News

ကမ္ဘာ့ဖလားတွင် ရေဘဝဲလေး ပေါလ်ကို ဆက်ခံမည့် ကုလားအုတ်လေး ရှာဟင်း

ကမ္ဘာ့ဖလားတွင် ရေဘဝဲလေး ပေါလ်ကို ဆက်ခံမည့် ကုလားအုတ်လေး ရှာဟင်း

(၂၀၁၀)ပြည့်နှစ် ကမ္ဘာ့ဖလားဖလား ပြိုင်ပွဲတွင် ဘောလုံးပွဲ ရလဒ်များ ကြိုတင်ခန့်မှန်းသည့် ရေဘဝဲလေး ပေါလ်၏ နေရာကို ဆက်ခံမည့်သူအဖြစ် ကုလားအုတ်လေး ရှာဟင်းက တစ်စထက်တစ်စ ထင်ရှားလာခဲ့သည်။

ဒူဘိုင်းမြို့ရှိ သဲကန္တာရထဲတွင် မွေးမြူထားသည့် ကုလားအုတ်လေးမှာ ပေါလ်ကဲ့သို့ပင် ကမ္ဘာ့ဖလားဖလား ပွဲစဉ်များကို ရလဒ်မှန်ကန်စွာ ခန့်မှန်းပေးနေသူ ဖြစ်သည်။ ပေါလ်သည် တိရစ္ဆာန် ပုရောဟိတ်လေးအဖြစ် တင်စားခံရဖူးပြီး (၂၀၁၀)ပြည့်နှစ် ကမ္ဘာ့ဖလားဖလား၌ ဂျာမနီ ကစားသည့် (၇)ပွဲစလုံး အနိုင်အရှုံးရလဒ် မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။

ပေါလ်သည် (၂၀၁၀)ပြည့်နှစ်၊ အောက်တိုဘာလက သေဆုံးခဲ့ပြီဖြစ်ပြီး ယခုအခါ ရှာဟင်းက (၂၀၁၄)ခုနှစ် ကမ္ဘာ့ဖလားပွဲစဉ်များကို ပေါလ်ကဲ့သို့ပင် ခန့်မှန်းပေးလျှက် ရှိသည်။

ရှာဟင်း၏ အနိုင်အရှုံး ရွေးချယ်ပုံမှာ အလွန်ရိုးရှင်းပြီး ထိပ်တိုက်ရင်ဆိုင် ကစားမည့် အသင်းနှစ်သင်း၏ ကိုယ်စားပြု အလံများကို ချထားပေးသည့်အခါ အနိုင်ရမည့် အသင်း၏ အလံကို ပါးစပ်ဖြင့် ကိုက်ဆွဲယူလိုက်ခြင်း ဖြစ်သည်။

ရှာဟင်းသည် ကမ္ဘာ့ဖလား ပြိုင်ပွဲများ မစတင်မီ ကတည်းက နာမည်ကြီး အသင်းအချို့၏ ပွဲစဉ်(၅)ပွဲကို ရွေးချယ်ပေးထားရာ ကစားပြီးသည့် (၄)ပွဲစလုံး မှန်ကန်နေသည်ကို တွေ့ရသည်။

ဘရာဇီးနှင့် ခရိုအေးရှားတို့ ပွဲစဉ်တွင် ဘရာဇီးကိုလည်းကောင်း၊ စပိန်နှင့် နယ်သာလန်ပွဲတွင် နယ်သာလန်ကိုလည်းကောင်း၊ အီတလီနှင့် အင်္ဂလန်ပွဲတွင် အီတလီကိုလည်းကောင်း၊ အာဂျင်တီးနားနှင့် ဘော့စ်နီးယား ဟာဇီဂိုးဗီးနားတို့ ပွဲစဉ်တွင် အာဂျင်တီးနားကိုလည်းကောင်း ရှာဟင်းက ရွေးချယ်ပေးထားပြီး ဂျာမနီနှင့် ပေါ်တူဂီတို့ ရင်ဆိုင်ရာတွင်မူ ပေါ်တူဂီက အလေးသာမည်ဟု ကြိုတင်ခန့်မှန်းထားသည်။ အကယ်၍ ယင်းရလဒ်သာ မှန်ကန်ခဲ့ပါက ရှာဟင်းသည် ပေါလ်ကဲ့သို့ပင် ကမ္ဘာ့ဖလား၏ တိရစ္ဆာန် ပုရောဟိတ်လေး ဖြစ်လာဖွယ် ရှိနေသည်။

ပေါလ်၏ အောင်မြင်မှုကြောင့် ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပင်လယ်လိပ်ကြီး ဘစ်ဂ်ဟတ်ဒ်၊ သားပိုက်ကောင်လေး ဖလော့ပ်စီ၊ တရုတ်နိုင်ငံမှ ပန်ဒါဝက်ဝံလေး တစ်ကောင်၊ ဆင်ကလေး နယ်လီနှင့် ခွေးကလေး ရူးတို့သည်လည်း ဘောလုံးပွဲ ခန့်မှန်းမည့် တိရစ္ဆာန်လေးများအဖြစ် ညွှန်းဆိုခံခဲ့ရဖူးသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *