Opinion

ပြောပြန်ရင်လည်း ဘအေး လွန်ရာ ကျမယ်

စန္ဒာ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားတဲ့ “နှစ်မွှာအသည်း”ဇာတ်ကားထဲမှာ ဒေါ်မြလေး ပြောသလို မပြောတော့ဘူး…. မပြောတော့ဘူး…. ပြောကို မပြောချင်တော့ဘူး လို့ပဲ ဆိုရမလား။ သဘင် ပညာရှင်ကြီး ဝဏ္ဏကျော်ထင် ဦးစိန်အောင်မင်းလိုပဲ “ပြောပြန်ရင်လည်း အောင်မင်း လွန်ရာ ကျမယ်”လို့ပဲ ဟစ်လိုက်ရမလား။ ပြောပေါင်းများလို့ ရိုးနေပါပြီ ဆိုသလိုပဲ ဖြစ်နေတာလား။ မပြောမပြီး မတီးမမည်လို့ ဆိုထားတာမို့ ကိုဘအေး တစ်ယောက် ပြောရဦးတော့မယ်တဲ့ ပြောရဦးတော့မယ်။ အပ်ကြောင်းထပ်နေပြီမို့လို့ နားကြားပြင်းတော့ ကပ်မလား မသိဘူး။

ကိုဘအေးတို့က ဒီဘဝမှာ ထီမပေါက်တော့ရင် ကားဝယ်မစီးနိုင်တော့တဲ့ လူတန်းစားတွေမို့လို့ အလုပ်သွား အလုပ်ပြန်နဲ့ တခြား ကိစ္စ ဝိစ္စတွေ ရှိတဲ့အခါ ခရီးသည်တင် မော်တော်ယာဉ်တွေဖြစ်တဲ့ အနှီ ဘတ်စကားတွေ ကိုပဲ အားကိုးတကြီး စီးနေရပါတယ်။ စပယ်ယာတွေရဲ့ အဟောက်ခံ၊ အဆိုအပြောခံ၊ အထွန်းအထိုးခံပြီ သွားလာနေရပါတယ်။ ကိုဘအေးတို့က ငယ်ရွယ်တဲ့ သူတွေလို မဖျပ်လတ်တော့တဲ့အတွက် မှတ်တိုင်က ထွက်လာတဲ့ ကားကို တားပြီး မတက်ရဲသလို မှတ်တိုင်မှာ လေးဘီးစလုံး မရပ်သေးဘဲနဲ့လည်း ကားပေါ်က မဆင်းရဲဘူး။ နောက်ကားပါလာ တယ်။ ရှေ့ကားအမီလိုက်ရမယ်ဆိုပြီး စပယ်ယာက ဆရာရေ တစ်ယောက်တည်း နှစ်ယောက်တည်းဆိုရင် မှတ်တိုင်မှာ သေချာ ရပ်မပေးချင်ဘူး။ ရှင်းရှင်းပြောရရင် ကားအရှိန် မသေသေးဘဲနဲ့ ဆင်းတာ တက်တာ မလုပ်ချင်ဘူး။

ကိုဘအေး တညင် (သန်လျင်)မှာ နေတုန်းက ကြုံဖူးတယ်။ သန်လျင် ဈေးကြီးက ထွက်လာတဲ့ ပါရမီ ဘတ်စ်ကားပေါ်ကနေ နောက်တစ်မှတ်တိုင် မရောက်ခင် ကုလားကြီး တစ်ယောက် ခုန်ဆင်းလိုက်တာ၊ စပယ်ယာလည်း လှမ်းဆွဲလိုက်သေးတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ပြီး ကားအောက် ဝင်သွားတယ် မသိဘူး။ နောက်ဘီးနှစ်ဘီးကြားမှာ ညပ်ပြီး ဆယ့်ငါးပေလောက် တရွတ်ဆွဲ ပါလာတယ်။ ကိုဘအေးလည်း ကားရပ်တော့ အောက် ဆင်းကြည့်မိတာ ဘီးနှစ်ဘီးကြားညှပ်ပြီး ကော့ကော့ကြီး ဖြစ်နေတဲ့ ကုလားကြီးပုံကို အခုထက်ထိ မြင်ယောင်နေမိသေးတယ်။ စပယ်ယာကတော့ ဒရိုင်ဘာကို ခင်ဗျား ဒိုးပေတော့ဆိုပြီး ပြောလိုက်တယ်။ တကယ်တော့ ဒီကိစ္စမှာ ဒရိုင်ဘာရဲ့ အပြစ်မဟုတ်ပါ။ ဒါပေမယ့် လောလောဆယ် သူက အဆွဲခံရမှာလေ။ ကိုဘအေးကလည်း အဲဒါကြီး မြင်ယောင်ပြီး ဘတ်စ်ကားစီးရင် အတက်အဆင်းကို အမြဲသတိထားတော့တယ်။ ကားကြပ် တာ ချောင်တာတွေတော့ မပြောတော့ပါဘူး။ ရုံးတက်ချိန် ရုံးဆင်းချိန်၊ ဈေးသွားချိန် ဈေးပြန်ချိန်တွေကတော့ ကြပ်တာ ဓမ္မတာပါ။ ကိုဘအေးအဖို့ ရုံးသွား ရုံးပြန်မှာ ကားသိပ်ကြပ်တာမျိုးတော့ မကြုံဖူးပါ။ တစ်ခါတစ်လေလောက်တော့ ရှိပါတယ်။ ကားသိပ်ကြပ်လာရင်လည်း မစီးပါ။

ကိုဘအေးက ရုံးနဲ့ အိမ်က ဤခရီး မဝေးပါလို့ ပြောလို့ ရမှာပါ။ ဒါပေမယ့် ဘတ်စ်ကား နှစ်ဆင့် စီးရပါတယ်။ အိမ်ကနေ ကားမှတ်တိုင်အထိ ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရပြီး သုံးမှတ်တိုင် ကားစီးရပါတယ်။ အဲဒီကနေ Transitလုပ်ပြီး တစ်မှတ်တိုင် ကားထပ်စီးရပါတယ်။ ကားလမ်း မပိတ်ဘူးဆိုရင် မိနစ် နှစ်ဆယ်လောက်နဲ့ ရုံးရောက်ပါတယ်။ ဒါပေမယ့် …ဒါပေမယ့် ဆိုတာတွေက ကိုဘအေးတို့အတွက် ဘယ်နှစ်ခါလောက် ရှိနေမလဲ၊ ပြောနေရမလဲ မသိဘူးနော်။

ရန်ကုန်မြို့မှာ နေရာတကာ ကားပိတ်တာတွေ တွေ့နေရပါတယ်။ ကြုံနေရပါတယ်။ အရှေ့ကနေ အနောက်သွားသွား အနောက်ကနေ အရှေ့သွား သွား၊ တောင်ကနေ မြောက်ကိုလာလာ၊ မြောက်ကနေ တောင်ကိုလာလာ၊ မြို့ထဲမှာရော မြို့ပြင်မှာရော။ လူတွေဟာ တစ်နေ့တစ်နေ့ ကားပေါ်မှာပဲ အချိန်ကုန်နေကြရပါတယ်။ ခရီးဝေးရင် အလုပ်ချိန်မီဖို့အတွက် ကားပိတ်ရင်ကြာမယ့် အချိန်ကိုပါ ထည့်တွက်ပြီး မိုးမလင်းခင်ကပဲ အိမ်က ထွက်ကြ ရမလို ဖြစ်နေပါတယ်။ အခုလို ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတာဟာ ခြုံပြီး ပြောရရင်တော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာ မှုတွေကြောင့်လို့ပဲ ပြောရမလား။ ရန်ကုန်မြို့ရဲ့ လက်ရှိလမ်းတွေရဲ့ အခြေအနေကြောင့်လို့လည်း ပြောရမလား။ ကိုဘအေးက ရုံးလာရင် တံတား တစ်ခုနဲ့ မီးပွိုင့်တစ်ခု ဖြတ်ရပါတယ်။ တံတားက နှစ်လမ်းသွားဆိုတော့ သာကေတ၊ ဒေါပုံကနေ တာမွေ၊ သင်္ဃန်းကျွန်းနဲ့ သုဝဏ္ဏဘက် သွား မယ့် ကားတွေ တံတားအဝင်မှာ စုပြုံနေတာပေါ့။ သုဝဏ္ဏဘက်အဆင်းမှာလည်း မီးပွိုင့်ရှိနေတော့ မီးပွိုင့်မိနေရင် ကားတွေ ပိတ်နေတာ ကားတန်း ရှည်ကြီးက ရွေှပုဇွန်ရှေ့အထိ ရောက်ပါတယ်။ ကားတွေကလည်း နှစ်ထပ်သုံးထပ် ဖြစ်နေပါတယ်။

အဲဒီမှာ လူလည်ကျချင်တဲ့ ကားတွေကတော့ တစ်ဖက် ယာဉ်ကြောကို ပြောင်းပြန်မောင်းပြီး တန်းစီနေတဲ့ ကားတွေကို ကျော်တက်ပြီး အစ်ကိုရေ…….တစ်စီးလောက် တစ်စီးလောက်ဆိုပြီး ကြားဖြတ်ဝင်ပါတယ်။ အဲဒီလို လုပ်တာ အများအားဖြင့် ဘတ်စ်ကားတွေပါ။ ခရီးသည်တွေကတော့ အမြန်ရောက်တော့ ကျေနပ်ကြတာပေါ့။ သံသုမာလမ်းကနေ သာကေတဘက် အပြန်မှာလည်း ဒီအတိုင်းပါပဲ။ စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်တာတွေလည်း မရှိတော့ပါဘူး။ ဒါဟာ တကယ်တော့ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ဖောက်ဖျက်မှုပါပဲ။ အဲဒီလို ကားတွေကျော်တက်၊ကားတွေကြားထဲခေါင်းထိုးဝင်နဲ့ ဘတ်စ်ကားအပေါ်ပါလာတဲ့ ကိုဘအေးလည်း ကိုယ့်ကားမဟုတ်ပေမယ့် တစ်စီးနဲ့တစ်စီးငြိမိမှာကို ရင်တမမနဲ့ပါပဲ။ တစ်ခါတလေလည်း တံတားအတက်မှာ ကားပျက်နေရင် လမ်းပိတ်တာပိုပြီးကြာပါတယ်။

ဘတ်စ်ကားတွေပေါ်မှာ စာတမ်းတွေကတော့ကပ်ထားပါတယ်။ ယာဉ်မတော်တဆမှု လုံးဝမဖြစ်စေရ၊ ယာဉ်စီးခနှုန်းမှန်ကန်ရမည်။ စည်းကမ်းမှန်သမျှလိုက်နာရမည်။ ဆက်ဆံရေးကောင်းမွန်ရမည်။ မေတ္တာကိုအပြုံးနဲ့ဝန်ဆောင်ပါ စသည်ဖြင့်ပေါ့ဗျာ။ ကိုဘအေးလည်း မှတ်မိသလောက်ရေးပြတာပါ။ လိုက်နာတယ်၊မလိုက်နာတယ်ဆိုတာကတော့ အားလုံးအသိပါ။ အစပိုင်းတုန်းက ဒေါ်မြလေးပြောသလိုပဲ ပြော ရမှာပေါ့။ ဘတ်စ်ကားတွေက ယာဉ်လိုင်းချင်းမတူပေမယ့် လမ်းကြောင်းတူနေရင်ဖိုက်တယ်။ လမ်းကြောင်းတူ၊ယာဉ်လိုင်းတူရင်လည်းဖိုက်တယ်။ တစ်ခါက ယာဉ်လိုင်းတူချင်းပဲ တုတ်တစ်ပြက် ဓါးတစ်ပြက် ဖြစ်ကြတာကြားမိပါတယ်။ အဲဒီလို ဘတ်စ်ကားချင်း ဖိုက်ကြရတဲ့ အကြောင်း ရင်းကို ဆောင်းပါး တစ်ခုမှာ သုံးသပ်ပြထားတာ ဖတ်လိုက်ရပါတယ်။ သူကတော့ ဒရိုင်ဘာတွေ စပယ်ယာတွေကို လစာနှုန်းတစ်ခု သတ်မှတ်ပေးထားမယ်ဆိုရင် ဒီလိုဖိုက်တာတွေဖြစ်လာနိုင်ဖွယ် မရှိဘူးလို့ဆိုပါတယ်။

ကိုဘအေးတို့ငယ်ငယ်ကဆိုရင် ရန်ကုန်မြို့မှာ ဘတ်စ်ကားလိုင်းတွေ ဆယ်လိုင်းလောက်ပဲရှိမယ်ထင်ပါတယ်။ အခုဆိုရင် ဘတ်စ်ကားလိုင်း သုံးရာကျော်လောက်ရှိနေပြီလို့ထင်ပါတယ်။ မထသ လိုင်းတွေရယ် ပုဂ္ဂလိက ယာဉ်လိုင်းတွေရယ် ပါရမီယာဉ်လိုင်းတွေ၊ အဓိပတိတွေ၊ သန်မြန်သူတွေ စုံနေတာပါပဲ။ ဒီလိုဘတ်စ်ကားတွေ များလာလို့လည်း သွားရေးလာရေးအဆင်ပြေလာသလို လမ်းပိတ်ဆို့မှုတွေကလည်းဖြစ်လာပါတယ်။ ပြီးတော့ ကိုဘအေးတို့ နိုင်ငံမှာ ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး မော်တော်ယာဉ်တွေ တင်သွင်းခွင့်ရလာတာတွေရယ် Car Showroomတွေဖွင့်ပြီး မော်တော်ယာဉ်တွေ (2013 မော်ဒယ်လ်အထိတောင်) တင်သွင်းရောင်းချခွင့် ရလာတော့ ရန်ကုန်မြို့မှာ ကိုယ်ပိုင်ကားတွေ၊တက္ကစီဆလွန်းကားတွေလည်း တော်တော်များလာပါတယ်။

မြန်မာနိုင်ငံမှာ ကားစီးနိုင်တဲ့သူတွေကို တွက်ကြည့်တာ လူတစ်ထောင်မှာ၇ ယောက်နှုန်းရှိပါတယ်တဲ့။ ရန်ကုန်တိုင်းအနေနဲ့ လူတစ်ထောင်မှာ ၂၉ယောက်နှုန်းနဲ့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ အမယ်လေး ဒီထက်များကားတွေ များလာရင်တော့ လမ်းပေါ်မှာကားတွေနဲ့ ပြည့်နေတော့မှာပါ။ ဒီတော့ ကားလမ်းတွေ မပိတ်အောင် ဘယ်လိုအဖြေရှာကြမလဲ။ တစ်နေရာတည်းဖြေရှင်းလို့ မရဘူးနော်။ လှည်းတန်းလမ်းဆုံမှာ ကားတွေပိတ်တယ်ဆိုပြီး ခုံးကျော်တံတားဆောက်ပေးတယ်။ လှည်းတန်းကတော့ အဆင်ပြေသွားတယ်။ ဟံသာဝတီအဝိုင်းနဲ့ မြေနီကုန်းမှာပိတ်သွားတယ်လို့ သိရတယ်။ ရန်ကုန်မှာအမြန်ဘတ်စ်ကားတွေ ဆွဲမယ်လို့လည်းသိရတယ် ။ ဘယ်လိုမြန်မြန် လမ်းတွေပိတ်နေရင်တော့ မြန်နိုင်မှာမဟုတ်ဘူး။ နိုင်ငံခြားမှာတော့ မြေအောက်ရထားလိုင်းတွေရှိတော့ ဒီအခက်အခဲကိုအတော်အတန်ဖြေရှင်းနိုင်တယ်။ ရန်ကုန်မြို့မှာ မြေအောက်ရထားပြေးဆွဲနိုင်ဖို့ကတော့ ကိုဘအေး တစ်သက် မဖြစ်လာနိုင်သေးဘူးလို့ ထင်ပါတယ်။ ပထမဆုံးဖြစ်သင့်တာကတော့ လမ်းတွေကိုပြုပြင်တိုးချဲ့မှုတွေ လုပ်သင့်တယ်လို့ထင်ပါတယ်။ ကိုယ့်ထက်တတ်သိ နားလည်တဲ့သူတွေ ရှိပါတယ်။ သူတို့အဖြေရှာနိုင်ပါလိမ့်မယ်။ အဖြေတွေ့ပြီး လုပ်နိုင်ဖို့လည်းလိုပါလိမ့်မယ်။

ဒီကြားထဲမှာတော့ ကိုဘအေးတို့တွေ လမ်းပိတ်တာတို့ ၊ကားပိတ်တာတို့၊ အလုအယက် ကျော်တက်၊အပြေးအလွှား သွားရတာတို့ စတဲ့ သံသရာတွေထဲမှာပဲ ဘယ်လောက်ကြာကြာ လည်နေရဦးမလဲဆိုတာ………………….။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *