Health, Opinion

မကြုံတွေ့စေလိုပါ သို့သော်…

shajareilm.blogspot.com

ဟုတ်ပါသည်။ မိမိအပါအ၀င် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မကြုံတေ့ွစေလိုပါ။ သို့သော် မည်သူမျှ မခန့်မှန်းနိုင်သော ကံကြမ္မာဆိုးကြောင့် တစ်ချို့သောသူများ ကြုံတွေ့ခံစားကြရသည်။ ရှောင်လွှဲ၍ မရကြ။ ၄င်းကား “ကပ်ဘေး” တည်း။ “ဘေး” အမျိုးမျိုးရှိသည့်အနက် လူအများစုကို အစုလိုက် အပြုံလိုက် ဒုက္ခပေးနိုင်သည့် အထဲတွင် “ကပ်ဘေး” များသည် ထိပ်ဆုံးမှ ရှိသည်။ လူတို့၏ လုပ်ရပ်နှင့် ဖန်တီးမှုတို့၏ အကျိုးဆက်ကြောင့် ဖြစ်ပေါ်တတ်သော ကပ်ဘေးများ ရှိသကဲ့သို့ သဘာ၀အလျောက် ဖြစ်ပေါ်လာသော ကပ်ဘေးများလည်း ရှိပေသည်။ အများသိကြသည့် ရောဂါဘယကပ်ဘေးသည် တစ်ချိန်တစ်ခါက ကမ်ဘာကို ခြိမ်းခြောက်ဖူးခဲ့သလို ရာသီဥတု ကပ်ဘေးများကလည်း တစ်ကမ္ဘာလုံးနီးပါး မဖြစ်ပွားသော်လည်း နေရာဒေသအလိုက် နှစ်စဉ်သော်လည်းကောင်း၊ ရံဖန်ရံခါလည်းကောင်း ဖြစ်ပွားတတ်ကြပါသည်။

ကမ်ဘာ့နိုင်ငံများနှင့် ယှဉ်လျှင် “ကပ်ဘေး” သက်ရောက်မှု နည်းပါးသော ကျွနု်ပ်တို့ နေထိုင်ရာ မြန်မာပြည်ကြီးပင်တွင် “ဆူနာမီ၊ နာဂစ်” အစရှိသော တုန်လှုပ်ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်ဆိုးကြီးများ ကြုံတွေ့ခဲ့ကြရဖူးပါသည်။ ပြည်သူအများ အေးချမ်းတည်ငြိမ်စွာ နေထိုင်စားသောက်နိုင်ရန်အတွက် ကောင်းမွန်သော အမျှော်အမြင် အပြည့်အ၀ဖြင့် စီမံအုပ်ချူပ်နေသော အစိုးရဟူသည့် အဖွဲ့အစည်းသည်ကား ထိုကပ်ဆိုးမျိုးကို မကြုံတွေ့ခင်ရပင် “ကြုံတွေ့ခဲ့ရလျှင်…” ဟူသော ခေါင်းစဉ်ဖြင့် အစီအမံများကို ရေးဆွဲ အကောင်အထည်ဖော်ရမြဲ ဖြစ်ပါသည်။

အစိုးရ၏ “ပြန်လည်ကယ်ဆယ်ရေး” ဦးတည်လုပ်ငန်းများတွင် “ကျန်းမာရေး”သည် အရေးပါသော အခန်းကဏ္႑တစ်ခုမှ ပါ၀င်ပါသည်။ ထို့ကြောင့် “ရောဂါဘယ ကပ်ဆိုးပင်မဟုတ်” လင့်ကစား “ကျန်းမာရေး” သည် မပါမဖြစ်သော ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ ကျန်းမာရေး၀န်ထမ်းများအဖို့ ကပ်ဆိုးဖြစ်ပွားရာသို့ အချိ်န်မီ သွားရောက်ပြီး မိမိတို့၏ အသက်အန္တရာယ်ကိုပင် မငဲ့ကွက်ပဲ လူသားတို့၏ အသက်ကို ကယ်တင်ခဲ့ကြရသည်။
ယခုလည်း အထက်မြန်မာပြည်တွင် လှုပ်ခါခဲ့သော ငလျင်ကြောင့် လူများစွာ ထိခိုက်ဒဏ်ရာ ရ၍ ပျက်စီးကြရသည်။ ဖြစ်ခဲသော အဖြစ်အပျက်တစ်ခုဖြစ် (ပြင်းအား များလေ့မရှိ) သည့် အတွက်ကြောင့်လည်း မည်သူမျှ ကြိုတင် မသိရှိရလိုက်ပဲ၊ မပြင်ဆင်နိုင်လိုက်ပဲ ခံစားခဲ့ကြသည်။ စိတ်မကောင်းစရာပင်တည်း။

ထိုသို့ အဖြစ်အပျက်များကို ရှေ့တွင်ဆိုခဲ့သည့်အတိုင်း မိမိကိုယ်တိုင် မကြုံတွေ့လိုသကဲ့သို့ မည်သူ့ကိုမျှလည်း မတွေ့စေလိုပါ။ ထိုအဖြစ်မျိုး မဖြစ်ပျက်အောင် တားဆီး၍ မရနိုင်သော်လည်း ဖြစ်ပျက်နိုင်သည့် ကိစ္စရပ်၊ ပြဿနာများကို ကြိုတင် စဉ်းစား၍ ကာကွယ်ရန် အခွင့်အလမ်းများ ရှိပေသည်။ ပွဲမ၀င်ခင် အပြင်မှာပဲ ကြိုတင် လေ့ကျင့် ကျင်းပကြရသည်။ ၄င်းတို့အထဲမှ ပြည်သူများ သိရှိထားသင့်သော အချက်အလက်တစ်ချို့ကို ဖော်ပြနိုင်ရန် ရေးသားရခြင်း ဖြစ်ပါသည်။ ငလျင်လှုပ်ခြင်းသည် ပမာဏနည်းများမဟူ ထပ်မံ၍ ကြုံတွေ့နိုင်သော (လူအများကို သေစေနိုင်သော) ဖြစ်ရပ်မျိုး ဖြစ်သဖြင့် “ငလျင် လှုပ်လျှင် ဘာလုပ်မလဲ” ဟူသော မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ၏ ပညာပေးစာစောင်ပါ အချက်များကို မသိရှိသေးသောသူများ သိရှိစေရန် ကိုးကား ရေးသားလိုက်ရခြင်းလည်း ဖြစ်ပါသည်။

ငလျင်မလှုပ်မီအချိန်တွင် လေးလံသော ပစ္စည်းများကို အမြင့်တွင် မထားဘဲ ငလျင်လှုပ်၍ ပြုတ်ကျပါက မိမိတု့ိအား အန ္တရာယ်မဖြစ်စေနိုင်သော နေရာသို့ ပြောင်းထားသင့်ပါသည်။ သို့မှသာ ထိခိုက်ဒဏ်ရာရခြင်းကို ဦးစွာ ကာကွယ်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် မှန်ပြတင်းတံခါးများ အနီးတွင်လည်း အိပ်စက်ခြင်း မပြုသင့်ပါ။ ထို့အတူ ငလျင်လှုပ်လျင် ပြိုကျ ပျက်စီးနိုင်သော အိမ်၏ ခြကိုက်၊ ပိုးစားနေသော အပိုင်းများကို ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။ တစ်အိမ်လုံး သာမက ခေါင်းမိုးမျက်နှာကျက်များကိုလည်း ခိုင်ခံ့မှု ရှိမရှိ စုံစမ်း စစ်ဆေးထားသင့်ကြောင်းလည်း ဖော်ပြထားပါသည်။

အရေးပေါ် မီးအိမ် (Emergency Light)၊ ဖယောင်းတိုင်နှင့်တကွ ရှေးဦးသူနာပြုစုခြင်းပညာ၊ ဆေးသေတ္တာနှင့် အခြားပစ္စည်းများကို အသင့်စောင်ထားရပါမည်။ လျှပ်စစ်မီး မိန်းခလုတ်ရှိရာကိုလည်း မှောင်ချိန်မှာပင် သတိထားမိအောင် နေရာ သတ်သတ်မှတ်မှတ် သိမ်းထားသင့်ပါသည်။ ငလျင်အန ္တရာယ် “ဇာတ်တိုက်လေ့ကျင့်မှုများ” နှင့် အခြားပညာရပ်ဆိုင်ရာ ကိစ္စများကို ကြိုတင် ဆောင်ရွက်သင့်ပါသည်။ စာသင်ကျောင်းများတွင်ပါ ပညာပေး သင်ကြားမှုများကို ငယ်ရွယ်စဉ် ကလေးအရွယ် နားလည်တတ်စအချိန်မှစ၍ သင်ကြားပို့ချထားသင့်သည်။

“၀ပ်၊ ကာ၊ ငြိမ်” ဟူသော ပညာပေး ဆောင်ပုဒ်လေးအတိုင်း “ငလျင်လှုပ်လျှင် ၀ပ်နေပါ၊ အကာအကွယ် ယူထားပါ၊ ငြိမ်နေပါ” ဟူသည့် အချက်များကို ရင်၀ယ်စွဲနေလျှင် ကပ်ဘေးဒုက္ခကို ခံစားရမှု သက်သာသွားစေရပါမည်။ ထို့အပြင် ငလျင်လှုပ်သောအချိန်တွင် လူတို့ ကြောက်လန့်တကြား ဆုံးဖြတ် လုပ်ဆောင်မှုများသည် အန ္တရာယ်မကင်းကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်ခြေနီအဖွဲ့ကြီးမှ ညွှန်ကြားထားသည်မှာ ငလျင်လှုပ်သော အချို့အချိန်တွင် ကြောက်လန့်တကြား မဖြစ်ရန်၊ မိမိမည်သည့်နေရာတွင် ရှိသည် ဖြစ်ပါစေ (ဥပမာ- အဆောက်အဦးအတွင်း၊ စက်ရုံ၊ အလုပ်ရုံအတွင်းသို့ ရောက်နေသည်ဖြစ်ပါစေ အပြင်သို့ထွက်ရန် လုံး၀ မကြိုးစားသင့်ပါ။

ခြေထောက်အခိုင်အမာရှိသော စားပွဲ၊ ကုတင်တို့အောက်၌ရှိနေခြင်း၊ ပုန်းခို၍ ရနိုင်သော နေရာ၌ နေခြင်းဖြင့် မိမိကိုယ်ကို ဦးစွာ ကယ်တင်သင့်ပါသည်။ မှန်ချပ်များနှင့် ေ၀းရာအရပ်တွင်သာ နေသင့်ပါသည်ဟုလည်း ဖော်ပြထားပါသည်။ အကယ်၍ သင်သည် အဆောက်အဦးပြင်ပ၌ ရှိနေသည်ဆိုပါကလည်း အတွင်းသို့ ၀င်ရန် မကြိုးစားသင့်ပဲ နေမြဲတိုင်း ငြိမ်သက်စွာ ဆက်၍ နေသင့်ကြောင်း သိရှိရပါသည်။ ဓာတ်ကြိုးဓာတ်တိုင်များ၊ သစ်ပင်ကြီးများ၊ အုတ်တံတိုင်းနှင့် နံရံများနှင့် ေ၀းရာနေရာသို့ ရှောင်ရှားထားမှသာ ပို၍ အန ္တရာယ် ကင်းပေလိမ့်မည်။

ဓာတ်လှေကား တပ်ဆင်ထားသော အထပ်မြင့် ခေတ်မီတိုက်ကြီးများမှလည်း ဓာတ်လှေကားစီး၍ ဆင်းသက်ခြင်း၊ မပြုလုပ်သင့်ပါ။ ရိုးရိုးလှေကားကိုသာ အသုံးပြုသင့်ကြောင်း တန်ဖိုးရှိသည့် ညွှန်ကြားချက်တစ်ခုကို မှတ်သားရပါသည်။ တံတားများ၊ ကုန်းကျော်တံတားများပေါ်၌လည်း ကားမောင်းခြင်း၊ စက်ဘီး၊ ဆိုင်ကယ်စီးခြင်း မပြုသင့်ဘဲ ဘေးကင်းရာ အရပ်တစ်ခု၌ “ရပ်ထား”ပြီး ကားထဲတွင် စောင့်နေသင့်ပါသည်။ အကယ်၍ သင်သည် ငလျင်လှုပ်ချိန်၌ ရေအိုင်၊ ပင်လယ်၊ သမုဒ္ဒရာများအနီး ရောက်ရှိနေပါက ကုန်းမြင့်ရှိရာ ချက်ချင်း ပြေးတက်ပြီး ဆူနာမီရေလှိုင်းများ၏ ဘေးကို ရှောင်ရှားသင့်ပါသည်။ အထပ်မြင့် အဆောက်အအုံများအတွင်း ရောက်ရှိနေပါက လူအများ ပိတ်မိနေသော်ငြား တိုးထွက်ခြင်း မပြုလုပ်သင့်ပါ။ ထို့အပြင် ပြတင်းပေါက် ၀ရန်တာများအနီးတွင် နေထိုင်ခြင်းကို ရှောင်ကြဉ်ရမည်။

ထို့ပြင် ကြောက်လန့်တကြားဖြင့် ခုန်ချခြင်းကို ရှောင်ကြရမည်။ ထို့အတူ ပြုတ်ကျလာသော အပိုင်းအစများကိုလည်း မထိခိုက်မိအောင် ကာကွယ်သင့်ပါသည်။
ငလျင်လှုပ်ပြီးသော အချိန်တွင်ကား မိမိကိုယ်တိုင်နှင့် အခြားသူများ ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ ရှိ/မရှိ စစ်ဆေးသင့်ပါသည်။ လိုအပ်သော ရှေးဦးသူနာပြုစုနည်းများလည်း အသုံးပြုသင့်ပါသည်။ လျှပ်စစ်မီးကြိုးများ၊ ရေပိုက်များ လောင်စာဆီ သိုလှောင်ကန်များကို စစ်ဆေးထားသင့်ပြီး ပျက်စီးမှုရှိပါက ဆက်လက်အသုံးမပြုဘဲ ဖြတ်တောက် ပိတ်ပင်ထားရပါမည်။ ရှူးဖိနပ်၊ လည်ရှည်ဖိနပ်များရှိပါက မှန်အကွဲအစများ၏ စူးရှခြင်းကို ကာကွယ်နိုင်ပါသည်။ ပေါက်ပြဲ ပျက်စီးနေသော လျှပ်စစ်လိုင်းများကို သတိထားသင့်ပြီး လျှပ်စစ်ရုံးသို့ သတင်းပို့သင့်ပါသည်။

ပင်လယ်နားသို့ သွားရောက်ခြင်းမျိုးုကိုလည်း ရှောင်သင့်ပြီး ပျက်စီးနေသော အဆောက်အဦးများနှင့်လည်း ေ၀းရာတွင် နေသင့်ပါသည်။ အရေးပေါ်ကိစ္စအတွက် Ph ကို သုံးသင့်ပါသည်။ သင်နေထိုင်ရာ အရပ်၏ ထုံးစံအတိုင်း ဥပဒေများကို လိုက်နာသင့်ပါသည်။ အခြားအရပ်သို့ ထိုကာလအတွင်း ပြောင်းရွှေ့ရမည် ဆိုလျှင်လည်း အခြားသူတစ်ဦးအား “မည်သည့်နေရာ သွားမည်” “မည်သို့ သွားမည်”ကို မှာကြားထားမှသာ စာရင်းအင်းကို အတိအကျ ဖော်ထုတ်နိုင်မည် ဖြစ်သည်။ ထို့နောက် ဆက်လက် ဆောင်ရွက်သင့်သည်များကို ကြောက်လန့်ငြိမ်ကုပ်၍ မနေဘဲ ဆက်လက် ဆောင်ရွက်သင့်ပါသည်။

ထို့ကြောင့် မည်သည့်အချိ်န် မည်သည့်နေရာတွင် မည်မျှပမာဏ မည်သို့ငလျင်လှုပ်မည်ကို မသိရှိနိုင်သော်ငြား ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည် ရှိသော် ကြိုညွှန်ကြားချက်များကို သတိသွင်းကာ အကောင်အထည်ဖော်နိုင်ပါက ကိုယ်တိုင်မက အခြားသူတို့၏ အသက်ပေါင်းများစွာကို ကာကွယ် ကယ်တင်နိုင်မည် ဖြစ်ပါသည်။ ထိုညွှန်ကြားချက် ထုတ်ပြန်ပေးသော ကြက်ခြေနီအဖွဲ့များကို ကျေးဇူးတင်သင့်ပါသည်။ ထို့ကြောင့် အချူပ်အားဖြင့် ဆိုရသော် အသက်ကို ဒုက္ခပေးနိုင်သော ထိုကဲ့သို့ ငလျင်ဆိုးများ၏ အန ္တရာယ်ဘေးမှ လွတ်ကင်းအောင် အတတ်နိုင်ဆုံး သတိချူပ်၍ ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းကယ်တင်သင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *