News

အခွန်ကောက်ခံခြင်း နှင့် နိုင်ငံသားမှတ်ပုံတင် ကိစ္စရပ်များကို အီးစနစ်ဖြင့် ဆောင်ရွက်တော့မည်

e-government

တစ်နိုင်ငံလုံးဆိုင်ရာ အခွန်ကောက်ခံခြင်း၊ နိုင်ငံသားမှတ်ပုံတင် ကိစ္စရပ်များကို နည်းပညာအခြေခံသည့် အီလက်ထရောနစ်စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာန ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ပြောကြားသည်။ ယင်းစနစ်များကို ထိရောက်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ၏ e-government ဖံွ့ဖြိုးတိုးတက်စေရန် လိုအပ်ပြီး ကမ္ဘာတွင် e-government စနစ်ကို ထိပ်ဆုံးတွင် ရပ်တည် အသုံးပြုနေသည့် တောင်ကိုရီးယားနိုင်ငံ၏ အတွေ့အကြုံ နည်းပညာများကို စံပြု၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ “အီလက်ထရောနစ် စနစ်နဲ့ အခွန်ကောက်ခံတာမျိုး စတာတွေ အများကြီး လုပ်သွားဖို့ ရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံက e-government စနစ်ကို ဦးဆောင်ပြီး အကောင်အထည်ဖော်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် သူတို့နိုင်ငံကို အတုယူပြီး လေ့လာမှတ်သား ဆောင်ရွက်ရမှာပါ”ဟု ဦးဉာဏ်ထွန်းဦးက ပြောပါသည်။

e-government စနစ်ဖြင့် ပို့ကုန်၊ သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများ၊ e-D form၊ e-visa ကိစ္စရပ်များနှင့် အခြား စီမံကိန်းများကို အချိန်ကုန် သက်သာစေ၍ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ e-government စနစ်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့လည်း ပညာရှင်တွေ ခေါ်ယူဆွေးနွေးနေပါတယ်။ လေ့လာသင်ကြားမှု လုပ်နေတဲ့ အပိုင်းတွေလည်း ရှိပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့အခါမှာ လျင်မြန်စွာ ဆောင်ရွက်နေပါတယ်”ဟု ထပ်မံ ပြောခဲ့ပါသည်။ ယင်းသို့ e-government စနစ်ကို အစိုးရနဲ့ ပူးပေါင်း အကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်တွင်း အိုင်စီတီ ပညာရှင်များ စုပေါင်း၍ e-government ကော်မတီကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကော်မတီမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဦးသောင်းစုငြိမ်းက “ပြည်ထောင်စု အစိုးရအဖွဲ့ကို အကြံပြုချင်တာက အာဏာပိုင် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းပြီး ကိုယ်ပိုင် ပရောဂျက်တွေ၊ ကိုယ်ပိုင် တပ်ဆင်ပြီး Super Departmentဖွဲ့ဖို့ လိုအပ်ပါသည်။ အဲဒီမှာ ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ ပါဝင်သင့်ပါတယ်။

ဥပဒေနဲ့ ပတ်သက်တဲ့ နည်းပညာတွေ ထုတ်ပြန်ပေးဖို့ အရေးတကြီး လိုအပ်ပါတယ်”ဟု အကြံပြုပြောကြားခဲ့ပါသည်။ လက်ရှိတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဝက်ဘ်ဆိုက်များ ရှိစေရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အဆင့်အနေဖြင့် ICT Master Planကိုလည်း ရေးဆွဲလျက်ရှိကြောင်း သိရပါသည်။ ၂၀၁၂ခုနှစ်အတွင်း e-government စနစ်ကို အကောင်အထည်ဖော်နိုင်ဆုံး စာရင်းများအရ တောင်ကိုရီးယားနိုင်ငံသည် နံပါတ်တစ်တွင် ရှိနေပြီး စင်ကာပူနိုင်ငံသည် နံပါတ် ၁၀နေရာတွင် ရှိကာ ဂျပန်နိုင်ငံသည် နံပါတ် ၁၈နေရာတွင် ရှိနေကြောင်း သိရပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *