News

နည်းပညာတက္ကသိုလ် (သန်လျင်)တွင် ပထမဆုံးအကြိမ် BarCamp ကျင်းပမည်

BarCamp

နည်းပညာတက္ကသိုလ် (သန်လျင်) GTU Thanlyinတွင် ပညာရပ်ဆိုင်ရာ ဟောပြောပွဲ BarCamp TU Thanlyin 2013ကို သြဂုတ်လ ၇ရက်နေ့တွင် ပထမဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ ပွဲဖြစ်မြောက်ရေး ကော်မတီမှ ၃၀.၇.၂၀၁၃ရက်နေ့တွင် ပြောကြားသည်။

အဆိုပါ BarCampသည် ရန်ကုန်ရှိ နည်းပညာတက္ကသိုလ်များတွင် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခြင်း ဖြစ်ပြီး၊ ဟောပြောဆွေးနွေးမည့် ပညာရှင် ၅၀ခန့်ရှိကြောင်း၊ နည်းပညာတက္ကသိုလ် (သန်လျင်)၏ သုံးထပ်ဆောင်ရှိ စာသင်ခန်း ၁၀ခန်းတွင် နံနက် ၈နာရီ မိနစ် ၃၀မှ ညနေ ၃နာရီဝန်းကျင်အထိ တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်ကြောင်း၊ ၎င်း BarChampတွင် အနုပညာ၊ စာပေ၊ ကျန်းမာရေး၊ အင်ဂျင်နီယာဆိုင်ရာ ကဏ္ဍများနှင့် လူငယ်အောင်မြင်မှုဆိုင်ရာ ကဏ္ဍများကို အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်ပါမောက္ခများက ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိ ဒီပွဲမှာ ဟောပြောမယ့်သူတွေထဲမှာ ကိုပြေတီဦး၊ မတင်မိုးလွင်၊ အန်တီဆွေဇင်ထိုက်၊ ဆရာမဂျူး၊ ဆရာအော်ပီကျယ်နှင့် နည်းပညာအပိုင်းက ဦးညီညီလွင်၊ ဒေါက်တာအောင်ရွှေနှင့် တခြားပညာရှင်တွေ ပါဝင်သွားပါမယ်”ဟု BarCamp ဖြစ်မြောက်ရေး ကော်မတီမှ B.tech Mechanical ကျောင်းသားကိုကျော်ဇင်ထက်က ပြောပါသည်။

အဆိုပါ BarCamp ဖြစ်မြောက်ရန် Myanmar Power Spectrum Co., Ltd. နှင့် AGD Bankတို့က အဓိက ကူညီပံ့ပိုးပြီး Chindwin Collage Education၊ ILBC၊ နောင်ရိုးနည်းပညာ ကုမ္ပဏီတို့ကလည်း နည်းပညာပိုင်း၊ လူအင်အားပိုင်း ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်း BarCamp ကျင်းပသည့်နေ့တွင် Sky Net ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့် ပြသမည်ဖြစ်ပြီး၊ ယင်း BarCamp ကျင်းပခြင်းနှင့် စပ်လျဉ်း၍ “အဓိကက ပညာရှင်ကြီးတွေကပဲ တစ်ဖက်သတ် ဆွေးနွေးမှာ မဟုတ်ပဲ ကျောင်းသားတွေကပါ ပြန်လည် ဆွေးနွေးနိုင်တဲ့အတွက် လူငယ်တွေအနေနဲ့ လမ်းပျောက်နေတာကို လမ်းရှာတွေ့လာနိုင်မယ်။ ယုံကြည်မှုလည်း ရလာကြမယ်”ဟု ကိုကျော်ဇင်ထက်က ထပ်မံ ပြောကြားပါသည်။

Ref: ပြည်မြန်မာနေ့စဉ်

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *