News

EUနှင့် အင်အားကြီးနိုင်ငံများက မြန်မာသို့ ရင်းနှီးမြှပ်နှံမှု အရှေ့တောင်အာရှ နိုင်ငံများထက် နည်းပါး

မြန်မာနိုင်ငံအား အာရှ၏ ကျားပေါက်ကလေးအဖြစ် တင်စားပြောဆိုနေကြပြီး ၂၀၁၃ခုနှစ်၊ စက်တင်ဘာလ ဦးပိုင်းအထိ မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကန်ဒေါ်လာ ၄၂ဘီလီယံကျော်အထိရှိနေသည့် ပမာဏတွင် EUနှင့် အင်အားကြီး နိုင်ငံများ၏ ၀င်ရောက်ရင်းနှီးမြှုပ်နှံသည်မှာ ကန်ဒေါ်လာ ၄၃၅၄မီလီယံ၀န်းကျင်သာ ရှိနေကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုလကုန်အထိ မြန်မာနိုင်ငံတွင် ရှိနေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တန်ဖိုးတွင် ကန်ဒေါ်လာ ၁၄ဘီလီယံဖြင့် တရုတ်နိုင်ငံမှ ထိပ်ဆုံးတွင် ရှိနေပြီး ထိုင်းနိုင်ငံမှာ ကန်ဒေါ်လာ ၉၉မီလီယံဖြင့် ဒုတိယနေရာတွင်လည်းကောင်း၊ ဟောင်ကောင်မှ ကန်ဒေါ်လာ ၆၃မီလီယံ၊ တောင်ကိုရီးယားနိုင်ငံမှ ကန်ဒေါ်လာ ၃၀မီလီယံအထိ ရှိနေကာ အရှေ့တောင်အာရှ နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် အပါအ၀င် EUနှင့် အခြားအင်အားကြီး နိုင်ငံများထက် များပြားလျက်ရှိကြောင်း၊ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ယင်းနှင့်ပတ်သက်၍ စီးပွားရေး ပညာရှင် ဦးမော်သန်းက “စီးပွားရေး ၀င်ရောက်မြှုပ်နှံမှု ကိန်းဂဏန်းတွေကို ပြောရင်တော့ အင်အားကြီး အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့မှုတွေ ရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံကို ၀င်လာတာ နောက်ကျတယ်။ နောက်တစ်ချက်က ထိုင်းတို့ တရုတ်နိုင်ငံတို့လို မဟုတ်ဘူး။ သူတို့က နိုင်ငံတစ်ခုကို ၀င်ဖို့ဆိုရင် အဲဒီနိုင်ငံကို အသေအချာ လေ့လာနေကြတဲ့အတွက်လည်း ပါတယ်။ လက်ရှိ မြန်မာနိုင်ငံကိုလည်း သူတို့တွေက စောင့်ကြည့်နေဆဲ ဖြစ်နေသေးတဲ့အတွက် အများကြီးတော့ မတိုးပွားပေးမယ့် အခု ကားကုမ္ပဏီတွေက အရောင်းပြခန်းတွေ ဖွင့်လာပြီ ဆိုတော့ နောက်ပိုင်းမှာ ၀င်လာမယ်ဆိုတာ ပြောလို့ရပါတယ်”ဟု ဆိုသည်။

၂၀၁၃ခုနှစ်၊ ဇွန်လကုန်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံပေါင်း ၃၂နိုင်ငံမှ ကုမ္ပဏီပေါင်း ၅၇၇ခု ရင်းနှီးမြှုပ်နှံထားရာ ယင်းအရေအတွက်တွင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္႑တို့မှ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီအရေအတွက်မှာ ၁၈၈ခုအထိရှိပြီး ရင်းနှီးမြှုပ်မှု ပမာဏာမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆၄၃၉ ဒသမ ၈၈၇သန်းအထိ ရှိနေသည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ သိရသည်ဟု ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ် ဦးအောင်က နိုင်ငံသို့ ၀င်ရောက်ဆဲ ရင်းနှီးမြှုပ်နှံသူအပိုင်းတွင် အလုပ်အကိုင် ရရှိစေမည့် စက်မှုလုပ်ငန်းအပိုင်းတွင် ၀င်ရောက် ရင်းနှီးမြှုပ်နှံသူ နည်းပါးနေသည့်အတွက် စက်မှုဖွံ့ဖြိုးပြီးဖြစ်သည့် အနောက်နိုင်ငံ များအား ပိုမို၀င်ရောက်လာရန် ဖိတ်ခေါ်ထားကြောင်း၊ ဂျပန်မှ လာရောက်စုံစမ်းမှုတွင် အားအကောင်းဆုံးဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။

 

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *