Health, Opinion

GPမှာ ကွဲခဲ့တဲ့ ကျွန်တော့်အရှက်

GP ဆရာဝန် (General Practicsလုပ်သော ဆရာဝန်၊ တစ်နည်း၊ အထွေထွေ ရောဂါကု ဆရာဝန် )ဘဝကို မြန်မာပြည်၌ ပေါက်ဖွားကြီးပြင်းလာသော ဆရာဝန်များ၏ သုံးပုံနှစ်ပုံခန့် ဖြတ်သန်းဖူးကြသည်။ ဝမ်းစာအတွက် မပူမပင် နေနိုင်သော ဘဝကံကောင်းခဲ့သူအချို့နှင့် စာပေသင်ကြားရေးဘက်ကို ဇောင်းပေး အလေးထားသော သူတစ်ချို့သာ ထိုအတွေ့အကြုံ မရှိကြ။ စာရေးသူ ဒေါက်တာ ပီတိလည်း မြို့လေးတစ်ခုမှာ GP လုပ်ဖူးသည်။ ၆နှစ်တာမျှ အခြေကျပြီးမှ ထို GPလေးကို စွန့်လွှတ်ခဲ့ရပြီး ပြောင်းရွှေ့ခဲ့သည်။ ယခုတော့ ယခင်နှင့် မတူသော GP တစ်ခု။GPဟူသော စကားလုံးကို အထက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ပြီးသကာလ စာဖတ်သူတို့ ကွက်ကွက်ကွင်းကွင်း မြင်အောင် သရုပ်ဖော်ပြရလျှင် လူစည်ကားသော (တစ်နည်း) လက်လုပ်လက်စား လူတန်းစားများသော ရပ်ကွက်ကြီး တစ်ခုရှိ ၁၁ပေ ပတ်လည် ဈေးဆိုင်ခန်းလေးများကို ကနဦး မြင်ယောင်ကြည့်ပါ။ ဆံပင်ညှပ်ဆိုင်၊ ဗီဒီယို အခွေငှားဆိုင်၊ လက်ဖက်ရည်ဆိုင်တို့ပြီးလျှင် ထိုရပ်ကွက်မျိုး၌ မရှိမဖြစ်သော ဆိုင်သည်ကား ဆေးဆိုင်။ ထိုဆေးဆိုင်သည် ဆေးဆိုင်သီးသန့် မဟုတ်ဘဲ ဆေးခန်းနှင့် တွဲနေတတ်သည်လည်း ရှိကြသည်။ တစ်ခါတစ်ရံ ဈေးဆိုင်တန်း၏ လက်ဝဲလက်ယာ တစ်ဖက်တစ်ချက်ဆီ၌ပင် ဆေးဆိုင်နှစ်ဆိုင်၊ ဆေးခန်းနှစ်ခန်းအပြိုင် ဖွင့်ထားသည်ကို တွေ့ရတတ်သည်။ “ဒီရပ်ကွက်က GPကောင်းမှာပဲ”ဟူသော ရည်ရွယ်ချက်ဖြင့် အလုအယက် အပြိုင်အဆိုင် လုပ်ထားသူများလည်း ရှိပါသည်။

ထိုဆေးခန်းကို မြင်ပြီဆိုလျှင် ကြက်ခြေနီ တံဆိပ်တစ်ခုနှင့် ဒေါက်တာ M.B.B.S (Ygn) အထွေထွေရောဂါကု ဆရာဝန် စသည်တို့ကိုပါ မြင်ပြီးသား ဖြစ်မည်။ ပလတ်စတစ်ခုံ လေးငါးခုံချထားပြီး လိုက်ကာအကွယ်တွင် လူနာကုတင် တစ်လုံး ဆေးဗီဒိုတစ်ခုနှင့် လူနာမျှော်နေသော ဆရာဝန် (အထင်မလွဲပါနှင့် မိမိတတ်သည့် ပညာနှင့် ကုသပေးလိုသော ဆန္ဒဖြင့် ဆရာဝန်) တစ်ဦးရှိပေမည်။ တချို့ဆေးခန်းများ ဆိုလျှင်တော့ ပြောင်းပြန်။ ဥပမာ ဒေါက်တာ ပီတိဆေးခန်းဆိုလျှင် ဆရာကို စောင့်နေသော လူများနှင့် ထိုင်ခုံပင်မလောက်။ ဆေးရုံတာဝန်များကြောင့် GPအရောက် နောက်ကျတတ်သဖြင့် လာစောင့်နေသူများတည်း။ (အများစုမှာ ဆရာနှင့် စကားလာပြောသူများတည်း၊ အထင်မကြီးလေနှင့်)။မည်သို့ပင်ဆိုစေ M.B.B.Sချင်း တူပါစေ။ GPမှ ဆရာဝန်နှင့် အထူးကုဆေးခန်းများရှိ Mo ဆရာဝန်များအပေါ် လူနာများ၏ ခင်မင်ရင်းနှီးမှု ကွာခြားသည်။ (ဈေးပေါသော) GP ဆရာဝန်များကို ရိုသေလေးစား ချစ်ခင်စောင့်ရှောက်မှုကို စာရေးသူ ကိုယ်တိုင် ခံစားဖူး၍ ပြောရခြင်း ဖြစ်သည်။ ဈေးကြီးပေးရသော အထူးကုဆေးခန်းများ၌မူ ချောမောလှပသော လုံမပျို ဆရာဝန်များသာ အများစု ကျန်းမာရေး ဝန်ဆောင်မှု ပေးတတ်ကြသလို စာရေးသူတို့ကဲ့သို့လည်း လူနာများနှင့် ဖက်လဲတကင်း ရွှန်းရွှန်းဝေအောင် မဆက်ဆံတတ်ကြ၍ ဖြစ်မည်။ ထိုသို့ ဖက်လဲတကင်း နေမိ၍ ဒုက္ခရောက်ခဲ့ပေါင်းလည်း မနည်းတော့။

တစ်ခုသော ညနေခင်းက ဖြစ်သည်။ ထုံးစံအတိုင်းပင် ဆေးခန်းရှိရာ လမ်းကြားအတွင်းသို့ ဘေးအိတ်ကို လွယ်၍ ထီးခေါက်ကို လမ်းပေါ်ထောက်ရင်း ဒေါက်တာ ပီတိဝင်လာခဲ့မိသည်။ ဆေးခန်းအရှေ့၌ ရပ်ထားသော ဆိုက်ကားနှစ်စီး ၊ သုံးစီးပေါ်၌ လူနာများ ထိုင်စောင့်နေကြသည်ကို တွေ့၍ “ဒီနေ့လည်း ငါ နောက်ကျပြန်ပြီ”ဟူသော အသိဝင်လာပြီး ခြေလှမ်းအကျယ်ကို တိုး၍ လှမ်းရှိန် မြင့်လိုက်သည်။ ဆေးခန်းရောက်တော့ “လာ ဘယ်သူ အရင်ဆုံး ရောက်သလဲ၊ အရင်ဝင်”ဟု ဆိုတော့ ဆေးခန်း၏ အိမ်နောက်ဘက်တွင် နေသော သငေ်္ဘာသားကိုမြင့်က “ဆရာအမေကြီး နေမကောင်းလို့ လာပင့်တာပါ”ဟူ၍ ဆိုသည်။ “ဘာဖြစ်တာလဲ”ဟူ၍ ထောက်လှမ်းမေးမြန်းသောအခါ သာမန် အဖျားတက်ရုံမျှပင်။ အချိန်ကုန်စရာ မလို၍ သူ့အား ခွင့်ပန်ပြီး ဆေးခန်းတွင် ရောက်နေသော အခြားလူနာများကို အရင်ဆေးကုပေးပြီးမှ ကိုမြင့်တို့ အိမ်ဘက်နှစ်ဦးသား ထွက်ခဲ့ကြသည်။

ပွင့်ပွင့်လင်းလင်း ဝန်ခံရမည်ဆိုလျှင် စာရေးသူ၏ ဆေးခန်း ရပ်ကွက်တွင် အိမ်ပင့်လိုက်ကြည့်ရသော လူနာ (၁၈)ဦးတွင် (၇)ဦးမျှက အသည်းအသန်။ ထို့အတူ ဆင်းရဲနွမ်းပါးလွန်း၍ ဆေးဖိုးနှင့် ခြေကြွခဟူသည် မဆိုထားနှင့် ဆိုက်ကားခတောင် အနိုင်နိုင်၊ ထို့ကြောင့် လမ်းလျှောက်သွား လမ်းလျှောက်ပြန်၊ အသက်ကယ်ဆေးထိုး၊ ဆေးရုံလွှတ်၊ ပြီးလျှင် FOCပေါ့။ ထိုသို့သော အချိန်တွင် ကိုမြင့်တို့ အိမ်မျိုးလိုက်ရလျှင် အဆင်ပြေသည်ကို မြင်ရ၍ စိတ်ချမ်းသာရသည်။ “ဆရာလာတယ် အအေးလေး ဖျော်ပါဦးဟေ့”အိမ်ထဲဝင်ကတည်းက ခရီးဦး ကြိုကြသည်။ လူနာရှိရာ အခန်းသို့သွား၊ ကုတင်ဘေးထိုင်ရန်ပြင်တော့ အိမ်အကူညီမလေးက ပလတ်စတစ်ခုံလေး ထိုးပေးသည်။ ထိုင်ချလိုက်တော့ ညပ်ခနဲ ဖြစ်သွားသည်ကို သတိထားမိသည်။ လူနာအား ဆေးထိုးပေး၊ လိုအပ်တာ မှာကြားပြီး အိမ်ရှေ့ပြန်ထွက်လာတော့ ကိုမြင့်က “ဆရာခဏထိုင်ပါဦး” “ဆရာ့ကို ဒံပေါက်နဲ့ ဧည့်ခံချင်လို့ပါ”ဆိုတော့ ငြင်း၍မကောင်း။ စကားစမြည်ပြောရင်း စားလိုက်တော့ ဒံပေါက်တစ်ပွဲ ကုန်ချေပြီ။ အအေးလည်း သောက်ပြီးတော့ ထပြန်မည်အပြု ကိုမြင့်က “ဟဲ့ မိချောတို့ နန္ဒာတို့ လာကြဦး၊ မိန်းမရေ ဆရာပြန်တော့မယ် ဟေ့”ဟူ၍ ခယ်မများရော အမျိုးသမီးပါ ခေါ်ချေတော့ အိမ်အကူညီမလေး နှစ်ဦးပါ အကုန်ထွက်လာပြီး နှုတ်ဆက်ကြသည်။ ထပြီး အိမ်ရှေ့လှည့်အထွက် ကိုမြင့်က နောက်မှ ကပ်လိုက်ပြီး “ဆရာ Sorryပါ ဆရာ၊ Excuse me ဆရာ”ဟု တတွတ်တွတ် ပြောသည်။

အခြားဆရာဝန်များတော့ မသိ။ စာရေးသူ၌ အကျင့်တစ်ခု စည်းမျဉ်းတစ်ခု ရှိသည်။ အိမ်ပင့် Home Visitလိုက်လျှင် ထိုအိမ်၌ “ဘယ်လောက်ကျပါတယ်”ဟု ငွေစကားမပြော။ မေးလျှင်လည်း ဆေးခန်းပြန်ရောက်မှ ပေးပါဟု ပြောမြဲ။ ယခုလည်း ဆရာ့စည်းကမ်းကို သိလျက်နှင့် ကိုမြင့်က “ဒီပိုက်ဆံကိစ္စပဲ မေးနေပြန်ပြီ”ဟု ထင်မိပြီး “ရပါတယ် ကိုမြင့် ဆေးခန်းရောက်မှ ပြောတာပေါ့”ဟု ဆိုလေတော့ “ဆရာ Sorryပါ ဆရာ ဟိုဟာလေ”ဟု ထပ်ပြောပြန်သည်။ ကျွန်တော်က “ရပါတယ်၊ သိတယ် ကိစ္စမရှိပါဘူး။ ဒါပြဿနာ မဟုတ်ဘူး”ဟု ဆိုပြန်တော့ စာရေးသူ၏ နောက်မှ ကပ်၍ ဆေးခန်းအထိ လိုက်လာပြီး ဆေးခန်းထဲဝင်မှ “အမေ့ကို ဒီဆေးတွေ တိုက်လိုက်ပါ၊ ကိုမြင့်တို့က ကျွန်တော့်ကို စေတနာနဲ့ တည်ခင်း ဧည့်ခံလို့ ကျွန်တော်ကလည်း မေတ္တာနဲ့ ခြေကြွခ ဆေးဖိုးဝါးခ မယူတော့ပါဘူး”ဟူ၍ သူမပြောခင်အနိုင်နှင့်ပိုင်း၍ ပြောလိုက်သည်။ ထိုအခါ သူက မကျေနပ်သေး “Sorryပါ ဆရာ ဟိုဟာလေ ကျွန်တော် ပြောရမှာ အားနာလို့”ဟူ၍ ထပ်တောင်းဆိုပြန်တော့ “ငါတော့ နေ့တိုင်း Home Visitသွားရတော့မယ်”ထင်ပြီး “စိတ်မပူပါနဲ့ ကျွန်တော် တစ်ရက်ခြားလောက် ဝင်ကြည့်ပေးပါမယ်”ဟု ပြောလိုက်တော့မှ “မဟုတ်ဘူး ဆရာ၊ ဆရာ့ ပုဆိုးလေး လှည့်ဝတ်လိုက်ပါ။ နောက်မှ လုံချည်က ဟက်တက်ကွဲနေတာ အိမ်က ထွက်ကတည်းက ဆရာက အပြောမခံလို့”။ ဘုရား ဘုရား စမ်းကြည့်တော့မှ ကိုယ့်လက်က ကိုယ့်အသားကို တန်းထိမိ နေပါရောလား။ ခေါင်းနပန်းကြီးသွားချေပြီ။ မိချောတို့ နန္ဒာတို့၊ အိမ်အကူမလေးတို့ ဆိုသည်မှာ ၂၀ကျော် အရွယ်လေးတွေ မြင်သွားကြပြီလား။ “ဟီး….ဟီး”မရှက်သယောင်။ “ကျွန်တော် ပြန်ဦးမယ်” ကိုမြင့်လည်း တက်သုတ်ရိုက်ပြန်ချေပြီ။

“လိုက်ချင်ဦးဟဲ့ Home Visit”

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *