News

e-government စနစ် တစ်နှစ်အတွင်း အကောင်အထည်ဖော်ရန် နိုင်ငံတော် သမ္မတတိုက်တွန်း

အာဆီယံပြူတင်းပေါက်စနစ် ကျင့်သုံးရေးအတွက် e-government လုပ်ငန်း အကောင်အထည်ဖော်မှုကို တစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တိုက်တွန်း ပြောကြားလိုက်သည်ဟု သိရသည်။ အဆိုပါ စနစ်အကောင်အထည် ဖော်နိုင်ရန်အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ဦးဆောင်ပြီး ဌာနအားလုံး ပူးပေါင်း ဆောင်ရွက်ကြရန် ပြည်ထောင်စု ဝန်ကြီးများ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများအား လမ်းညွှန်မှာကြားသည့် မိန့်ခွန်းတွင် သမ္မတမှ ပြောကြားခြင်း ဖြစ်သည်။

“ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာကဏ္ဍကို အရင်းအနှီးနဲ့ နည်းပညာများ ရင်းနှီးမြှုပ်နှံပြီး ဦးစားပေး ဆောင်ရွက်ရမှာ ဖြစ်တယ်။ e-government လုပ်ငန်းကို တစ်နှစ်အတွင်း ပြီးစီးအောင် အကောင်အထည် ဖော်ဖို့အတွက် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ဦးဆောင်ပြီး ဌာနအားလုံး ပူးပေါင်း ဆောင်ရွက်ဖို့ လိုတယ်”ဟု တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ e-government လုပ်ငန်းကို တစ်နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် လွယ်ကူနိုင်သော်လည်း ဝန်ကြီးဌာနအားလုံး ပူးပေါင်း အကောင်အထည်ဖော်မှသာလျှင် အမြန်ဆုံး ဆောင်ရွက်နိုင်မည်ဖြစ်ပြီး e-government လုပ်ငန်းစဉ်သည် ဆက်လက် ဖွံ့ဖြိုးရန် အစဉ်တစိုက် လုပ်ဆောင်နေရန် လိုအပ်ကြောင်း၊ အဆိုပါ လုပ်ငန်းများကို အဓိက အကောင်အထည်ဖော် ဆောင်ရွက်နေသူ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် (MCF)မှ ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောကြားသည်။

“e-government လုပ်ငန်းက ခဏလေး လုပ်ရမယ့် လုပ်ငန်းမဟုတ်ပဲ အမြဲတမ်း အစဉ်မပြတ် လုပ်သွားရမယ့် လုပ်ငန်းပေါ့။ နည်းပညာပိုင်းကို အသုံးပြုပြီး နိုင်ငံ ဖွံ့ဖြိုးဖို့အတွက်ကတော့ ဝန်ကြီးဌာနတွေ အားလုံးလည်း ပူးပေါင်း လုပ်ဆောင်မှသာ ရမယ်။ e-government ဖွံ့ဖြိုးရင် ဝန်ကြီးဌာန အချင်းချင်းဖြစ်စေ၊ ပြည်သူနဲ့ ဝန်ကြီးဌာန ဆက်သွယ်ရမယ့် လုပ်ငန်းတွေမှာ ပိုမို တိုးတက်လျင်မြန်လာမှာပါ။ အကောင်အထည် ဖော်ရုံနဲ့ မပြီးပဲ ရေရှည် ဖွံ့ဖြိုးအောင် လုပ်ရမှာပါ”ဟု ပြောသည်။

လက်ရှိတွင် နိုင်ငံတော်အနေဖြင့် နည်းပညာ ဖွံ့ဖြိုး တိုးတက်စေရန် ဦးစားပေး ဆောင်ရွက်နေသည့် ကာလဖြစ်ပြီး၊ e-government လုပ်ငန်း အကောင်အထည်ဖော်နိုင်စေရန် အစိုးရပိုင်းမှ သင်တန်းများ၊ ဆွေးနွေးလေ့လာမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

၂၀၁၂ခုနှစ်အတွင်း အာဆီယံနိုင်ငံများ၌ e-government စနစ်ကို အမှန်တကယ် ကျင့်သုံးနေသည့် နိုင်ငံများစာရင်းတွင် စင်ကာပူနိုင်ငံသည် အဆင့် (၁) နေရာတွင် ရှိနေပြီး၊ မြန်မာနိုင်ငံအနေဖြင့် အဆင့် (၁၀)နေရာတွင် ရှိနေကြောင်း နိုင်ငံတကာမှ စာရင်းပြုစုထားချက်များအရ သိရှိရသည်။ မြန်မာနိုင်ငံတွင် အစိုးရဌာနများ၌ e-government စနစ် ကျင့်သုံးရန် လွန်ခဲ့သည့် လေးငါးနှစ်ခန့် အစိုးရသစ် မတက်မီကပင် ဆောင်ရွက်ခဲ့ကြဖူးသည်။ သို့ရာတွင် နည်းပညာအားနည်းမှုကြောင့်ပဲလား။ ပံ့ပိုးမှုအပိုင်း အားနည်းမှုကြောင့်ပဲလား၊ အစိုးရဌာနများ ကိုယ်တိုင်က တက်တက်ကြွကြွမရှိကြ၍ပဲလား မသိပါ။ ပြည့်ပြည့်ဝဝ အကောင်အထည်မဖော်နိုင်ခဲ့ကြသည့်အတွက် ယခုကဲ့သို့ အာဆီယံအတွင်း အဆင့် ၁၀သို့ ရောက်ရှိခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ သမ္မတကြီးကလည်း လမ်းညွှန်ထားပြီဖြစ်သဖြင့် ဝန်ကြီးဌာနများ ပူးပေါင်း၍ အဆင့် ၁၀မှ တက်လာရန် တက်တက်ကြွကြွ လုပ်ဆောင်ကြရမည် ဖြစ်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *