မနောဖြူလေး။ ။ မင်္ဂလာပါ ကိုကြီး ။ ကိုကြီးအနေနဲ့ နိုင်ငံခြားမှာ တွေ့ကြုံရတဲ့ အလုပ်သမားဘ၀ ဘာတွေများ တင်ပြချင်ပါသေးသလဲ ရှင်။
ကိုကြီး။ ။ ကိုကြီးအနေနဲ့ ခေတ်နဲ့အညီပေါ့။ သီချင်းခေါင်းစဉ်လေးများနှင့် နိုင်ငံခြား အလုပ်သမားဘဝ ဆိုပြီး အလုပ်သမားတွေရဲ့ ဘဝကို တင်ပြပေးချင်ပါတယ် ညိီမလေး။ အဲဒါကလည်း Facebook မှာ တင်ထားကြတ့ဲ မိတ်ဆွေတွေရဲ့ သီချင်း ခေါင်းစဉ်နဲ့ စာသားလေးကို သဘောကျပြီး စာရေးဖို့ စိတ်ကူးရလာလို့ပါ။ တင်ပေးတ့ဲ သူကိုလည်း ဒီခေါင်းစဉ်တွေအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ ခင်ဗျာ။
လုပ်ရတ့ဲ အလုပ်က – နောနော် (အတိုင်းထက်အလွန်)
နိုင်ငံရပ်ခြားမှာ လုပ်ရတ့ဲ လုပ်ငန်းတွေက ခက်ခဲလှပြီး အဆမတန် ပင်ပန်းလှပါတယ်။ ဥပမာဆိုရရင် ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်နေကြရတ့ဲသူတွေဆိုရင် နေပူ၊ လေပူဒဏ်တွေ ခံနေကြရပြီး ချေွးတွေက ကိုယ်ပေါ်မှာ ရေအလား ကျပြီး လုပ်နေကြရပါတယ်။ တစ်ချို့ လုပ်ငန်းတွေမှာဆိုရင် လေးလံလှတ့ဲ ပစ္စည်းတွေ ထမ်းပိုးနေသူတွေလည်း ဒုနဲ့ဒေးပါ။ သံဂဟေဆက်လုပ်ငန်းတွေမှာ လုပ်နေသူတွေဆိုရင်လည်း မျက်စေ့တွေ နီရဲပြီး ဘာမှ မမြင်ရအောင် ဖြစ်ကြရပါတယ်။ နိုင်ငံခြားမှာက သူတို့ နိုင်ငံသားတွေ မလုပ်ချင်ကြတ့ဲ အလုပ်တွေကို နိုင်ငံခြားသားတွေ ခေါ်ယူပြီး ခိုင်းနေကြတာပေါ့နော်။ လုပ်ရတ့ဲ လုပ်ငန်းတွေကလည်း နောနော် သီချင်းထဲ ကလို (အတိုင်းထက်အလွန်)လုပ်နေကြရတယ်ဆိုတာကိုတော့ အားလုံး သိစေချင်ပါတယ် ခင်ဗျာ။
ရတ့ဲလစာက ဝိုင်းစု (မက်လောက်စရာတစ်ကွက်မှ မရှိ)
နိုင်ငံခြားမှာ အလုပ် လုပ်ရသူတွေရတ့ဲ လစာက သူတို့ နိုင်ငံသားတွေနဲ့ ယှဉ်ရင် အင်မတန်မှ နည်းပါးလှပြီး အဆမတန် ကွာဟလွန်းလှပါတယ်။ ကျွန်တော့် မန်နေဂျာဆိုရင် လစာ မလေးရှားငွေ ငါးထောင်ကျော် အပြင် တစ်ခြားက ဆိုးဆေးရောင်းတ့ဲ သူတွေဆီက ကော်မရှင်တွေ ရလို့ ဘန်ဂလိုနဲ့ တိုက်ခန်း (၃)ခန်းလောက် ပိုင်ဆိုင်နေပါပြီ ခင်ဗျာ။ အင်းလေ အဲဒါကြောင့်လည်း သူတို့နဲ့ ယှဉ်ရင် ကျွန်တော်တို့ လစာက ဝိုင်းစု သီချင်းလို (မက်လောက်စရာ တစ်ကွက်မှ မရှိပါလားနော်)။
ပိတ်ရက်နဲ့ အားလပ်ရက်က လေးဖြူ (မရေရာဘူး)
နိုင်ငံခြားမှာက ပိတ်ရက် အားလပ်ရက်ဆိုတာ ကျွန်တော်တို့လို နိုင်ငံခြားသားတွေအတွက် ရခဲလှပါတယ် ခင်ဗျာ။ သူတို့ နိုင်ငံသားတွေ အတွက်ကတော့ လစာနဲ့ ခွင့်တွေ၊ ပိတ်ရက်တွေ ရပြီး ကျွန်တော်တို့လို နိုင်ငံခြားသားတွေက ပိတ်ရက်နဲ့ ခံစားခွင့်တွေကတော့ အင်မတန်မှ နည်းလှပါတယ်။ တစ်ခါတလေ ပင်ပန််းလို့ နားချင်တောင်မှပဲ မနားရတ့ဲ ဘဝတွေပါ။ အဲဒါကြောင့် လေးဖြူ သီချင်းလေးလို ဟဲလိုက်ရရင်… ပိတ်ရက်က မရေရာဘူးပေါ့နော်။
အလုပ်သိမ်းတ့ဲအချိန်က မျိုးကြီး (အိမ်ပြန်ချိန်တောင် မသိတော့သူ)
ကျွန်တော်တို့ အလုပ်သမားဘဝဟာ မနက်မိုးလင်းလို့ နေမထွက်ခင် အလုပ်ခွင်ကို ဝင်ရပါတယ် ခင်ဗျာ။ မြန်မာ စံတော်ချိန် နံနက် ၆ နာရီလောက်ဆိုရင် အလုပ်ခွင်ထဲ ရောက်နေပြီပေါ့။ အလုပ်သိမ်းတ့ဲ အချိန်ကလည်း မိုးစုန်းစုန်းချုပ်ပြီး ညှဥ့်နက်နေမှ ပြန်ရတ့ဲအချိန်တွေက များနေတာမို့ အိမ်ပြန်ချိန်တောင် မသိတော့သူလို နေမင်းကြီးကိုတောင် မမြင်မိတာ ကြာလှပေါ့။
ဘောနပ်စ်ကျတော့လည်း အေသင်ချိုဆွေ (ကမ်းမမြင် လမ်းမမြင်)
နိုင်ငံခြားမှာ အလုပ်လုပ်ကျတ့ဲ ကျွန်တော့်တို့ တစ်တွေအတွက်ကတော့ တစ်နှစ်တစ်ခါ တရုတ်နှစ်ကူးမှာ ပေးလေ့ရှိတ့ဲ (တရုတ်စက်ရုံပေါ့နော်) ဘောနပ်စ်ကို မျှော်ရတာ ကမ်းမမြင် လမ်းမမြင်ပါပဲ။ သူတို့ နိုင်ငံသားတွေကတော့ တစ်လခွဲ၊ နှစ်လစာ ရကြပြီး ကျွန်တော်တို့ကတော့ သူဌေးစာရင်းမှာ မှင်နီလေးနဲ့တောင် အတို့မခံ မရကြရတာမို့ အေသင်ရေ ကမ်းမမြင် လမ်းမမြင် ဘောနပ်စ်ပင်လို့ ပြောလိုက်တော့မယ်နော်။
အမှား လုပ်မိရင်တော့ မေခလာ (ပြန်ပေတော့)
နိုင်ငံခြားမှာ အလုပ်လုပ်ရင် သူတို့လုပ်ငန်းခွင်မှာ အမှား လုပ်ခ့ဲရင်တော့ မလွယ်ဘူးသာ မှတ်ပေတော့။ ဥပမာအားဖြင့် သူတို့ ထုတ်ကုန်တွေ ပျက်စီးမယ်။ ပျောက်ရှမယ်ဆိုရင်တော့ ကိုယ့်လစာကို လေယာဉ် စရိတ် လုပ်၊ အထုပ် ထုတ်ပြီး ပြန်ဖို့သာ ပြင်ရပါတယ် ခင်ဗျာ။ နိုင်ငံသား၊ နိုင်ငံခြားသား အချင်းချင်းန့ဲ ရန်ဖြစ်ခ့ဲရင်လည်း မေခလာ သီချင်းလိုပဲ ပြန်ပေတော့ မစဉ်းစားနဲ့ပေါ့ ခင်ဗျာ။
အဆူအကြိမ်းခံရရင် အေသင်ချိုဆွေ (တင်းတယ် တင်းတယ်)
နိုင်ငံခြားမှာ သူများနိုင်ငံသားအောက် လုပ်ရတာ ဆိုတော့လည်း ဘာပြောပြော ဆူဆူ သည်းခံရတာပေါ့။ သည်းခံ ပါရမီဆိုတာ နိုင်ငံခြားအလုပ် ထွက်လုပ်ဖူးမှ ရတတ်တာမျိုးနော်။ ကျွန်တော့် မန်နေဂျာက အရင်ကဆိုရင် သူပြောတာက အမှန်၊ သူပြောတာကို ဘာမှပြန်ပြီး ပြောပြခွင့် မရှိဘူး၊ ပါးစပ်ဟတာနဲ့ အဝတ်အစားလဲပြီး ပြန်ပဲ၊ သူ့ရဲ့ စရိုက်တွေက အခု အသက်ကြီးလာတော့ သွေးတိုးဝင်လာတယ်၊ အရင်ကလို ဒေါသဖြစ်လို့ မရတော့တာမို့ အခုတော့ ကျွန်တော်တို့က အဆူအကြိမ်းဒဏ် လွတ်နေပြီလေ။ ဒေါသထွက်ရင် သူအသက်ထွက်မှာကိုး။ အရင်တုန်းက ဆူပူဒဏ်နဲ့ဆိုရင် ပြန်ပြောလို့ မရလို့ အေသင်လိုပဲ ရင်ထဲကနေ သီချင်းဆိုမိပါတော့တယ်။ (တင်းတယ် တင်းတယ် တင်းတယ် တင်းတယ် ဟေ့)
လခစား အလုပ် လုပ်ရတော့ ရလိုက်တာက ဗဒင် (နောင်တ)
ကိုယ့်အမိမြေမှာ အလုပ်ကိုင်ကောင်းတွေ မရလို့ နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်တော့ ရတ့ဲ လစာ၊ လုပ်ရတ့ဲ အလုပ်နဲ့ အလုပ်ချိန်၊ အမှားတွေနဲ့ အဆူခံရမှုတွေကြောင့် ထွက်လာမိတာ မှားပြီဆိုတ့ဲ ဗဒင်ရဲ့ သီချင်းလေးလို နောင်တ များစွာ ရမိပါတော့တယ် ခင်ဗျာ။
လစာ တိုးမယ်ကြားတ့ဲအခါ ဇော်ပိုင် (ရင်ခုန်ရလွန်းလို့ ရူးမှာပဲ)
နိုင်ငံခြားမှာ တစ်နှစ်တစ်ခါ လစာ တိုးတတ်ကြပါတယ် ခင်ဗျာ။ နိုင်ငံသားတွေကတော့ တစ်နှစ်ထက် တစ်နှစ် လစာတွေ တိုးတက်လာပြီး ကျွန်တော်တို့ နိုင်ငံခြားသားတွေမှာတော့ လစာ တိုးလာလိမ့်မလားဆိုတ့ဲ မျှော်လင့်ချက်လေးတွေ ရင်မှာပိုက်ပြီး စောင့်မျှော်နေဆဲမှာပဲ စက်ရုံ စီးပွားရေးကျလို့ ဘာလို့ ညာလို့ ဆိုပြီး ရနေတ့ဲ ထမင်းဖိုးလေးတွေပါ ပြန်ပြီး ဖြတ်တောက်လိုက်လို့ ရူးပါပြီဗျာ။ သေလိုက်ပါတော့နော်။
နောက်ဆုံးတော့လည်းပဲ ကိုထူးအိမ်သင်ရဲ့ (အမေ့ အိမ်)
နိုင်ငံခြားသွားလို့ အဆင်ပြေတယ်လို့ အများက ထင်နေပေမယ့် ထမင်းငတ်နေတာ ဘယ်သူမှ မမြင်နိုင်ဘူး။ မြန်မာပြည်မှာက ထမင်းငတ်ရင် ဘုန်းကြီးကျောင်း သွားစားလို့ ထမင်းကျန် ဟင်းကျန် ရနိုင်သေးတယ်လေ။ နိုင်ငံခြားမှာ ဘယ်သူမှ လာမကြည့်ဘူးလေ။ ရေတစ်ခွက်သောက်ဖို့ မြန်မာပြည်ကလို ရေချမ်းစင်တွေဆိုတာ ဝေလာဝေးပေါ့။ လူမှုရေး ကူညီမှုဆိုတ့ဲ အသင်းတွေကလည်း မရှိနဲ့ ငတ်ပြတ်နေတ့ဲသူတွေအတွက်ကတော့ ကိုထူးအိမ်သင်ရဲ့ သီချင်းလေးလိုပဲ အမ်ိမြန်မာပြည် (အမေ့အိမ်) လေးဆီသို့ ပြန်လည်တမ်းတရင်း အိမ်ပြန်ချင်တယ် ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ငြိမ်းချမ်းတ့ဲ အမေ့အိမ်ကို မှန်းမျှော်မိရင်း နိုင်ငံခြားမှာ ရောက်နေကြသော မြန်မာပြည်သူ၊ ပြည်သားအပေါင်း ကျန်းမာ၊ ချမ်းသာပြီး လိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ကြပါစေ ခင်ဗျာ။ လေးစား ကျေးဇူးတင်လျက်ဖြင့် အမိမြန်မာနိုင်ငံသားများ စည်းလုံးညီညွတ်ကြပါ ခင်ဗျာ။
ဟုတ်ကဲ့ပါ။ ခုလို ပြည်ပနိုင်ငံကို အလုပ်သွားလုပ်တဲ့အခါ ရရှိလာတဲ့ အကျိုးတွေနဲ့ အဖြစ်အပျက်တွေ ပြောပြတဲ့အတွက်လည်း မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေ ဗဟုသုတရစရာ ဖြစ်တဲ့အတွက် မနောကလည်း ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောပါရစေရှင်။