Health, Opinion

ဖအေတူလား၊ မအေတူလား

“ဆရာရှိလား ဆရာ” “ဆရာရေ တံခါးလေး ဖွင့်ပါဦး လူနာပြချင်လို့ပါ”

ဒီဇင်ဘာလ မနက်ခင်းတစ်ခု၊ ဆောင်းအေးအေးနှင့် ပုဇွန်တုပ်ကွေး ကွေးနေခဲ့မိသည် ထင်သည်။ အိမ်ရှေ့မှ အသံကြား၍ နာရီကို လှမ်းကြည့်မိသည်။ နံနက် ၅နာရီပင် ထိုးလုပြီ။

“ေဩာ် ကိုမြတ်ကောင်း ချမ်းချမ်းစီးစီး မနက်အစောကြီး ပါလား။ အရေးကြီးလူနာ လာပို့တာ ထင်တယ်” စာရေးသူ တာဝန်ယူရသော မြို့နယ်လေး၏ လက်အောက်ရှိ ရွာလေးတစ်ရွာမှ ကျန်းမာရေးမှုး အဆင့်ရှိသူ ကိုမြတ်ကောင်း ဆိုသူသည် ရိုးသား ကြိုးစား၍ တာဝန်သိ သစ္စာရှိသော ကျန်းမာရေး ဝန်ထမ်းကောင်း တစ်ဦး ဖြစ်သည်။

“ရွာက မွေးလူနာပါ သားဦးကို ညကတည်းက ရွာက ဆရာမနဲ့ ကြိုးစားပြီး မွေးနေကြတာ၊ အခုထိ မမွေးနိုင်လို့ မဖြစ်သေးဘူးဆိုပြီး မြို့ကို ခေါ်လာခဲ့တာ။”

“လူနာကို ဆေးရုံမှာ တင်ခဲ့ပြီး၊ လက်ထောက်ဆရာဝန် ဒေါက်တာဝေမိုးက လိုအပ်တာတွေ စမ်းသပ် စစ်ဆေးနေတယ်၊ ဆရာ့ကို သတင်းပို့ရမယ် ဆိုတာနဲ့ ကျွန်တော် ကိုယ်တိုင် လာပြောရတာပါ”

သားဖွားမီးယပ် အထူးကု ဆရာဝန်မရှိသော်လည်း မိမိတို့ ဆရာဝန်ပေါက်စ ဖြစ်စဉ်ကတည်းက သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများထံမှ ဆည်းပူးလေ့လာခဲ့မိ၍ ခက်ခဲသော မီးဖွားမှုမျိုးကိုပင် မိခင်ရော၊ ကလေးပါ အသက် မသေအောင် ကယ်တင် မွေးပေးနိုင်ခဲ့၍ အားကိုးကြခြင်း ဖြစ်သည်။ မိမိလက်အောက် ဆရာဝန်ငယ်များကိုလည်း ဆင့်ပွား ပို့ချထားပြီး ဖြစ်၍ အတော်အသင့် စိတ်ချနေနိုင်ခြင်း ဖြစ်သည်။ လိုအပ်သော ကြည့်ရှု စမ်းသပ်မှုများအပြီးတွင် ရိုးရိုး မွေးနိုင်မည်လော၊ ညှပ်ကူဆွဲ မွေးရမည်လော၊ ခွဲစိတ် မွေးရမည်လော ဆုံးဖြတ်ချက်သည် အရေးကြီးလှသည်။ ထိုနေ့က ထိုသားသည် မိခင်ကို ခွဲစိတ် မွေးပေးလိုက် ရပြီး မိခင်ရော ကလေးပါ ကျန်းမာ၍ ဝမ်းသာကြရသည်။ စာရေးသူလည်း နောက်နေ့ဆိုလျှင်ပင် ရန်ကုန်တက်၍ ဆေးတက္ကသိုလ် ဆရာ ကန်တော့ပွဲကြီး ဖြစ်မြောက်ရေး အစည်းအဝေးပွဲသို့ တက်ရောက်ခဲ့ရသည်။ စာရေးသူတို့ ပြန်ရောက်ချိန်တွင် ထိုသားအမိ ကျန်းမာ၍ မိခင်အား ချုပ်ရိုး ဖြေပြီး ရွာပြန်ခိုင်းလိုက်ပြီ ဖြစ်သဖြင့် စာရေးသူနှင့် မတွေ့လိုက်ရ။ စာရေးသူတို့ အတွေ့အကြုံအရ ထိုသို့ သားအမိ ပေါင်းများစွာနှင့် တွေ့ကြုံဆုံခဲ့ပြီး မိမိ မွေးပေးခဲ့သော သားအမိ “ဘယ်လိုနေ လဲ၊ နေကောင်းကြလား၊ ကလေးရော ကျန်းမာလား၊ နို့ကောင်းကောင်းစို့လား၊ ရှုးရှုး အီးအီး မှန်ရဲ့လား” မေးမြန်းရင်း မိမိ၏ ပညာနှင့် စွမ်းဆောင်နိုင်မှုအတွက် အမြဲ ပီတိဖြစ်ရသည်။

“ဆရာ ကလေးက ဝမ်းသိပ် ချုပ်တာပဲ၊ ရွာမှာလည်း လုပ်ကြည့်တာ နည်းကို စုံနေပြီ မထူးဘူး”အသက် နှစ်လ အရွယ် ကလေးငယ်တစ်ဦးကို မိခင်ဖြစ်သူက လာပြသည်။

“ဆရာ မှတ်မိလား၊ ဆောင်းတွင်း မနက်အစောကြီး Failure to Progressနဲ့ (မမွေးနိုင်လို့) ကိုမြတ်ကောင်း လာပို့တဲ့ လူနာလေ” လက်ထောက်ဆရာဝန်လေး ဝင်ပြောမှ ပြန်သတိရမိသည်။ “ဟုတ်ပြီ၊ ကလေးက ဘယ်နှစ်ရက်နေ့မှ ဝမ်းသွားလို့လဲ၊ ဝမ်းချုပ်လို့ နို့မစို့နိုင်တာ၊ ငိုယိုပြီး ချော့မရတာ၊ ဝမ်းမပါဘဲ သွေးနဲ့ ချွဲနဲ့ ပါတာရော မဖြစ်ဘူးလား” နို့စို့ကလေးငယ် အများစုသည် မွေးပြီး (၄)ပတ်မျှအထိ ဝမ်းတပြစ်ပြစ် သွားတတ်ကြပြီး အသက် တစ်လကျော်လျှင် ထိုသို့ မသွားတော့ခြင်းကို အချို့မိဘတို့က ဝမ်းချုပ်သည်ဟု စိတ်ပူတတ်ကြသည်။ တချို့ဆိုလျှင် တစ်ပတ်ကြာမှ တစ်ခါခန့် သွားသော ကျန်းမာသည့် ကလေးမျိုးလည်း ရှိ၍ မေးရခြင်း ဖြစ်သည်။ စိတ်ပူမိသည်က အသက် အန္တရာယ် ပေးတတ်သည့် Intusseceptionဟုခေါ်သည့် အူစွတ် အူပိတ်ခြင်း၊ ဖြစ်လျှင် ဂျယ်လီကဲ့သို့ ချွဲနှင့် သွေးပါသော ဝမ်း၊ Red Current Jelly Stoolသွားသလားဟု မေးရခြင်း ဖြစ်သည်။

“ဆရာရယ်၊ ကလေးက သိပ်အေးတာ၊ မိဘကို ဒုက္ခ လုံးဝမပေးဘူး၊ နို့ ဆာတာတောင် မငိုဘူး၊ သေးစိုလည်း မအော်ဘူး၊ ညလည်း ကောင်းကောင်းအိပ်တယ်၊ အဲဒီ ဝမ်းချုပ်တာလေး တစ်ချက်ပဲ၊ ဝမ်းက မသွားတာ ရက်(၂၀) ရှိပြီ။ စာရေးသူ ခေါင်းထဲ ဒိန်းကနဲ ဖြစ်သွားပြီ။ Good Baby အေးသော ကလေး၊ ဝမ်းချုပ်နေသော ကလေး၊ ခေါင်းထဲ အတွေးများ တန်းစီ ဝင်လာပြီ။ စဉ်းစားရပြီ၊ ကလေးကို သေချာ မကြည့်မိသေး၍ ကြည့်ရတော့မည်။ နီနွေးကွေးစို့အော် ဟူသော မွေးကင်းစတို့ တတ်အပ်သော ပညာ (၅)ပါး၌ တစ်ပါးပါး ချို့ယွင်းလျှင် ပြဿနာရှိတတ် သည်ဟု စာရးသူတို့၏ ကျေးဇူးရှင် ကလေးအထူးကု ပါမောက္ခ ဆရာကြီးမှ အမြဲ ပို့ချလေ့ ရှိသည်။ သာမန်အားဖြင့် ငိုသော ကလေးနှင့် မငိုသော ကလေး ယှဉ်လျှင် ငိုသော ကလေးကို “လေနာပါသလား ဟဲ့၊ မတင်းတိမ်ဘူးလား ဟဲ့၊ အူခေါက်သလား”အစရှိသဖြင့် စိုးရိမ်ပူပန်သော်ငြား၊ အေး သော ကလေးအား ကျန်းမာသည်ဟု သတ်မှတ် ထားတတ်ကြသည်။ သို့သော် အော်ရမည့် အရွယ် မအော်လျှင်ကား…။
သို့နှင့် ခြေဆုံးခေါင်းဆုံး စမ်းသပ်ရန် ကလေးအား ကြည့်ပြီးသည်နှင့် “ကလေးက အမေနဲ့တော့ မတူဘူး၊ ဖအေတူလား” “ဟုတ်တယ် ဆရာရေ၊ မအေရော၊ ဖအေရော ဘယ်သူနဲ့မှ မတူဘူး” ဒါဆို အမျိုးအဆွေထဲမှာရော သူ့လို မျက်နှာမျိုးနဲ့ ဉာဏ်ရည်မမီတဲ့ သူမျိုး ပါသေးလား”လို့ တစ်ဆက်တည်း မေးမိသည်။ “ပါပါ့ဗျာ၊ သူ့အမေရဲ့မောင် သူ့လေးလေး၊ တစ်ရွာလုံးက ခေါ်တဲ့ ပေါတာကြီးနဲ့ တစ်ရုပ်တည်းဗျာ၊ ကျွန်တော်တို့က အဲဒီကောင်လိုပဲ ပေါချာချာ ဖြစ်မှာ ဆိုးနေတာ” ကလေး၏ အဘိုး ဖြစ်ဟန်တူသူက ဝင်ဖြေသည်။ ကလေးရဲ့ မျက်နှာက ODD (ထူးဆန်း) ဖြစ်နေတယ်။ Skin (အရေပြား)တွေ Coarse & Dry (ကြမ်းတမ်းခြောက်သွေ့) နေတယ်။ Large Protruded Tongueလျှာတစ်လစ်လည်း ရှိနေတယ်။ Good Baby ဖြစ်နေတာက တစ်ကြောင်း၊ Constipationနဲ့ Present လုပ်တာက တစ်ကြောင်းကြောင့် Cangenital Hypathyroidism (မွေးရာပါ သိုက်ရွိုက်ဟော်မုန်း ချို့တဲ့ရောဂါ) ဖြစ်နိုင်တယ်။ တခြား ဆိုးဆိုးရွားရွား ရောဂါတွေဖြစ်တဲ့ Mucopoly Saccharidosisဟာမျိုးလည်း ဖြစ်နိုင်ပေမယ့် အဲဒီကလေးတွေမှာလို Organomegaly (အသည်းကြီး၊ ဘေလုံးကြီး) တာမျိုးတော့ သူ့မှာ မရှိဘူး။ လက်ထောက် ဆရာဝန်လေးများအား မိမိ သင်ကြား မှတ်သားခဲ့ဖူးသမျှကို ဖောက်သည် ချရသည်။

မိမိ ရန်ကုန်တွင် တာဝန်ထမ်းစဉ်က တွေ့ကြုံခဲ့ဖူးသော အဖြစ်အပျက် တစ်ခုနှင့် တစ်ထည်ရာတည်း ဖြစ်နေ၍လည်း ဖြစ်သည်။ Diagnosis အတိအကျ ရဖို့ကတော့ ရန်ကုန်မှာ ဟော်မုန်းပမာဏ Serum T3 T4 နဲ့ TSHတွေ ဖောက်ခိုင်းရမှာ၊ အခုတော့ တို့ဆီမှာ Xray(ဓာတ်မှန်)ရိုက်လို့ရတော့ Left Knee X rayရိုက်ကြည့်ရအောင် ဆရာရာ၊ Cong: Hypathyroidismမှာ Delayed Ossificationဖြစ်တတ်တာ၊ X rayမှာ အထင်အရှား မြင်ရတယ်။ သူ့ရဲ့ Neuro Developmentအတွက်၊ Thyroxine (Ltroxin)၊ တတ်နိုင်သမျှ စောစောပေးထားမှ Mental Reiasdationဉာဏ်ရည် မမီခြင်း (တစ်နည်း)Learning Disabilityမဖြစ်မှာ။ ထိုကလေးသည် အဆိုးထဲမှ ကံကောင်းသည်ဟုပင် ပြောရ မလားမသိ။ ထိုရက်က ရန်ကုန်သို့ နေ့ချင်းပြန်သွား သော လူကြုံရှိ၍ ဆေးမပေးမီ လိုသော ဓာတ်ခွဲစမ်းသပ်မှုအတွက် စီစဉ် ပေးထား နိုင်ခဲ့သည်။ ဓာတ်မှန်အဖြေရော၊ သွေး အဖြေပါ ထင်ထားသည့် အတိုင်း ကွက်တိထွက်သဖြင့် လိုအပ်သော ဟော်မုန်းဓာတ် ဖြည့်မှု ပေးနိုင်ခဲ့သည်။ ထိုကလေးအား လစဉ် (၃)လစဉ်၊ (၆)လစဉ် ခေါ်၍ ကြည့်ရပေဦးမည်၊ ဆေးပညာ သုတေသန စာတမ်းများအရ ဟော်မုန်းဓာတ်ကို တတ်နိုင် သမျှ စောစော (အသက် (၃) ပတ် မတိုင်မီ)ပေးနိုင်မှသာ ဦးနှောက် ဖံွ့ဖြိုးမှု ရပ်တန့် သွားခြင်းကို အပြည့်အဝ ကာကွယ်နိုင်မည်ဟု သိရပါသည်။

“ဆရာ ကျွန်တော်တို့အတွက် တော့ ဒီ Caseဟာ 1st Expesienceပဲ မြန်မာပြည်မှာ ပေါလား ဟင်”ပြောသမျှကိုသာ နားထောင်၍ ပြန်မမေးတတ်သော လက်ထောက် ဆရာဝန်လေး ဇော်ဝင်းနိုင်ကပင် မေးလာသည်။ “အေး၊ ပြောရရင် Incidence (ဖြစ်နှုန်း)ကတော့ ၄၀၀၀မှာ ၁ယောက်ဆိုတော့ မရှားဘူး ပေါ့။ ဒါပေမယ့် ဒါကို ရောဂါ မှန်းမသိဘဲ ဒီလိုပဲ ဖအေနဲ့ လည်းမတူ မအေနဲ့လည်း မတူတဲ့ လူအေးလေး အမှတ်နဲ့ ဒီအတိုင်း ထားပြီးမှ စာသင်လို့ မရ၊ ဉာဏ်ရည် မမီတော့လည်း ဝဋ်နာ၊ ကံနာ ဆိုပြီး ထားကြတဲ့ ဓလေ့ရှိတော့ တို့နိုင်ငံမှာက (Health Seeking Practice မရှိကြတော့) ရှားသလို ဖြစ်နေတာပေါ့” “ဒါဆို မရှိတာ မဟုတ်ဘူး၊ မသိကြတာပေါ့ နော်”

“ဟုတ်တယ်၊ ဒီရောဂါကို ကမ္ဘာမှာ အချို့နိုင်ငံတွေက လက္ခဏာ မပြခင်ကတည်းက Screenလုပ်ကြတယ်။ စောစောသိရင် ဉာဏ်မမီတဲ့ ကလေး မဖြစ်တော့ဘူးပေါ့။ သူ့ကို Preventable Severe Learning Disabilityလို့ သတ်မှတ်ထားကြတယ်” “ဖြစ်ရတဲ့ အကြောင်းက သိုင်းရွိုက်ဂလင်း Thyroid Glandဖံွ့ဖြိုးဖြစ်ထွန်းမှု လမ်းကြောင်းမှာ အလွဲအမှား ဖြစ်ခြင်း၊ ဂလင်း လုံးဝဖြစ်ထွန်း မလာခြင်း၊ အရည်အချင်း မမှီ သော ဂလင်းဖြစ်လာခြင်း၊ သိုင်းရွိုက်ဟော်မုန်းဖြစ်ထွန်းမှု အဆင့်များတွင် ချို့ယွင်းချက်ရှိ ခြင်း၊ အိုင်အိုဒင်း ချို့တဲ့ခြင်း၊ သိုင်းရွိုက်ဂလင်း လှုံ့ဆော် ဟော်မုန်း၊ စေ့ဆော် ဟော်မုန်း များ၊ အားနည်း ချို့တဲ့ခြင်းတို့ကြောင့် ဖြစ်ရတယ်” “ရောဂါဖြစ်တဲ့ ကလေးတွေဟာ စောစောက ပြောခဲ့တဲ့ လူအေး ရုပ်ဆိုးလေး ဖြစ်တဲ့အပြင် မဖံွ့ဖြိုး မကြီးထွားဘဲ ကျေွးရခက်ခြင်း၊ မွေးကင်းစ ဘဝတွင် ရက်ရှည်၊ အသားဝါခြင်း၊ ဝမ်းချုပ်ခြင်း၊ ချက်စူခြင်း အစရှိတဲ့ လက္ခဏာများ ရှိနိုင်တယ်။ အမေမှာလည်း သိုင်းရွိုက်ရောဂါ (နည်းခြင်း၊ များခြင်း)ရှိမရှိ စွဲသောက်သော ဆေးများ ရှိမရှိ မေးကြည့်ကြရမယ်” “ရောဂါရှိကြောင်း သိပြီဆိုတာနဲ့ အသက် (၃)ပတ် မပြည့်ခင်မှာ ကတည်းက ဆေးစပေးနိုင်ရင် အကောင်းဆုံး ဖြစ်တယ်”

“ဆရာ ဆေးက ဘယ်လောက်အထိ တိုက်ရမှာ လဲ” ပြန်ကောင်း သွားတာမျိုး ရော ရှိရဲ့လား” ဆေးကတော့ တစ်သက်လုံးပဲ တိုက်ရမှာ၊ မွေးရာပါ သေချာရင်တော့ ဆေးစောစော တိုက်ခဲ့ရင် လူကောင်းပကတိ ဖြစ်မယ်၊ ဆေးတော့ ပြတ်လို့ မရဘူး” “တို့ဆီမှာက Hyperthyriodssက (ဟော်မုန်းလွန်ကဲသူ)တွေကို လူသိ ပိုများကြတယ်။ Hypoဖြစ်တာ သိပ်မသိကြဘူး။ မရှားဘူး ပေါတယ်ဆိုတော့၊ နိုင်ငံရဲ့ အနာဂတ်အတွက် အရေးကြီးတာ၊ ဒါကြောင့် ဘယ်နေရာ ဘယ်လူမျိုးမဆို ဒီလို ရုပ်မျိုးလေးတွေ တွေ့ပြီ ဆိုတာနဲ့ တတ်ကျွမ်းသူဆီ အမြန်ပို့ပေးကြပါလို့…။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *