နည်းပညာကုမ္ပဏီကြီး မိုခရိုဆော့ဖ်အနေနဲ့ Nokiaကို ၀ယ်ယူခဲ့ပြီးတဲ့နောက် အဆိုပါ Nokiaဖုန်း ကုမ္ပဏီရဲ့ အခြေစိုက်ဖြစ်တဲ့ ဖင်လန်နိုင်ငံမှာ ဥရောပ ဒေတာစင်တာ တစ်ခု တည်ဆောက်ဖို့ စီစဉ်သဘောတူခဲ့ကြောင်း သိရပါတယ်။ အမေရိကန် ဒေါ်လာသန်း ၂၅၀ခန့် ကုန်ကျမယ့် အဆိုပါ Data Centerဟာ မိုက်ခရိုဆော့ဖ်ရဲ့ ဥရောပဒေသမှာ ရှိတဲ့ Customerများကို ၀န်ဆောင်မှု ပေးရန်အတွက် ဖြစ်ပြီး သတင်းထုတ်ပြန်ချက် တစ်ခုအရ မိုက်ခရိုဆော့ဖ်အနေနဲ့ အိုင်ယာလန်နိုင်ငံမှာလည်း အခြား ဥရောပဒေတာစင်တာ တစ်ခုထူထောင် ထားပြီး သြစတြေးလျ၊ အရှေ့တောင်အာရှ စတဲ့ဒေသတွေမှာပါ Data Centreတွေ ဖြန့်ကျက် ထားတယ်လို့ သိရပါတယ်။
Nokiaရဲ့ Unitတွေကို ၇.၂ဘီလျံ ယူရိုနဲ့ ၀ယ်ယူခဲ့ပြီးတဲ့နောက် မိုက်ခရိုဆော့ဖ်အနေနဲ့ Nokiaရဲ့ CEOဖြစ်သူ Stephen Elopကို CEO Steve Ballmerနေရာမှာ အစားထိုးသွားနိုင်ဖွယ်လည်း ရှိနေပါတယ်။ ဒါ့အပြင် မိုက်ခရိုဆော့ဖ်ဟာ ဥရောပဒေသမှာ Data Centreတည်ဆောက်တဲ့ ပထမဆုံး အမေရိကန် နည်းပညာကုမ္ပဏီ တော့မဟုတ်ပါဘူး။ Googleဟာလည်း ဖင်လန်နိုင်ငံမှာ Data Centreတစ်ခု ရှိပြီးသား ဖြစ်သလို Facebookအနေနဲ့လည်း ဆွီဒင်နိုင်ငံမှာ တစ်ခုရှိပြီးသား ဖြစ်တယ်လို့ သိရပါတယ်။