Opinion

အင်တာနက်ရဲ့အကျိုးကို အချိန်နှင့် တပြေးညီ သုံးစွဲနိုင်တော့မည့်အလျောက် Prepaid စနစ်သို့လည်း အလုံးစုံ မပြောင်းလဲသင့်

MPT မှ မိုဘိုင်းလ်ဖုန်းများတွင် အင်တာနက် ချိတ်ဆက် သုံးစွဲမှုကို နိုင်ငံတကာ စံနှုန်းအတိုင်း အသုံးပြုမှ ပေးရမည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိသည်။ နိုင်ငံတကာစံနှုန်းဟု ဆိုရာ၌ တိုးတက်ပြီးနိုင်ငံအများစုတွင် ဆက်သွယ်ရေး ကုမ္ပဏီများမှာ တစ်ခုထက်မက ရှိကြသည်ကို သတိမူသင့်သည်။ ဥပမာအားဖြင့်- စင်္ကာပူမှာ ဆိုလျှင် M1, SingTel သော်လည်းကောင်း၊ Australiaမှာဆိုလျှင် Telestra, Optus, Vodafone သော်လည်းကောင်း၊ အမေရိကန်မှာဆိုလျှင် AT&T, Verizon အစရှိသည်ဖြင့် သော်လည်းကောင်း၊ ဆက်သွယ်ရေးအတွက် ၀န်ဆောင်မှုပေးနေသော အစိုးရ အဖွဲ့အစည်းများ၏ သြဇာလွှမ်းမိုးမှုမှ ကင်းလွတ်သော ကုမ္ပဏီများ ရှိကြသည်။ ပြည်တွင်း၌လည်း ထိုသို့ အလားတူဖြစ်အောင် စဉ်းစား အကောင် အထည် ဖော်နေကြသည်ဟု ကြားသိရသည်။ ပြည်တွင်း၌ မျက်ဝါးထင်ထင် မမြင်ရခင် အခြားနိုင်ငံများမှ ၀န်ဆောင်မှုများနှင့် နှိုင်းယှဉ် လေ့လာကြည့်ရာ၀ယ် ယခုသုံးနေသော Prepaid စနစ်သည် ထိုနိုင်ငံများ၌ နိုင်ငံသား မဟုတ်သူများသာ သုံးစွဲရန် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ဥပမာ – နိုင်ငံသား (သို့) PR မဖြစ်သေးသော သူများအတွက်သာ ဖြစ်သည်။

အကြောင်းအရင်းကတော့ နိုင်ငံအတွင်း နေထိုင်နေသည်ဆိုသည့် အထောက်အထား မရှိ၍ပင် ဖြစ်သည်။ ဥပမာ- နိုင်ငံသား မဟုတ်သူများသည် ပြည်တွင်းက ဥပမာဖြင့် ဆိုရလျှင် ရဲစခန်းထောက်ခံချက်၊ နေရပ်လိပ်စာ၊ အတိအကျ မရှိမှု အစရှိသည်တို့ကြောင့် တစ်လစာ ဖုန်းဘေလ် အကြေွးကို ကောက်မရမှာ စိုး၍ ဖြစ်သည်။ ပြည်တွင်းမှာတော့ နိုင်ငံသားများ အားလုံးကို မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေးကဏ္႑၌ အခြားနိုင်ငံများကို အတု မယူနိုင်သေးပဲ Prepaid စနစ်ကို ပြောင်းလဲကျင့်သုံးသည့် (ကြိုတင်ငွေဖြည့်ကဒ်စနစ်)ကို ကူးပြောင်းရန် တွန်းအားပေးနေ ကြသည်မှာ နိုင်ငံတကာ ခေတ်ရေစီးကြောင်းနှင့် ပြောင်းပြန်ဖြစ်နေသည်။ Prepaid ကတ်မှာ ငွေမကျန်တော့၍ အသက်အန္တရာယ် ကြုံဆုံလာလို့ ဖုန်းခေါ်ဆိုမှု မရနိုင်သည်များလည်း သက်သေ သာဓက များစွာ ရှိလာနေပေပြီ။

လူဆိုသည်မှာ မေ့တတ်သည့် သတ္တဝါပင် ဖြစ်သည်။ ‘ငါမေ့သွားလို့ မလုပ်ဖြစ်လိုက်ဖူး’ ဆိိုတာကို လူ့လောကမှာ နေ့စဉ်နှင့်အမျှ ကြားဖူးကြပေမည်။ ထို့ကြောင့် Prepaid စနစ်ကို အားလုံး သုံးစွဲကြဖို့ မတိုက်တွန်းသင့်ပဲ Postpaid စနစ်ဖြင့် လစဉ်လတိုင်း ငွေပေးသွင်းရာမှာ တန်းစီစရာ မလိုပဲ သတင်းများက ဆိုနေကြသည့် လပိုင်းအတွင်း ထွက်ရှိလာမည့် Debit ကတ်၊ Credit ကတ်များဖြင့် ပြည်သူလူထု အသက်အန္တရာယ် ကင်းစွာ အချိန်မရွေး ဆက်သွယ်မှု ပြုလုပ်နိုင်အောင် စဉ်းစားသင့်သည်။ နိုင်ငံသားများမှာ နိုင်ငံအတွင်း နေထိုင်သူများ ဖြစ်သည့်အလျောက် မိုဘိုင်းလ်ဖုန်း ဆက်သွယ်မှုကိုလည်း ငွေဖြည့်ကဒ် မရှိသည့် နေရာများတွင် သုံးနိုင်ခွင့် ရှိရပေမည်။

ယခု ပြောင်းလဲလာတော့မည်ဟု သတင်းထွက်နေသော မိုလ်ဘိုင်းဖုန်းနှင့် အင်တာနက်သုံးသည့် စနစ်အသစ်ကတော့ ကြိုဆိုရမည် ဖြစ်သည်။ သို့သော် အခြားနိုင်ငံများကလို ဆက်သွယ်ရေး ၀န်ဆောင်မှုပေးသည့် အများပိုင် ကုမ္ပဏီများ မရှိသေးသည့်အတွက်ကြောင့် အင်တာနက် အသုံးပြုသည့်အခါ 1 MB ကို ဈေးနှုန်း ဘယ်လောက် သတ်မှတ်မည်။ Cap Planလို့ ခေါ်သည့် ဘယ်လောက် သုံးသုံး တစ်လကို ဥပမာ- ငါးသောင်းကျပ်ဖြင့် မကျော်နိုင်သည့် စနစ်များဖြင့် ၀န်ဆောင်မှု ပေးသင့်သည်။

အဘယ်ကြောင့်ဆိုသော် Mobile အင်တာနက် အသုံးပြုမည့်သူ အများစုမှာ Smart Phone ပိုင်ရှင်များ ဖြစ်ကြသည်။ Smart Phone သည် Apps (Software)ပေါင်း များစွာဖြင့် ဖွဲ့စည်းထားခြင်းကြောင့် ရာသီဥတု ကြည့်ခြင်း၊ Email ကြည့်ခြင်း အစရှိသည်တို့ဖြင့် လွန်စွာ အသုံး၀င်လှသည်။ ထိုသို့ အသုံး၀င်မှုများမှာ Background Taskဟု ခေါ်သော အသုံးပြုသူ သတိထားမှု မရှိပဲ အလိုအလျောက် အင်တာနက် ချိတ်ဆက်ပြီး Up-to-date ဖြစ်မည့် သတင်းအချက်အလက်များကို ဖော်ပြခြင်းကြောင့် ဖြစ်သည်။

အင်တာနက် အသုံးပြုရာ၌ စာတစ်ကြောင်း၊ ဓာတ်ပုံတစ်ပုံ၊ သီချင်း၊ ဗီဒီယို အစရှိသည့် Websiteမှ မြင်တွေ့ရခြင်းသည် အင်တာနက်မှ Download ဆွဲသည်ဟု ခေါ်သည်။ ထိုအရာအားလုံး၏ အလေးချိန် Megabyte (MB)ကို ရေတွက်၍ ၀န်ဆောင်ခ ပေးရမည်။ သီချင်းအားလုံးသည် 3MB ရှိနိုင်သလို၊ ဓာတ်ပုံ တစ်ပုံသည် 300KB ရှိနိုင်သည်။ တွက်ချက်တတ်ဖို့ လိုလာသည်။ ထို့ကြောင့် အခြားနိုင်ငံများတွင် အသုံးပြုသူသည် ၄င်းတို့၏ ၀မ်းစာထဲမှ စုဆောင်းငွေများဖြင့် ယနေ့လို တိုးတက်ပြောင်းလဲမြန်သည့် ခေတ်ကြီး၌ Smart Phoneမှ ပညာ၊ ဗဟုသုတ ရှာဖွေရင်း MB/GB တွေကို မတွက်ချက်တတ်သဖြင့် မိုလ်ဘိုင်း အင်တာနက်အတွက် လစာ တစ်လစာ ပြုတ်သွားသည် မဖြစ်အောင် Cap Plan များ ထားရှိပေးကြသည်။ Cap Plan ပြည့်ပါက အရေးအကြောင်း ကိစ္စများအတွက် အင်တာနက် ပြတ်တောက်မှု မရှိရအောင် Download နှုန်းကို လွန်စွာ နှေးအောင် ချလိုက်ပြီး ပိုက်ဆံ ထပ်မံ ကောက်ခံခြင်း မရှိတော့ကြောင်း သိရသည်။

အချူပ်အားဖြင့် ဆိုရလျှင် Mobile Internet အတွက် သော်လည်းကောင်း၊ Mobile Call အတွက် လည်းကောင်း၊ ကြိုတင်ငွေဖြည့်ကဒ် စနစ်သည် ရွေးချယ်မှု တစ်ခုသာ ဖြစ်သင့်ပြီး ပြည်သူလူထု ပိုမို အဆင်ပြေအောင် ၃၆၅ ရက်၊ ၂၄ နာရီ ပတ်လုံး ဆက်သွယ်ရေး မပြတ်တောက်အောင် Postpaid ၀န်ဆောင်မှုများကိုသာ နည်းစနစ် အသစ်များဖြင့် ၀န်ဆောင်မှု ပေးသင့်သည်။ တဒင်္ဂခဏ ပိုက်ဆံရှာသည့် နည်းစနစ်များကို ဖျောက်ဖျက်ဖို့ ကြိုးစားသင့်သည်။ ရေရှည်အတွက် မျှော်မှန်းကာ အခြား ကမ်ဘာ့ အဆင့်မီ ယှဉ်ပြိုင်မှုများ မ၀င်လာခင် ယုံကြည် စိတ်ချရသော ပြည်တွင်းဖြစ် ကမ်ဘာ့အဆင့်မီ ၀န်ဆောင်မှု ပေးသင့်ပေသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *