News

UMFCCI အမှုဆောင်သစ် ရွေးချယ်ပွဲ တရားမျှတမှု မရှိကြောင်း ပြောကြားမှုများ ရှိနေ

UMFCCI

၂၀၁၃ခုနှစ်၊ ဇွန်လ ၁၅ရက်နေ့ (စနေနေ့) နံနက် ၈နာရီမှာ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်၊ မင်းရဲကျော်စွာလမ်း၊ အမှတ် ၂၉ရှိ UMFCCI အသင်းချုပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ ၂၀၁၃-၂၀၁၆ခုနှစ်အတွက် အမှုဆောင်သစ် ရွေးချယ်ပွဲနှင့် ပတ်သက်၍ ဝေဖန်မှုအမျိုးမျိုး ပေါ်ထွက်လျက်ရှိကြောင်း သိရပါသည်။

အဆိုပါ အမှုဆောင်သစ် ရွေးချယ်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ အသင်းသား ၂၀၀၀၀ကျော် ရှိသည့်အနက် ၅၀၀ဝန်းကျင်သာ ဆန္ဒမဲ ပေးကြသဖြင့် ဆန္ဒမဲပေးသူ ၂၅ရာခိုင်နှုန်းသာ ရှိကြောင်း၊ ရွေးချယ်ပွဲနှင့် ပတ်သက်၍ အသင်းချုပ်၏ စည်းမျဉ်းအရ ၂၁ရက် ကြိုတင် အကြောင်းကြားမှုလည်း မရှိကြောင်း၊ ဇွန်လ ၉ရက်နေ့ သတင်း ထုတ်ပြန်ချက်အရ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များ နှုတ်ထွက်မည်ဟု ဆိုသော်လည်း ယခု ရွေးကောက်ပွဲတွင် ၉၀% ပြန်လည် အရွေးချယ်ခံရကြောင်း၊ ကျန်သည့် ၁၀%မှာလည်း ၎င်းတို့၏ ကုမ္ပဏီများမှ ဆွေမျိုးတော်စပ်သူများ၊ ဒါရိုက်တာများ၊ ဝန်ထမ်းများကို ဝင်ရောက်ယှဉ်ပြိုင်စေကြောင်း သိရပါသည်။

ထိုကဲ့သို့ ဝေဖန် သုံးသပ်မှုများကြားမှ ဇောတိက အပြည်ပြည်ဆိုင်ရာ လီမိတက်မှ ဦးခင်လှိုင် (ဇောတိက)က ကုန်သည်/စက်မှု အသင်းချုပ်၏ အမှုဆောင် ရွေးချယ်ပွဲနှင့် ပတ်သက်၍ တရားမျှတမှုနှင့် မှန်ကန်မှု မရှိ၍ နိုင်ငံတော် တာဝန်ရှိသူများထံ PDF ဖိုင်ဖြင့် ပူးတွဲ တင်ပြထားကြောင်း၊ ၎င်း၏ သဘောထားနှင့် ရပ်တည်ချက်များအား အကြံပြုလိုသူများ (သို့မဟုတ်) ပူးပေါင်း ဆောင်ရွက်လိုသူများသည် ၎င်း၏ မေးလ် (သို့မဟုတ်) ဖုန်းသို့ ဇူလိုင်လ ၁၁ရက် မတိုင်မီ ဆက်သွယ် ဆောင်ရွက်ကြရန် ကုန်သည်/စက်မှု အသင်းချုပ် အသင်းသားများထံသို့ ဇူလိုင်လ ၈ရက်နေ့စွဲဖြင့် နှိုးဆော်စာ မေးလ်ပို့ပေးခဲ့ပါသည်။

ဦးခင်လှိုင် (ဇောတိက)၏ နှိုးဆော်စာတွင် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် အသင်းချုပ်သည် အလွန်ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားပြီး နှစ်ပေါင်းကြာရှည်စွာ ရပ်တည်နေသော အသင်းဖြစ်ကြောင်း၊ အသင်းချုပ်တွင် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြသော ဥက္ကဋ္ဌနှင့် အမှုဆောင်များ၏ အရည်အချင်းနှင့် ဆောင်ရွက်ချက်များ၊ ရွေးချယ်ပုံ သမိုင်းနောက်ကြောင်း ပြန်မလှည့်လိုသောကြောင့် မဝေဖန်လိုတော့ကြောင်း၊ သို့သော်လည်း ယနေ့ အချိန်ကာလသည် မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲလိုသော သမ္မတကြီးနှင့် အုပ်ချုပ်ရေး၊ စီးပွားရေးဆိုင်ရာ ဝန်ကြီးများ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ပြင်ပ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္႑ အသီးသီးတို့တွင် ဦးဆောင်နေသော ပုဂ္ဂိုလ်များသည် နေ့မအား ညမအား ကြိုးစားဆောင်ရွက်နေသော အချိန်ကာလဖြစ်ကြောင်း၊ ဖြစ်ပြီးခဲ့သော အကြောင်းအရာများကို သင်ခန်းစာယူ၍ ယခု ECရွေးချယ်ပွဲအား မှန်ကန်မှု၊ တရားမျှတမှုနှင့် ကုန်သည်စက်မှု အသင်းချုပ်၏ ရည်ရွယ်ချက် အောင်မြင်နိုင်ရေးအတွက် အပြုသဘောဆောင်သော ဝေဖန်အကြံပြုချက်များ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့အပြင် ရွေးချယ် တင်မြှောက်ပွဲ ကျင်းပရာတွင် ပွင့်လင်း မြင်သာပြီး စနစ်တကျ ရှိစေရန်အတွက် အကြံပြုချက်များကို ဖော်ပြထားပြီး ယခုပြီးခဲ့သော အလုပ်အမှုဆောင် ရွေးချယ်ပွဲသည် ရွေးချယ်ပုံစနစ် မမှန်ကန်ခြင်း၊ တရားမျှတမှု မရှိခြင်းအား နိုင်ငံတော်မှ တာဝန်ရှိသူများသည် မကြာမီ ကျင်းပမည့် အသင်းချုပ် ညီလာခံ မတိုင်မီ စစ်ဆေး ဆောင်ရွက်ပေးရန် ဖော်ပြထားပါသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်မှ စစ်ဆေး ဆောင်ရွက်ခြင်း၊ ကြေညာချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိဘဲ အသင်းချုပ် ညီလာခံအား ကျင်းပခဲ့ပါက ၎င်းညီလာခံအား ပြင်းထန်စွာ ဆန့်ကျင်မည် ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်ဟု ဖော်ပြထားပါသည်။

ဦးခင်လှိုင် (ဇောတိက)၏ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ အလုပ်အမှုဆောင်အသစ် ရွေးချယ်ပွဲအား ပြန်လည်စိစစ်ပေးရန် တင်ပြသည့် ကိစ္စနှင့် ပတ်သက်၍ အသေးစိတ်ကို ပူးတွဲပါ PDFဖိုင်တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ UMFCCI ရုံးချုပ်မှ သတင်းဌာနသို့ ဆက်သွယ် မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲသတင်းနှင့် ညီလာခံ သတင်းများကိုသာ ထုတ်ပြန်ပေးခြင်း ဖြစ်ပြီး၊ ဦးခင်လှိုင် (ဇောတိက)မှ တင်ပြသည့် ကိစ္စနှင့် ပတ်သက်၍ မသိရှိကြောင်း ပြန်ကြားခဲ့ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *