Health, Opinion

အားကျမိပါသည်

ပူပြင်းလှသော ဂိမန္တ နွေရာသီသို့ တစ်ခေါက်တစ်ခါ ရောက်လာခဲ့ပြန်ပြီ။ ငယ်စဉ်အခါကတော့ နွေရာသီဆိုသည်ကား အပျော်ဆုံး အချိန်။ အတန်းတင် စာမေးပွဲကြီးကို ဖြေဆိုပြီးလျှင် မီးကုန် ယမ်းကုန် ကဲရတော့မည်။ ပူပင်သောက ကင်းသော ကလေးဘဝမို့ အပျော်တစ်ခုသာ ခေါင်းထဲရှိခဲ့သည် မဟုတ်ပါလော။ (၁၀)တန်း အတန်းတင် ဖြေပြီး ကာလသည်ကား ယခင်ကဲ့သို့ နှစ်လ၊ သုံးလမျှသာ နားရမည် မဟုတ်ဘဲ လပေါင်းများစွာ (စာရေးသူတို့ ဆယ်တန်း အောင်စဉ်က တက္ကသိုလ်များ ခေတ္တပိတ်ထားချိန်) နားရမည်ဟူသော အသိက ပို၍ ပျော်စေခဲ့သည်။ ဖခင်ဖြစ်သူ ရာထူးတိုး၍ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ ရမည် ဖြစ်၍လည်း ပိုပျော်မိခဲ့သည်။ ပုသိမ်သား ဖြစ်၍ ရန်ကုန်၊ ပုသိမ် ကူးချည် လာချည် လုပ်ခဲ့ရသည့် အချိန်များကိုလည်း ယနေ့အထိ မေ့မရခဲ့။
ဆယ်နှစ်တာ ကာလမက လွန်လေပြီး ခဲ့သော အတိတ်တို့ကို သတိတရ နေရင်း စားပွဲပေါ်မှ လက်ကိုင်ဖုန်း မြည်သံကြား၍ ကောက်ကိုင်မိသည်။ “အေး၊ သူငယ်ချင်း ပီတိလား၊ ငါ ဖြိုးဝေပါ၊ မင်းအားရင် ဒီတစ်ပတ် ရန်ကုန်ကို တက်လာခ့ဲပါလား၊ Neurology (ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ) ဆွေးနွေးပွဲ ရှိတယ်။ YCH ရန်ကုန်ကလေး ဆေးရုံကြီးမှာ” ငယ်စဉ်ဆေးကျောင်းသား ဘဝကတည်းက ကလေး ကျန်းမာပညာနှင့် ပတ်သက်၍ လည်းကောင်း၊ ဦးနှောက်နှင့် အာရုံကြော ရောဂါများနှင့် ပတ်သက်၍ လည်းကောင်း၊ အများထက် ပိုမို စိတ်ဝင်စားခဲ့သူ ဖြစ်ကြောင်းကို သိသော ရန်ကုန်ဆေးရုံကြီးမှ သူငယ်ချင်းဖြစ်သူက သတင်းပေးခြင်း ဖြစ်သည်။

“Paediatrics (ကလေးကျန်းမာ)ရော Internal Medicine (ဆေးပညာရော MSC ကျောင်းသားတွေ တက်ကြမှာ၊ တို့တွေလည်း တက်လို့ ရတယ်”
ထိုသို့နှင့် ပူပြင်းလှသော ဤနွေရာသီ၏ စနေနေ့ နေ့လည်ဘက်တွင် ရန်ကုန် မြို့သို့ တစ်ခေါက် အရောက်သွားခဲ့သည်။ တနင်္ဂနွေ တစ်နေ့လုံး ဟောပြော ဆွေးနွေး ပုံကို နားထောင်၍ မိမိ တာဝန်ကျရာ မြို့လေးဆီသို့ ညအရောက် ပြန်ခဲ့ရသည်။ လူကြီးများ၏ အာရုံကြောရောဂါများ ဆွေးနွေးမည့် နေ့သည်ကား ရုံးဖွင့်ရက် ဖြစ်နေသဖြင့် တက်ရောက်ခွင့် မရခဲ့ပေ။
အပြည်ပြည်ဆိုင်ရာ ဦးနှောက်နှင့် အာရုံကြော အဖွဲ့အစည်းကြီးမှ ကလေး အာရုံကြော အထူးကု ပါရဂူကြီးများ လာရောက် ဆွေးနွေးသည်ကို တက်ရောက် နားထောင်ခွင့် ရခဲ့၍ ယနေ့ ကမ်ဘာ့နိုင်ငံကြီးများ၏ ကျန်းမာရေးကဏ္႑ ဖံွ့ဖြိုးမှုကို တစ်စေ့တစ်စောင်း လေ့လာရင်း အားကျမိခဲ့သည်။ တစ်နေကုန် သင်ကြား ပို့ချခဲ့သည်များထဲမှ မိဘ ပြည်သူများ ဗဟုသုတရရန် အလို့ငှာ ကောင်းနိုးရာရာတို့ကို စုစည်း တင်ပြ လိုက်ရပါသည်။ ထိုအထဲတွင် အမေရိကန် နိုင်ငံမှ ကလေးဦးနှောက်နှင့် အာရုံကြော အထူးကု ပါမောက္ခ ရောဂါ ရှာဖွေရေး ဓာတ်မှန်ပညာ ပါမောက္ခကြီး ဖြစ်သူ၏ သင်ပြပို့ချချက်များကား စာရေးသူတို့ အတွက် တအံ့တသြ ဖြစ်စေရပါသည်။

စာရေးသူတို့၏ ဦးနှောက်သည် မိခင်ဝမ်းတွင် ရှိစဉ်ကတည်းက စတင် ဖံွ့ဖြိုးခဲ့ရပါသည်။ ကလေးငယ်ဘဝ အသက် (၃)နှစ် ရောက်လျှင်ကား ဦးနှောက်၏ အင်္ဂါစုံပြီဟု ပြော၍ရပါပြီ။ အသက်ကြီးလာသည်နှင့် အမျှ အရွယ်အစား ကြီးလာသည်ဟု ပြောရရုံမျှသာ ထပ်မံ ဖံွ့ဖြိုးလာသော်လည်း ထူးထူးခြားခြား ထပ်၍ ဖံွ့ဖြိုးပေါ်ထွန်းစရာ အင်္ဂါ ထပ်မရှိတော့။ ဦးနှောက်၏ လုပ်ငန်း တာဝန်နှင့် စွမ်းရည်တို့သာ တဖြည်းဖြည်း အသက်နှင့် လိုက်၍ တိုးတက်လာစရာ ရှိပေသည်။ ထို့ကြောင့် ထိုအသက် (၃) (၄)နှစ် မတိုင်မီ ကာလအတွင်း ဦးနှောက်၏ ဖံွ့ဖြိုး တိုးတက်ဖြစ်ပေါ်မှုတို့ အတွင်း အမှားအယွင်း ဖြစ်ပါက တစ်သက်တာ ဖံွ့ဖြိုးမှု ချို့တဲ့သော ရောဂါများ ခံစား ရကြောင်း ယခင် စာစောင်များတွင် တင်ပြခဲ့ပြီး ဖြစ်ပါသည်။
ဦးနှောက်တစ်ခုကို ခွဲခြမ်းစိတ်ဖြာ ကြည့်လျှင် ဦးနှောက် အပြင်သားနှင့် အတွင်းသားဟူ၍ ခွဲခြားနိုင်ပါသည်။ အပြင်သား (Grey Matter)တွင် ဦးနှောက်ဆဲလ်များ စုဝေးနေပြီး အတွင်းသား (White Matter)တွင် ထိုဆဲလ်များမှ ထွက်လာသော အာရုံကြောများ ရှိသည်ဟု အကြမ်းဖျဉ်း မှတ်ယူနိုင်ပါသည်။ ထိုအပြင်သား အတွင်းသား တစ်နေရာရာတွင် ပုံမမှန် ဖြစ်လာပါက ရောဂါတစ်ခုခု ရတော့မည်။ လှုပ်ရှားရမည့် ကိုယ်လက်အင်္ဂါတို့ မလှုပ်ရှားနိုင်ခြင်း၊ မလှုပ်ရှားသင့်သော အထိန်းအကွပ်မဲ့ လှုပ်ရှားခြင်းနှင့် တက်ခြင်းတို့ ဖြစ်လာ ပေတော့မည်။ ဦးနှောက်ဆဲလ်များမှ လျှပ်စစ်ဓာတ်များ လိုအပ်သလို ထိန်းချုပ် ထုတ်လွှတ် ပေးနေသဖြင့် စာရေးသူတို့ လိုရာ လှုပ်ရှားနိုင်သော်လည်း အချို့ဦးနှောက်ဆဲလ်များ ချို့ယွင်းပြီး အထိမ်းအကွပ်မဲ့ လျှပ်စစ်ဓာတ်များ ထုတ်ပါက တက်ခြင်း (မြန်မာခေါ် ဝက်ရူးပြန်ခြင်း) ရောဂါဖြစ်လာရခြင်း ဖြစ်သည်။

၎င်းရောဂါတို့ကို ရှာဖွေဖော်ထုတ် စမ်းစစ်ရန် ဆေးပညာ သိပ္ပံပါရဂူတို့က ကြိုးစားခဲ့ကြသည်။ ဦးနှောက်မှ ထုတ်လွှတ်သော လျှပ်စစ်ဓာတ်ကို စစ်ဆေးရန် EEG (Electroencephalography)ကို တီထွင်ခဲ့ကြသည်။ နှလုံးရောဂါအချို့ကို ECG (Electrocardiography) ရိုက်သကဲ့သို့ ဦးခေါင်းခံွပေါ်တွင် (ECG စက်တွင် တပ်သော လျှပ်စစ် စုပ်ခွက်ခေါင်း ကလေးများကဲ့သို့)လျှပ်စီးဖမ်း ကိရိယာလေးများ တပ်ဆင်ပြီး စက်ပေါ်ရှိ စာရွက်ပေါ်တွင် ECOမှာကဲ့သို့ လျှပ်စစ်လှိုင်းများ ဖော်ထုတ်ရသော ကိရိယာ ဖြစ်သည်။ မည်သို့သော လှိုင်းပေါ်လျှင် မည်သည့် အတက်ရောဂါဟူ၍ ဦးနှောက်နှင့် အာရုံကြော အထူးကုကြီးများ၏ ပညာအရ သိရှိ ကုသနိုင်ကြသည်။ ထို့အပြင် အထူးဓာတ်မှန်များ ဖြစ်ကြသော CT (Computed Tomography)နှင့် MRI (Magnetic Resonance Imaging)တို့ ပေါ်ပေါက်လာသော အချိန်တွင်ကား ထိုလျှပ်စီးဓာတ် ကမောက်ကမ အထိန်းအကွပ်မဲ့ ထုတ်လွှတ်နေသော ဦးနှောက်၏ အစိတ်အပိုင်းနေရာတို့ကို ဓာတ်မှန်ချပ်များပေါ်၌ မျက်ဝါးထင်ထင် တွေ့လာ ကြရသည်။ ထိုသို့ မျက်ဝါး ထင်ထင် တွေ့ရသည့် အကျိုးကား ဆေးဝါးဖြင့် (အတက်အကျ ဆေးဖြင့်)ပင် ထိန်းချုပ်၍ မရတော့သော အတက်ရောဂါ အချို့တွင် ထိုအရင်းခံ ချို့ယွင်းနေသော နေရာကို ခွဲစိတ် ဖယ်ရှားနိုင်လာသဖြင့် တစ်သက်သာ အတက်ရောဂါ ကင်းဝေး ခဲ့ရသူများပင်တည်း။ စာရေးသူတို့ တိုင်းပြည်တွင်ကား ထိုမျှ ခွဲစိတ် ဖယ်ထုတ်ရသော အဆင့် ရှားလှသည် ဖြစ်ပါသည်။ တိုင်းပြည်၏ တိုးတက်မှုနှင့်အတူ ကျန်းမာရေး ကဏ္႑ ဖံွ့ဖြိုးလာသဖြင့် ယခုဆိုလျှင် ထိုEEGရော၊ CTနှင့် MRIပါ မြန်မာပြည်တွင် တွင်တွင် ကျယ်ကျယ် သုံးနိုင်ပြီ ဖြစ်သည်။
သို့သော် အတက်ရောဂါတိုင်း၌ EEG အဖြေချို့ယွင်းမည် မဟုတ်သလို EEG အဖြေ ကောင်းနေရုံနှင့် အတက်ရောဂါ မရှိပါဟု တရားသေ ပြော၍မရ။ ထို့အတူ အတက်ရောဂါ မရှိသူ တစ်ဦးတွင်လည်း EEG အဖြေ၌ အတက်ရောဂါ ရှိသကဲ့သို့ အဖြေထွက်သည်များ ရှိလာသဖြင့် ဆရာဝန်ကြီးများ၏ စမ်းသပ်မှု၊ ရောဂါ ရာဇဝင်အပေါ် မူတည်၍ ကုသရသည်များ ရှိလာသည်။ ထို့အတူ MRT ရိုက်သည့်အခါ သာမန်အားဖြင့် ဦးနှောက် အပြင်လွှာ၊ အတွင်းလွှာများ၏ အနေအထား ယိုယွင်းမှု၊ ဖံွ့ဖြိုးမှု ချို့ယွင်းမှုတို့ကို မြင်ရ တတ်သော်လည်း (၁၀)ရာခိုင်နှုန်းခန့်တွင် မတွေ့ရဘဲ Normal ပြနေတတ်သည်။ ထို့အတွက် ပညာရှင်တို့ ထပ်၍ ကြိုးစား ကြသည်။

PET (Positron Emission Tomography)ဟူသော နည်းပညာကို တီထွင်ခဲ့ကြသည်။ ဦးနှောက်ဆဲလ်များ၏ တည်နေရာ သာမက လုပ်ဆောင်ရည်ကိုပါ သိရှိရန် ရည်ရွယ်ချက်အား အကောင် အထည် ဖော်ခဲ့ကြသည်။ မည်သည့် အပိုင်းသည် အင်္ဂါအနေအထား ချို့ယွင်းမှု မရှိသော်ငြား အထိန်းအကွပ် မဲ့စွာ လုပ်ဆောင်နေကြောင်း သိရှိ လာကြရသည်။ ထိုမျှမက SPECT (Single Photon Emission CT)ကိုပါ တီထွင်ပြီး အတက်ရောဂါ ဖြစ်စေနိုင်သည့် ဦးနှောက်၏ တည်နေရာကို ရှာဖွေခဲ့ကြသည်။ တိုးတက်ပြီးသော နိုင်ငံအချို့တွင် ထိုကိရိယာများဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြု ဖော်ထုတ်နေသော်လည်း စာရေးသူတို့ တိုင်းပြည်တွင် မရှိသေး၍ စိတ်မကောင်း ဖြစ်မိသည်။ သင်ကြားပို့ချသူ အမေရိကန်မှ ပါမောက္ခကြီး (အိနိ္ဒယ နွယ်ဝင် ဖြစ်ဟန်တူသူ)က သဘော ကောင်းလှသည်။ “သင်တို့ တိုင်းပြည်တွင်ပါ မဝေးလှသော အချိန်တွင် တန်းတူအသုံးပြုနိုင်ရန် ကြိုးစား ကူညီမည်”ဟု ကတိပြုသွားသည်။
ထို့အတူ “အလှမ်းမမီသော ကိစ္စ အတွက် ဝမ်းနည်းမနေပါနှင့်။ သင်တို့ လက်လှမ်းနိုင်သော အခွင့်အရေး ကောင်းများ ရှိသေးသည်” ဟူ၍ အားပေးရင်း သူ၏ သင်ကြားမှုကို ဆက်သည်။ ကနဦး တင်ပြခဲ့သော သာမန် ရှာဖွေစက်များဖြင့် အဖြေမထွက်သော ရောဂါအချို့သည် ဦးနှောက်၏ အာရုံကြော အစုအဝေးများ (White Matter-Fibers) များတွင် ချို့ယွင်းချက် ဖြစ်၍ ၎င်းကို ရှာဖွေ ဖော်ထုတ်နိုင်သော Functional MRI ပညာရပ်ကို စာရေးသူတို့ကို မိတ်ဆက် ပေးခဲ့သည်။ စာရေးသူ ဗဟုသုတ နည်း၍ လားတော့ မသိ။ PET Scan, SPECT Scanအထိ ကြားဖူးခဲ့သော်လည်း ယခုပြောသော Diffusion Tensor MRI (Functional MRI)ဆိုသည်ကို မကြားဖူး။ ရိုးရိုး MRIစက်တွင်ပင် ထို DTI ခေါ် Software (ဝယ်၍) ထည့်သွင်းလိုက်ရုံဖြင့် ရပြီဟူ၍ ဝမ်းသာရသည်။ MRI ရိုက်ရင်း လူနာကို အချိန်အနည်းငယ် (၉)မိနစ်၊ (၁၀)မိနစ် စောင့်ခိုင်းရုံဖြင့် တန်ဖိုးရှိ လှသော ရောဂါ ဖော်ထုတ်ချက်ကို ရနိုင်မည်ဟု ဆိုသည်။ ဦနှောက်အတွင်း Fibersများ၏ စွမ်းဆောင်ရည်နှင့် ဖံွ့ဖြိုးမှုကို Fractional Anisotropy ဆိုသည်နှင့် တိုင်းတာပြီး အာရုံကြော လျှပ်စီး စီးဆင်းမှု ကောင်း၊ မကောင်း သိနိုင်ပါမည်။ (Copyright Lawအရ ခွင့်ပြုချက် မတောင်းခဲ့မိ၍ ထိုဆရာကြီး ပြသခဲ့သော ပုံများကို ထည့်သွင်း မပြနိုင် သည်ကို ခွင့်လွှတ် နားလည်ပေးကြ ပါရန်) ထိုအတက်ရောဂါ သာမက အခြား ဖံွ့ဖြိုးမှု ကျဆင်းသော ရောဂါများကိုလည်း ရှာဖွေနိုင်တော့မည်။ စကားမပြောနိုင်သော ကလေး၏ ဦးနှောက်အတွင်း ပုံမှန် ဟုတ်၊ မဟုတ် တိုးတက်မှု ရှိနိုင်၊ မရှိနိုင်ကိုပင် ခန့်မှန်းနိုင်တော့မည်။ တန်ဖိုးရှိလှသည်။ စာရေးသူတို့၏ ကျေးဇူးရှင် ပါမောက္ခ ဆရာကြီးများလည်း ဝမ်းသာကြရသည်။ စာရေးသူတို့၏ ဆရာကြီးတစ်ဦး ပြောဖူးသည်။ “တို့က ရောဂါကို မဖော်ထုတ် နိုင်ပေမယ့် ရောဂါရှိမယ့် နေရာနဲ့ အခြေအနေကို မှန်းပြီး ကုနေရတော့ မှန်းကုတွေပေါ့။ ရမ်းကုဆိုတာထက်တော့ သာရမယ်” ဟူ၍ပင်။ ယခုလို မျက်ဝါးထင်ထင် ရှာဖွေ ဖော်ထုတ်နိုင်လျှင်ဖြင့် မှန်းကုစရာမလိုတော့ တန်းကု ရတော့ပေမည်။

ဆရာကြီးပေးသော ဗဟုသုတများထဲမှ မိခင်မေတ္တာနှင့် ပတ်သက်သော ရှာဖွေမှု တစ်ခုလည်း သဘောကျမိသည်။ ဝါးကနဲ အော်ငိုသံကို ကြားလိုက်ရလျှင်ဖြင့် ခံစားနေရသော နာကျင်မှု အပေါင်းတို့ လွင့်စင်ပပျောက် သွားတတ်သည်ကို မိခင်တိုင်း သိကြသည်။ မီးဖွားပြီးစဉ် ကတည်းက သားငယ် သမီးငယ်တို့ကို ရင်ဝယ်ပိုက်၍ မေတ္တာနို့ရည် တိုက်ကျေွး တတ်ကြသည်။ မိမိကိုမမြင် မသိသေးဟု ယူဆသော်ငြား “သားသား၊ မီးမီးရေ”ဟု မေတ္တာအပြုံးဖြင့် ချော့မြူရင်း ထွေးပွေ့ ထားကြသည်။ မြန်မာလိုတော့ မေတ္တာ၊ အင်္ဂလိပ်လိုတော့ Bondingဟု သုံးကြသည်။ မေတ္တာနို့ရည်ကို သောက်စို့ ရသော ကလေးတိုင်း ပို၍ ကျန်းမာကြသကဲ့သို့ မိခင်အပေါ် ပို၍ ချစ်ခင် ကြသည်ဟု လက်ခံကြသည်။ ကလေးက မြင်သမျှကို လိုက်မှတ်နေတာ ဟု လူကြီးများ ခဏခဏ ပြောတတ် ကြသည်။ ထိုအချက်များကား ယုံတမ်း စကားမဟုတ်။ သိပ္ပံပညာက လက်တွေ့ ဖော်ထုတ် ပေးနိုင်ခဲ့ပြီ။

စာရေးသူတို့ ဦးနှောက်ရှိ နေရာတစ်ခု ဖြစ်သော Amygdaloid Body နေရာသည် အမိဝမ်း ကျွတ်ချိန်မှစ၍ မြင်သမျှကို မှတ်ထားသော နေရာဖြစ်သည်။ မိခင်၏ မေတ္တာနှင့် မျက်နှာကို အမြဲ မြင်နေရသော ကလေးငယ်အဖို့ ၎င်းနေရာသည် ကောင်းမွန်စွာ ဖံွ့ဖြိုး ရသည်။ ထို့ကြောင့် နောက်ပိုင်းတွင် “ဒါအမေ”ဟု သီးသီးသန့်သန့် မိတ်ဆက် ပေးစရာ မလိုတော့။ ထိုဖံွ့ဖြိုးမှုကို Statistical Parametric Mapping Analysis (SPM) နည်းပညာဖြင့် ထိုနေရာ၏ Glucose Metabolismက ကောင်း၊ မကောင်း စစ်ဆေး သိရှိခြင်း ဖြစ်သည်။ သို့ဆိုလျှင် မည်သို့သော ကလေးမျိုး၌ ထိုဖံွ့ဖြိုးမှုနည်း မည်နည်း။ ရှင်းပါသည်။ စွန့်ပစ်ခံ ကလေးငယ်များ၊ မိဘမဲ့ ကလေးငယ်များတည်း။ (မိခင် မရှိသည့်တိုင် တစ်စုံတစ်ဦးက ကြင်ကြင်နာနာဖြင့် ပြုစုပါလျှင် ပုံမှန် ဖြစ်နိုင်သေးသည်) သင်ပြသူ ပါမောက္ခကြီးတို့ အဖွဲ့သည် Romaria (ရိုမေးနီးယား)ရှိ မိဘမဲ့ ကလေးများနှင့် မိဘရှိသူ ကလေးငယ်များကို ယှဉ်တွဲ လေ့လာပြီး အဖြေထုတ်ခဲ့ဖူးသည်ဟု သိရပါသည်။ ထိုမိဘမဲ့ ကလေးများ၏ နောက် ဆက်တွဲ ပြဿနာများ ဖြစ်သည့် ဖံွ့ဖြိုးမှု နိမ့်ကျခြင်း၊ ဆိုးသွမ်းခြင်း၊ ရူးသွပ်ခြင်းတို့၏ အကြောင်းအရင်း ခံသည်ကား ထိုဧရိယာ မဖံွ့ဖြိုး၍ နောက်ဆက်တွဲ ဖြစ်ရခြင်း ဖြစ်သည်ဟု ကောက်ချက်ချ ကြသည်။ ထိုအကြောင်း အရာကို နားထောင်ရင်း မိဘမေတ္တာ၏ ကြီးမားလှသော ကျေးဇူးတရားကို ပိုမို သိမြင်လာသည်။ စာရေးသူတို့ ယခုကဲ့သို့ နေနိုင်သည်မှာ လည်း မိဘကျေးဇူး မဟုတ်ပါလား။
အမေရိကန်၊ အင်္ဂလန်နှင့် စင်ကာပူမှ ပါမောက္ခကြီးများ တစ်ဦးပြီး တစ်ဦး သင်ကြား ပို့ချသွားကြသည်။ စေတနာပါ သကဲ့သို့ မေတ္တာလည်း ပါသည်။ ဆရာစား မချန်ကြ။ နိမ့်ကျသူကို နှိမ်ရန် မကြိုးစား၊ လက်တွဲ ခေါ်ကြသည်။ မြန်မာပြည်၏ သာယာမှုနှင့် တိုးတက်လာမှုကို ချီးမွမ်းကြ သည်။ ထိုဆရာကြီးများကို စာရေးသူ အားကျမိသည်။ စိတ်ဝယ် မှန်း၍လည်း ကန်တော့ မိပါသည်။ ယခုတစ်ပတ် စနေ၊ တနင်္ဂနွေ နေ့လေးတော့ တန်ဖိုးရှိလှသည်။ နွေရာသီ ပူပြင်း လာပါပြီ။ ဟုတ်ပါသည်။ သို့သော် စာရေးသူ၏ ရင်တွင်းမှာတော့ ပီတိများဖြင့် ဝမ်းသာမှုများဖြင့် အေးမြ နေပါတော့သည်။
(ထိုဆွေးနွေးပွဲကြီး ဖြစ်မြောက်အောင် စီစဉ် အကောင်အထည် ဖော်ပါသော သက်ဆိုင်ရာ ဆရာကြီးများ၊ ဆေးကုမ္ပဏီ များကိုလည်း ကျေးဇူးတင်လျက်)

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *