Health, Opinion

‘‘ကျွန်တော်နှင့် မျက်နှာများသော ရန်သူ…’’

www.livestrong.com

‘‘ဟတ်ချိုး၊ ဟတ်ချိုး’’ ‘‘ဟတ်ချေး၊ ဟတ်ချေး’’ ဆေးရုံအတွင်း ၀င်လိုက် ကတည်းက နှာချေသံ မျိုးစုံကို ကြားနေရသည်။ မိုးဦးကျရာသီ ဖြစ်သည့်အလျောက် သည်းကြီးမည်းကြီး မရွာသည့်တိုင် တစ်နေကုန် တဖြိုးဖြိုး၊ တဖြောက်ဖြောက်နှင့် မိုးပေါက်ကလေးများက ရွာနေသည်။ ဒီမိုး ဒီကာလသည်ကား နှာစေးချောင်းဆိုး တုပ်ကွေးပိုးနှင့် ကန်ထရိုတ်စာချုပ် ချုပ်ဆိုထားသကဲ့သို့ အစဉ်အမြဲ အတူတွဲကာ ရှိတတ်သည် မဟုတ်လော။

ဆေးရုံ ရုံးခန်းအတွင်း ၀င်လိုက်သော အခါတွင်ကား ထူးဆန်းသော မြင်ကွင်း တစ်ခုက ကျွန်တော့အား ဆီးကြိုနေသည်။ ‘‘ဆရာရယ် ကျွန်တော်တို့ တစ်မိသားစုလုံး တုပ်ကွေးမိနေလို့ အဲဒါ…’’ ပြောလာသူက တခြားမဟုတ်။ ကျွန်တော်တို့ ဆေးရုံ၏ အားအကိုးရဆုံး၊ စိတ်အချရဆုံး အမျိုးသားသူနာပြု (Brother) ကိုကျော်၀င်း ဖြစ်သည်။

‘‘Good Morning’’ ဆရာဟု နေ့စဉ် နံနက်တိုင်း ဆေးရုံအတွင်း ကျွန်တော် ခြေချလိုက်သည်နှင့် ကျွန်တော့် အနားကို ဘယ်ကနေဘယ်လို ရောက်လာသည် မသိ၊ ကျွန်တော့်အား နှုတ်ဆက်ရင်း ကျွန်တော့ လက်ဆွဲအိတ်ကို ပြေးယူကာ ခရီးဦးကြိုစမြဲ ဖြစ်သည်။ ယနေ့တော့ နီရဲနေသောမျက်နှာကြီးနှင့် လက်ကိုင်ပုဝါ တစ်စကို မလွှတ်တမ်း ကိုင်ထားပြီး ရုံးခန်း၏ ဒေါင့်လေးတွင်သာ ထိုင်နေသည်။ ‘‘ကျွန်တော့ကို ကူးမှာ ဆိုးလို့မလား’’ ကျွန်တော် စကားစလိုက်မှ ‘‘ဟုတ်ပါတယ် ဆရာ၊ အဲဒါ ကျွန်တော် ဘာလုပ်ရမလဲဆိုတာကို ဆရာနဲ့ တိုင်ပင်ချင်လို့ပါ’’

၀န်ထမ်းတိုင်းလိုလို နေမကောင်းဖြစ်လျှင် အရေးပေါ် အကြောင်းအရာ တစ်ခုခုရှိလျှင် ရှောင်တခင်ခွင့် ယူနိုင်ပါသည်။ ယူလည်း ယူတတ်ကြပါသည်။ ရိုးသားကြိုးစားသော ကိုကျော်၀င်းကဲ့သို့ ၀န်ထမ်းမျိုးက ရှားသည်။ ရှောင်တခင် ခွင့်ယူရန်ပင် အထက်အရာရှိ ကျွန်တော့်အား တရိုတသေ ခွင့်တောင်းနေသေးသည်။ ထိုသို့ ခွင့်လာတောင်းသည့် အတွက်လည်း ကျွန်တော့်အား ဒုက္ခပေးသကဲ့သို့ ဖြစ်နေမည်။

ကျွန်တော့်အား ရောဂါပိုးကူးအောင် လာဖြန့်ေ၀သကဲ့သို့ ဖြစ်နေမည်ကို စိုးရိမ်ကြောင်းလည်း သူ၏ နှုတ်မှ ဖွင့်ဟ မပြောသည့်တိုင် ကျွန်တော် နားလည်နေသည်။ “ကောင်းပါပြီ ကိုကျော်မင်း Casual Leave ရှောင်တခင် ခွင့်ရက် ကျန်သေးတယ်မလား၊ ယူလိုက်ပြီး အိမ်မှာ ပြန်နားပြီး အားမွေးပါ။ ဒီ FLU (တုပ်ကွေး) ဆိုတာမျိုးကို ကိုယ်က အားရှိရှိနဲ့ ပြန်ခုခံနိုင်ရင် ပျောက်သွားမှာပါ။’’ ‘‘ကျွန်တော့်အတွက်လည်း စိတ်မပူပါနဲ့’’ ‘‘ရယ်စရာပြောရရင် ကျွန်တော်က နှစ်စဉ် နှစ်တိုင်းလိုလို သူများတွေ တုပ်ကွေးမဖြစ်ခင်၊ တစ်ခါတစ်လေ စဖြစ်တတ်တဲ့ အချိန်စောစောပိုင်းကတည်းက ဖြစ်ပြီးသွားပြီးပြီး။’’ ‘‘ကျွန်တော်ဖြစ်ပြီဆိုရင် သိလိုက်ပြီ။ တုပ်ကွေးရာသီတော့ စလာပြီၤလို့။’’

‘‘ဟုတ်တယ်နော် ဆရာ၊’’ တုပ်ကွေးက ‘‘တစ်နှစ်မှာ တစ်ခါပဲ ဖြစ်တတ်တယ်လို့ ကျွန်မကြားဖူးတယ်၊’’ ‘‘အဲဒါဘာကြောင့်လဲဆရာ။’’ အနားကို ရောက်လာသော သူနာပြုဆရာမလေး မသီတာက မေးခွန်းထုတ်သည်။ အမေးရှိလျှင် အဖြေ ရှိရတော့မည် ဖြစ်သဖြင့် ‘‘ကဲ ဒါဆိုလဲ အားလုံးထိုင်ကြ၊ Ward Round မလုပ်ခင် ဆရာ ပြောပြမယ်လေ။ AS (Assistant Surgeon၊ လက်ထောက်ဆရာ၀န်) တွေရော Staff (သူနာပြုဆရာမ)တွေပါ အားလုံး ခေါ်လိုက်၊ သူတို့လဲ ကြားဖူးသွားတာပေါ့။’’ မနက်ခင်း ဆေးရုံ မလာခင်ကတည်းက ဆေးရုံတွင် ill case မရှိ၊ Problem မရှိဟု Duty ASမှ သတင်း ပို့ထားပြီးဖြစ်၍ အေးအေးဆေးဆေးမှ Ward Roundလျှင် ဖြစ်သည်။

ရံဖန်ရံခါ ilL caseများ ရှိလျှင်ကား Formal Round တင်မကဘဲ မကြာခဏဆိုသလို လာကြည့်ပေးရသည်။ လူနာများကို ဆေးကုသရင်း လက်အောက်ငယ်သားများကိုလည်း မိမိ၏ အတွေ့အကြုံများ ပညာရပ်များကို လက်ဆင့်ကမ်း မျှေ၀ရသည်။ မိမိကိုယ်တိုင်လည်း ဆရာများထံမှ ထိုကဲ့သို့ ဆည်းပူးရယူခဲ့ရသည် မဟုတ်ပါလော။ “ကိုကျော်၀င်းကတော့ ပြန်ချင်ပြန်နားပါ။’’ ‘‘မနားဘူးဆရာ၊ ကျွန်တော်လည်း သိချင်နေတာလေးတွေ ရှိနေတာ၊ ဆရာ့ကို မေးရမှာ အားနားနေတာ၊ ခုတော့ အတော်ပဲ’’ ‘‘အခု ကျွန်တော်တို့ ပြောပြောနေတဲ့ FLU (တုပ်ကွေး)ဆိုတာ၊ Influenza Virus (ဗိုင်းရပ်စ်ပိုး)ကြောင့် ဖြစ်ရတာဗျ။’’ ‘‘ဒီရောဂါပိုးက လေထဲကနေတဆင့် လူတစ်ယောက်ကနေ တစ်ယောက် ကူးတတ်တယ်၊ နှပ်ရည်၊ ချောင်းဆိုးလို့ သလိပ်တွေ စင်ရင်လဲ အဲဒီကနေတဆင့် ကူးတတ်တယ်။’’

‘‘ဒီလက်နဲ့ နှာခေါင်းနှိုက်လိုက် ဟိုဟာကိုင်လိုက်၊ ဒီဟာကိုင်လိုက်၊ နောက်လူတစ်ယောက်က သူကိုင်ထားတာကို မသိဘဲ ကိုင်လိုက်ပြီးရင် ပါးစပ်တို့ နှာခေါင်းတို့နဲ့ ထိလိုက်မိရင်လဲ ကူးနိုင်တယ်။’’ ‘‘ဒီလို လွယ်လွယ်ကူးနိုင်လို့လဲ ဖြစ်ပြီဆိုရင် တစ်မိသားစုလုံး၊ တစ်ကျောင်းလုံး၊ တစ်ရုံးလုံးလိုလို ကူးတတ်ကြတာ’’ ‘‘အဲ… သူ့မှာ ကောင်းတဲ့တစ်ချက်က ဖြစ်ပြီးရင် ပျောက်တာပဲ နာတာရှည် (chronicity) ရောဂါအသွင် မဖြစ်တတ်ဘူး ကိုယ်ခန္ဓာထဲမှာ ထာ၀စဉ် အောင်းနေတာမျိုး (colonization) မရှိတတ်ဘူး။’’ ‘‘ကျွန်တော်တို့ ဆေးတက္ကသိုလ်တက်တုန်းကဆိုရင် ဆရာကြီးတစ်ဦးက ပြောဖူးတယ်။ တုပ်ကွေးဆိုတာ သူ့ဟာသူ မကုဘဲထားလဲ အချိန်တန်ရင် ပျောက်တာဘဲ၊ ဒါပေမယ့် လူနာတွေက အဲဒီတုပ်ပြီး ကွေးနေရတာကို မခံချင်လို့ ဆရာ၀န်ဆီ လာပြကြတာ၊ ငါတို့က ပျောက်ဆေးပေးတာ မဟုတ်ဘူး သက်သာဆေးပဲ ပေးတာ’’ဟု ပြောခဲ့ဖူးသည်။

‘‘အဲဒါ ကျွန်တော် နားမလည်ဘူး ဆရာ၊ တုပ်ကွေးဆိုတာ ဆေးထိုးလိုက်ရင် ပျောက်တာဘဲ မဟုတ်လား။’’ ကိုကျော်၀င်းက ပြန်မေးသည်။ ကျွန်တော်လည်း ဤအဖြေကို ဖြေချင်၍ ဤအမေးထွက်လာအောင် ဤစကားကို ပြောလိုက်ခြင်း ဖြစ်သည်။ ‘‘ဟုတ်ပြီ ပြောပြရမှာပေါ့၊ ဒီလိုဗျ ကျွန်တော်ခုနက ပြောခဲ့သလို ဒီတုပ်ကွေးဟာ virusကြောင့် ဖြစ်ရတာ။ virus ဆိုတာမျိုးက Antiviral ဗိုင်းရပ်စ် ပျောက်ဆေး၊ သတ်ဆေး ပေးမှ သေမှာဗျ။ ဒါပေမယ့် ဒီတုပ်ကွေးပိုးလောက်က ဗိုင်းရပ်စ် သတ်ဆေးလောက်တောင် မလိုဘဲ ကိုယ်ခန္ဓာရဲ့ သဘာ၀ခုခံအားက သတ်နိုင်လို့ အထွေအထူး ဘာဆေးမှ မလိုတာ။’’ ‘‘ဆရာဆိုလိုတဲ့သဘောက ဗိုင်းရပ်စ်ဆိုတာ မကြောက်ရဘူး၊ ဆေးသောက်စရာ မလိုဘဲ ခန္ဓာကိုယ်က သူ့အလိုလို ပျောက်အောင် ကုနိုင်တယ်ပေါ့။

“ဆရာမလေး မကြည်ပြာ ၀င်မေးသည်။ ‘‘ဒီလို ဆရာမရဲ့ ကျွန်တော် အခု ဆိုလိုတာက Influenza Virusကိုပဲ ပြောတာ၊ Virusထဲမှာ အကြောက်ရဆုံး HIVတို့၊ အသည်းရောင် B ပိုး C ပိုး တို့ကလည်း Virus ပဲလေ၊ သူတို့ကျတော့ ပြဿနာတွေ တစ်လှေကြီး ပေးတတ်လို့ Antiviralတွေ တစ်မျိုးပြီး တစ်မျိုး ရှာဖွေ ထုတ်လုပ်စမ်းသပ် နေရတာပေါ့။’’

‘‘ကျွန်တော်တို့ သောက်လေ့ သောက်ထ ရှိတဲ့ Amoxilinလို ပိုးသတ်ဆေးကရော’’ ကိုကျော်၀င်းက မေးပြန်သည်။ ‘‘အဲဒါလည်း ပြောချင်နေတာ Antibioticလို့ခေါ်တဲ့ ပိုးသတ်ဆေး (ပဋီဇီ၀ဆေး)တွေဟာ Bacteria ပိုးကိုပဲ သတ်တာ ဖြစ်တယ်။ ဗိုင်းရပ်စ်ပိုးကြောင့် ဖျားတာလား၊ ဘတ်တီးရီးယားပိုးကြောင့် ဖျားတာလား မေ၀ခွဲနိုင်တဲ့အခါ (သာမန်ဆေးခန်းများမှာ ထိုပိုးများကို အလွယ်တကူ ဓါတ်ခွဲစမ်းသပ်ရှာဖွေရန် အခက်အခဲရှိတတ်သောကြောင့် )ထည့်ပေးတတ်ကြတာ။’’ ‘‘ဒါကိုပဲ နောက်ပိုင်းကြတော့ လူတွေက တုပ်ကွေးဖြစ်ရင်ကိုပဲ ပိုးသတ်ဆေးလေး သောက်လိုက်ရမှ ကျေနပ်ကြတာ။

အဲဒီကတစ်ဆင့် တစ်မျိုးသားလုံးကို ခြိမ်းခြောက်နေတဲ့ ပိုးသတ်ဆေး ယဉ်ပါးမှု ပြဿနာ (Drug Resistance)တွေ ဖြစ်လာတော့တာပါပဲ။” “ဒီတော့ တုပ်ကွေးလူနာကို သက်သာဆေးပဲ ပေးတာဆိုတာကို ဆက်ရှင်းရမယ်ဆိုရင် နာကျင်ကိုက်ခဲမှုနဲ့ နှာရည်ယို ချောင်းဆိုးမှုတွေဟာ ဒီတုပ်ကွေးရဲ့ ရောဂါလက္ခဏတွေပဲ ဒါတွေဟာလဲ လူနာတွေ လက်မခံနိုင်လောက်တဲ့အထိ ပြင်းထန်ကြလို့ ဆရာတို့က အကိုက်အခဲ သက်သာအောင် ဆေးပေးတယ်၊ နှာစေးချောင်းဆိုး သက်သာအောင် ဆေးပေးတယ်၊ လူနာက ဒါတွေ လျော့သွားတယ်ဆိုရင်ပဲ အလုပ်လုပ်နိုင်တယ်၊ သွားနိုင် လာနိုင်တယ်၊ ဒီအချိန်မှာ ကိုယ့်ရဲ့ ခုခံအားက C ပိုးကို အပြီးသတ် ချေမှုန်းလိုက်တာပဲ။’’

‘‘ပြီးတော့ တုပ်ကွေးဆိုတာ နှစ်ခါ မဖြစ်ရဘူးလားဆိုတဲ့ မေးခွန်းရှိတယ်’’ ဒီရောဂါကို ခေါ်ကတည်းက Seasonal FLU (ရာသီဖျား)လို့ ခေါ်တတ်ကြတယ်။ ဆိုလိုတာက တစ်ရာသီကို တစ်ခါတော့ ဖြစ်တတ်ကြတယ်။ ကိုယ််ခန္ဓာက ဒီပိုး ၀င်လာပြီ၊ (ဒီရန်သူကို) ဘယ်လက်နက်နဲ့ တိုက်ရင် အောင်မယ်ဆိုတာ သူ သိပြီးသွားရင် နောက်တစ်ခါ ၀င်လာတဲ့အခါ ေ၀ဒနာရယ်လို့ မခံစားရခင် တစ်ခါတည်း မောင်းထုတ်နိုင်တယ်။ အဲ… ဒါပေမယ့် ဒီတစ်ရာသီအတွက်ပဲ ရမယ်။ ဘာလို့လဲဆိုတော့ ဒီ…တုပ်ကွေးပိုးက မျက်နှာနဲ့ လာခဲ့ရင် ကိုယ််ခန္ဓာရဲ့ ခုခံအားစနစ်ကို မျက်စိလည်သွားပြီး အသစ်က ပြန်စကာ လက်နက်ရှာဖွေ တိုက်ရပြန်တယ်။’’

‘‘အဲဒါ Antigenic Shiftတို့ Antigenic Driftတို့ကို ပြောတာလား ဆရာ’’ လက်ထောက် ဆရာ၀န်မလေး Dr. အိနြေ္ဒမှ ၀င်မေးသည်။ ‘‘ဟုတ်တယ် အဲဒါကြောင့် ကြောက်ရတာက ဟိုတလောက တစ်ကမ်ဘာလုံးကို ခြိမ်းခြောက်သွားခဲ့တဲ့’’ ဆား (SIRS) ရောဂါတို့၊ ၀က်တုပ်ကွေးတို့ ကြက်တုပ်ကွေး ငှက်တုပ်ကွေးတို့ ဆိုတာတွေ ဖြစ်လာနိုင်လို့ပဲ။’’ ‘‘အဲဒီ မျက်နှာများတဲ့ တုပ်ကွေးပိုးဟာ တစ်ရာသီတစ်ခါ ဗီဇ ပြောင်းတတ်သလို တိရစ ္ဆာန်များတွင် ဖြစ်တတ်သော တုပ်ကွေးပိုးသည် လူ့ထံသို့ ပြောင်းလဲ ကူးစက်နိုင်သော ဗီဇပုံစံ ပြောင်းလဲသွားပြီး လူလူချင်း ထပ်ဆင့် ကူးစက်ရာမှ ဒီလို ကြက်၊ ငှက် တုပ်ကွေး ဆိုတာကြီး ဖြစ်လာတာပဲ။

‘‘အခြား သတ္တဝါတွေမှာ ဖြစ်တတ်တဲ့ တုပ်ကွေးဆိုတော့ လူရဲ့ ခုခံအားစနစ်က အလွယ်တကူ အချိန်မီ မတိုက်နိုင်သေးခင်မှာ သူ့ရဲ့ ကိုယ်ခန္ဓာထဲမှာ နှောက်ယှက် ဖျက်ဆီးမှုတွေကလဲ သာမန် တုပ်ကွေးတွေလို နှာစေးချောင်းဆိုးလောက် မဟုတ်တော့ အသက်ဆုံးရှုံးနိုင်တာတွေ ဖြစ်ရတာပေါ့။ H5N1 ဆိုတာတွေ၊ H1N1 ဆိုတာတွေက အဲဒီတုပ်ကွေးပိုးရဲ့ ဗီဇပုံစံ ပြောင်းလဲမှုကို ဖော်ပြနေတာဘဲ’’

“ဒီတော့ ရိုးရိုးတုပ်ကွေးအကြောင်းပဲ ပြန်သွားရရင် သူကလဲ လူကို သေစေနိုင်တဲ့အထိ ဒုက္ခပေးတတ်တယ်’’ ‘‘ဗျာ’’ အာမေဠိတ်သံများ ထွက်လာသည်။ ‘‘ဘယ်လိုလူတွေက ပိုကြောက််ရလဲဆိုတော့ အသက်အရွယ်အားဖြင့် ငယ်လွန်း၊ ကြီးလွန်း သူတွေပေါ့ဗျာ၊ ဥပမာ တစ်နှစ်အောက်ကလေးတို့ အသက် ၆၅ နှစ်နဲ့ အထက် လူကြီးတွေတို့ ကလေးတွေက အသက်နှစ်နှစ်သား၊ သုံးနှစ်သားအထိ ခုခံအားစနစ်က (တနည်းပြောရရင် လက်နက်)မပြည့်စုံသေးဘူးပေါ့ဗျာ၊ အဲ… လူကြီးတွေကျတော့လဲ ရှိတဲ့ လက်နက်က ယိုယွင်းစ ပြုနေပြီပေါ့ဗျာ၊ ကိုကျော်၀င်းတို့ ကျွန်တော်တို့ အရွယ်ကတော့ မကြောက်ရပါဘူး’’ ‘‘အဲ… ဒါပေမယ့် အကြောင်းတစ်မျိုးမျိုးကြောင့် ခုခံအား ကျဆင်းနေတဲ့သူတွေ ဥပမာ – ဆီးချိုရောဂါသည်၊ တီဘီရောဂါသည်၊

Steroid ဆေးတွေ အမြဲသောက်နေရသူတွေနဲ့ HIV ပိုးရှိသူတွေကတော့ ရောဂါပြင်းနိုင်တယ်။ နဂိုကတည်းက နာတာရှည် အဆုတ်ရောဂါ COPDတို့ Asthmaတို့၊ Cancer (ကင်ဆာရောဂါသည်) တို့မှာ ဆိုရင်လဲ ရောဂါရဲ့ နောက်ဆက်တွဲဒဏ် ခံရနိုင်တယ်။ ပြီးတော့ အ၀လွန်ကဲသူတွေနဲ့ ကိုယ်၀န်ဆောင်မိခင်တွေမှာလဲ ဆိုးနိုင်တယ်။’’
‘‘ဒီလောက် ကူးစက်လွယ်ပြီး ဒုက္ခပေးနိုင်တဲ့ရောဂါကို ကာကွယ်လို့ မရဘူးလား၊ ကျွန်တော်တို့က အစကတော့ တုပ်ကွေးဆိုတာ ရေမြေွလောက်ပဲ ထင်ခဲ့တာ ဆရာပြောမှ ကြက်သီးထလာပြီ’’ သူနာပြု အကူလေး မောင်ရေချမ်းက စိတ်၀င်တစား ထမေးသည်။ နားထောင်နေသူ အားလုံးကလည်း ခေါင်းတငြိမ့်ငြိမ့်နှင့် ထောက်ခံနေကြသည်။

ကျွန်တော်လည်း ဗဟုသုတ ဖြန့်ဖြူး ဟောပြောရသူ တစ်ဦးအနေဖြင့် ပရိသတ်မှ စိတ်၀င်စားသည်ဆိုသော အရိပ်အရောင်ကို တွေ့ရသဖြင့် ကျေနပ်အားရမိသည်။ ‘‘သိပ်ရတာပေါ့ဗျာ၊ အခုဆို FLU Vaccine ကာကွယ်ဆေး ပေါ်နေပြီ၊ မြန်မာပြည်မှာလဲ ၀ယ်ထိုးလို့ ရနေပြီ၊ ဈေးလည်း အတော်အသင့်ပဲ ခုနက ပြောခဲ့တဲ့ High Risk groupတွေကတော့ ထိုးထားသင့်တာပေါ့။’’ ‘‘အဲ… မထိုးနိုင်ရင်လည်း ၀မ်းနည်းစရာ မလိုဘူး၊ အလွယ်တကူ ကာကွယ်တဲ့ နည်းတွေရှိတယ်’’
ဆေးတိုင်းလိုလို ကောင်းကျိုး ဆိုးကျိုးတွေ ရှိတတ်သလို လူတိုင်းလည်း ထိုးနိုင်မည် မဟုတ်သဖြင့် ဆရာ၀န်တစ်ဦးအနေဖြင့် ငွေကုန်ကြေးကျများသော ကုထုံးများကို သိထားရမည်ဖြစ်သလို အလွယ်တကူ ရနို်င်သော နည်းလမ်းများကိုလည်း ဖြန့်ဖြူးပေးရမည်။

‘‘အကောင်းဆုံး ကာကွယ်နည်းကတော့ တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ မျှတ သင့်တင့်သော နေထိုင်စားသောက်မှုပဲ ဖြစ်တယ်။ ရောဂါပိုးရှိသူနဲ့ မလွဲမရှောင်သာ တွေ့နေရရင် သူ့ဆီက ရောဂါပိုးတွေ ကိုယ့်ဆီ မရောက်အောင် တတ်နို်င်သလောက် ရှောင်မယ်၊ ကိုယ်ဖြစ်ရင်လဲ သူများ မကူးအောင် နှာချေချောင်းဆိုးတိုင်း လက်ကိုင်ပုဝါ သုံးမယ်။ လက်ကို စင်ကြယ်အောင် ဆေးရမယ်။ ဥတု အာဟာရ မျှတအောင် နေရမယ်၊ ဆိုလိုတာက ပူတဲ့အချိန် ပူသလို၊ အေးတဲ့အချိန် အေးသလို ၀တ်စားဆင်ယဉ် ရမယ်။ အသားငါး ဟင်းသီးဟင်းရွက် သစ်သီး၀လံတို့ကို မျှတအောင် စားမယ်။ အိပ်ရေး၀၀ အိပ်မယ်ဆိုရင် အားပြည့်လန်းဆန်းပြီး ကိုယ်ခံအားတွေ အပြည့်ရှိနေမှာ ဖြစ်တယ်။ ဒါဆိုရင်တော့ ဘယ်တုပ်ကွေးမှ ကြောက်စရာ မလိုတော့ဘူးပေါ့။’’

‘‘ကျေးဇူးတင်ပါတယ်ဆရာ’’ ‘‘ဟုတ်ပြီ မနက် ၈း၃၀ တောင်ရှိနေပြီ Ward Round လိုက်ကြစို့။’’ ဆရာ၀န်တစ်ဦး၏ တစ်နေ့တာ လုပ်ငန်းများ အစပြုကာ လူ့ဘ၀ ဇာတ်ခုံအစုံစုံမှ ကျန်းမာရေးပြဿနာ အဖုံဖုံတို့ကို ဖြေရှင်းရပေဦးမည်။ ဤတစ်နေ့တော့ ‘‘ထိုမျက်နှာများသော တုပ်ကွေးရောဂါ’’ အကြောင်းကို မိမိ၏ လက်အောက်ငယ်သား များအား ဗဟုသုတ ဖြန့်ေ၀ခွင့်ရခဲ့သည့်အတွက် အတိုင်းမသိ ပီတိ၀မ်းမြောက် ရပါတော့သည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *