးအားလုံး၊ ပြဌာန်းဥပဒေများနှင့် ဥပဒေဂျာနယ်များ ပါရှိပါသည်။ ၄င်းတို့သည် သုတေသနလုပ်ငန်းများနှင့် သင်ကြားရေးတို့ကို အထောက်အကူဖြစ်မှာဖြစ်ပြီး အထူးသဖြင့် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးတက်ရောက်ကြမည့် ဥပဒေကျောင်းသားများအတွက် ပံ့ပိုးမှုဖြစ်စေမည် ဖြစ်ပါသည်။

“ကျွန်မတို့ကျောင်းသားတွေက သူတို့ရဲ့ ဘာသာရပ်လေ့လာမှုကို အထောက်အကူဖြစ်မည့် ဒီအရေးပါလှသော အရင်းအမြစ်တိုးချဲ့မှုကို သဘောကျကြမှာ ဖြစ်ပါတယ်။ ဆရာတွေအနေနဲ့ကလည်း ယခင်ကမရှိခဲ့တဲ့ ကျမ်းကိုးများကို ယခုအခါမှာ တိုက်ရိုက်လက်လှမ်းမီတော့မှာ ဖြစ်ပါတယ်”ဟု ဥပဒေဌာန၏ဌာနမှူး ပါမောက္ခ ဒေါ်ခင်မာရီက ပြောကြားခဲ့ပါတယ်။

“ဤလှူဒါန်းမှုသည် ပြီးခဲ့သော နှစ်များအတွင်းက မြန်မာနိုင်ငံရှိ တက္ကသိုလ်တစ်ခုသို့ လှူဒါန်းခဲ့သော အကြီးမားဆုံးစာအုပ်လှူဒါန်းမှု ဖြစ်သည်သာမက ဒီနိုင်ငံ၏ အဆင့်မြင့်ပညာရေးအပေါ် Oxfordတက္ကသိုလ်၏ အလေးထားမှုကိုလည်း ထင်ရှားစေပါတယ်”ဟု Oxfordတက္ကသိုလ်မှ ဥပဒေကထိကနှင့် ဥပဒေမဟာဌာန၏ မြန်မာနိုင်ငံပဲ့ကိုင်အဖွဲ့ ဥက္ကဋ္ဌဖြစ်သော Andrew McLeodက ပြောကြားခဲ့ပါတယ်။

“ဒီလှူဒါန်းမှုကို Oxfordတက္ကသိုလ်မှ ပညာရှင်များက ယာယီလာရောက်သင်ကြားခြင်းများ၊ သုတေသနလုပ်ငန်းများ ပူးတွဲဆောင်ရွက်ခြင်းတို့ ပါဝင်သော ဥပဒေဌာနနှင့် နှစ်ရှည်ပူးတွဲဆောင်ရွက်ရေး၏ အစဖြစ်ဖို့ ရည်ရွယ်ပါတယ်” ဟု Andrew McLeodက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဤပူးတွဲဆောင်ရွက်ရေးအစီအစဉ်နှင့်ပတ်သက်၍ အားပေးထောက်ခံသောအနေဖြင့် British Council သည် တက္ကသိုလ် (၂)ခုလုံးနှင့် နီးနီးကပ်ကပ်ဆောင်ရွက်နေပါသည်။ ဤပူးတွဲဆောင်ရွက်ရေးအစီအစဉ်သည် မြန်မာနိုင်ငံ၏ ကျယ်ပြန့်သော ပညာရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်၏ ကဏ္ဍတစ်ခုဖြစ်သကဲ့သို့ နိုင်ငံတော်က ရန်ကုန်တက္ကသိုလ်အား ပြန်လည်ရှင်သန်စေလိုသည့် ရည်ရွယ်ချက်နှင့် တစ်သားတည်းကျနေသော တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါသည်။

British Council၏ ပညာရေးနှင့် အနုပညာညွှန်ကြားရေးမှူးဖြစ်သော Susana Galvánက “ဒီလိုရက်ရောပြီးအရေးပါလှတဲ့ လှူဒါန်းမှုအကြောင်းကြားရတဲ့အခါ British Council အနေနဲ့ ဝမ်းသာမိပါတယ်” လို့ ပြောကြားခဲ့ပါသည်။ “ဒါဟာရန်ကုန်တက္ကသိုလ်နှင့် Oxfordတက္ကသိုလ်ကြား ပိုကျယ်ပြန့်ပြီး ကြီးကျယ်သော ပူးတွဲဆောင်ရွက်မှုအစီအစဉ်၏ အပိုင်းတစ်ခုဖြစ်ပါတယ်။ ဥပဒေဘာသာရပ်တစ်ခုတည်းမှာသာမဟုတ်ဘဲ တခြားဘာသာရပ်တွေနဲ့ နယ်ပယ်တွေလည်း ပါဝင်ပါတယ်”ဟု ၎င်းမှ ဆက်လက်ပြောကြားခဲ့ပါတယ်။

Bodleian ဥပဒေစာကြည့်တိုက်မှူး Ruth Bird ပါဝင်သော Oxfordတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် ဥပဒေနှင့်ဆိုင်သောပညာရေးနှင့် ဥပဒေဆိုင်ရာလေ့ကျင့်မှုတို့ကို အားပေးထောက်ခံရန်အတွက် မြန်မာပြည်သို့ မေလ ၅ရက်မှ ၁၄ရက်အတွင်း ရောက်ရှိနေပါသည်။ အဆိုပါလာရောက်မှုသည် ယခုနှစ် မတ်လအတွင်းက Oxfordတက္ကသိုလ်သို့ ရန်ကုန်တက္ကသိုလ်မှ ပညာရှင်များကလေ့လာရေးခရီး သွားရောက်ခဲ့ခြင်းနှင့် ဆက်စပ်လာရောက်ခြင်းဖြစ်ပါသည်။ Ms Birdသည် ရန်ကုန်တက္ကသိုလ်၌ ကျောင်းသားများနှင့် ဝန်ထမ်းများကို မေလ ၇ရက်မှ ၁၂ရက်အထိ ဥပဒေဆိုင်ရာသုတေသနသင်တန်း ပေးနေပါသည်။ ၄င်းအပြင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရှိ စာကြည့်တိုက်များကို အကဲဖြတ်ရန်အတွက် နေပြည်တော်သို့လည်း သွားမည်ဖြစ်ပါသည်။

ဥပဒေဆိုင်ရာစာအုပ်များလှူဒါန်းမှုကို ဖြစ်မြောက်ရန် UK အခြေစိုက် ကူညီမှုအသင်းတစ်ခုဖြစ်သောThe Constitution Trustမှ ပံ့ပိုးပေးခဲ့ပါသည်။ ၄င်းအဖွဲ့အစည်းသည် ဖွံ့ဖြိုးစဒီမိုကရေစီနိုင်ငံများသို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အုပ်ချုပ်မှုရေးရာကို အထောက်အပံ့ဖြစ်စေရန် လိုအပ်သောအရင်းအမြစ်များနှင့် ကျွမ်းကျင်မှုများကို ကူညီပေးလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်းလုပ်ငန်းအချို့ကို စတင်စီစဉ်နေပါသည်။

ဆက်သွယ်ရန်:
Andrew McLeod 

[email protected]
09 2500 43067

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *