Opinion

မြန်မာ့ဆက်သွယ်ရေးနှင့် မလေးရှားနိုင်ငံ ဆက်သွယ်ရေး နှိုင်းယှဉ်ချက်များ

ခုမြန်မာနိုင်ငံမှာ ဖုန်းတွေ အတော်ခေတ်စားလာတော့ မလေးရှား နိုင်ငံရဲ့ ဖုန်းတွေအခြေအနေကိုလည်း သိချင်ကြမယ်လို့ မနော ထင်မြင် မိတဲ့အတွက် မလေးရှားရောက် မြန်မာတစ်ယောက်ကို မေးမြန်းထားတဲ့ မြန်မာ့ဆက်သွယ်ရေးနှင့် မလေးရှားနိုင်ငံ ဆက်သွယ်ရေး နှိုင်းယှဉ်ချက် များဆိုတ့ဲ ခေါင်းစဉ်နဲ့ အကြောင်းအရာများကို ပြောပြချင်ပါတယ်။

Postpaid နှင့် Prepaid စတင်ပုံများ

မြန်မာနိုင်ငံမှာ ၂၀၀၇-၂၀၀၈ ပတ်ဝန်းကျင်လောက်က ၁၅ သိန်းတန်ဖုန်းတွေ စတင်ချပေးပြီး PostPaid စနစ်ကို စတင်သုံးစွဲ လာခ့ဲပါတယ်။ အဲဒီအချိန်တုန်းကဆိုရင် ဖုန်း (Sim Card) ပေါက်ဈေး တွေဟာ ကြောက်ခမန်းလိလိ သိန်းလေးငါးဆယ်နီးပါး ဈေးပေါက်ခ့ဲ ပါတယ်။ အဲဒီအချိန်တုန်းက ဆက်သွယ်ရေးမှာ တန်းစီပြီး စာအုပ်လေး တွေထပ်ကာ ငွေပေးချေတ့ဲ စနစ်ကျင့်သုံးခ့ဲတာမို့ ငွေပေးချေတာကို လက်ခံလုပ်ပေးတ့ဲ ပွဲစားတွေပါ ပေါ်ပေါက်လာတာကို တွေ့ခ့ဲရပါတယ်။ ယခုနောက်ပိုင်း ၂၀၁၁ ခုနှစ်မှာတော့ Prepaid စနစ် ဖြစ်ပေါ်လာပြီး ငွေဖြည့်ကဒ်လေးတွေ မြန်မာ့ဆက်သွယ်ရေးက ကျပ်တစ်သောင်းတန် တွေနဲ့ စတင် ထုတ်ဝေလာခ့ဲပါတယ်။ ယခု ငါးထောင်တန် ငွေဖြည့် ကဒ်တွေ ပေါ်နေတယ်လို့ သိရပါတယ်။

ဒီလိုလုပ်လိုက်တာဟာ ဖုန်းကိုင်သူတွေအတွက် လမ်းဘေးဆိုင်တွေမှာ ဖြည့်လို့ ရလို့ အဆင် ပြေပါတယ်။ မလေးရှားနိုင်ငံမှာကတော့ ၁၉၉၄- ၉၅ လောက်မှာ နိုင်ငံသားတွေအတွက် Postpaid Sim Card တွေ စတင် သုံးစွဲ လာခ့ဲ ပါတယ်။ ၁၉၉၆ မှာတော့ အားလုံး သုံးစွဲနိုင်အောင်ဆိုပြီး နိုင်ငံပိုင် Celcom နဲ့အပြိုင် Maxis ဆိုတ့ဲ လိုင်းကုမ္ပဏီ တစ်ခု ပေါ်လာပြီး prepaid sim card တွေကို မလေးရှား ရင်းဂစ် (RM:238)၊ ယခု မြန်မာ ပေါက်ဈေးနဲ့ဆို ခြောက်သောင်းခွဲနဲ့ စတင် ရောင်းချခ့ဲပါတယ်။ အဲဒီ အချိန်တုန်းက ဖုန်းခေါ်ဆိုခတွေဟာ မြန်မာပြည်ကို ခေါ်ရင် တစ်မိနစ် ကို တစ်ထောင့်သုံးရာလောက် ကျပါတယ်။ ယခုတော့ တစ်မိနစ်ကို နှစ်ရာ့ငါးဆယ်လောက်ပဲ ကုန်ကျ ပါတော့တယ်။

မြန်မာပြည်က အင်တာနက်ဆိုင်တွေက ခေါ်ရင် မြန်မာငွေ တစ်ရာပဲကျတာမို့ မြန်မာ ပြည်က ဖုန်းခေါ်ဆိုခတော့ သက်သာတယ်ပေါ့နော်။ ဒါလေးတော့ မြန်မာပြည်က သာပါတယ်ခင်ဗျာ။ အဲဒီလို မလေးရှား အစိုးရက ဆက်သွယ်ရေးကို လွတ်လပ်ခွင့် ပေးလိုက်တ့ဲအတွက် အခုဆိုရင် DiGi, U Mobile, TM net, Yes, P1 စသည်ဖြင့် အပြိုင်အဆိုင် ပေါ်လာ ပါတယ်။ အင်တာနက်ကိုလည်း သူ့ထက်ငါ အပြိုင် ဈေးတွေ လျော့ပေး နေ ကြပါတယ်။ ယခုဆိုရင် တယ်လီဖုန်း Sim Card တစ်ခု ပေါက်ဈေး ဟာ မြန်မာငွေ နှစ်ထောင့် သုံးရာလောက်သာ ပေးရပြီး Sim Card ထဲမှာ ဖုန်းခေါ်ဖို့ ငွေသား တစ်ထောင့်သုံးရာငါးဆယ် ပါသေးတာမို့ Sim Card က အလကား နီးပါးဖြစ်နေတာကို တွေ့ရပါတယ်။ မြန်မာပြည်မှာ အခုအချိန်အထိ နှစ်သိန်း၊ နှစ်သိန်းခွဲ ပေးနေရသေးတာမို့ ကျပ်ငါးထောင်တန် ထွက်သင့်နေပါပြီဆိုတာ တိုက်တွန်းချင်ပါတယ်။ ဒါမှ ကန်ဇွန်းရွက်သည်ကအစ မြန်မာ တစ်ပြည်လုံး ကိုင်နိုင်အောင် လို့ပါ။ စေတနာနဲ့ပါ။ ဒီမှာက ကလေးကအစ လူတိုင်းမှာ Sim Card တွေ ဖုန်းရှိသလောက် ဝယ်သုံးလို့ ရနေပါတယ်။

Phone အစစ်နဲ့ အတု ခွဲခြားနည်းလေးများ

မြန်မာပြည်မှာ Sim Card တွေကို နှစ်သိန်း၊ နှစ်သိန်းခွဲကျပ်နဲ့ ရောင်းချနေတာမို့ လူလတ်တန်းစားတွေ ကိုင်လာနိုင်ကြပါပြီခင်ဗျာ။ အဲလို ကို်င်နိုင်တာကြောင့် ဖုန်းဆိုင်တွေကလည်း အစီအရီ ပေါ်လာ နေကြပါတယ်။ မလေးရှားမှာလည်း Sim Card ထက် ဖုန်းအခံွက ပေါ်ပြူလာ ဖြစ်နေလို့ ဖုန်းဆိုင်တွေ အစီအရီပေါ်လာပြီး အလုပ်ဖြစ်နေ ကြပါတယ်။ ဘာကြောင့် ဖုန်းဆိုင်တွေ ပေါ်လာလည်းဆိုရင် ဖုန်းတစ်လုံးရဲ့ အမြတ်ဟာ တစ်ခြား စီးပွားရေးထက် များများ အမြတ် အစွန်း ရလို့ပါ။ ဘယ်လောက်မြတ်တယ်ဆိုတာ ဖုန်းဆိုင်ဖွင့်သူတိုင်း သိမှာပါ။ ကျွန်တော်ကတော့ အသိတွေရှိတာမို့ သူတို့ အမြတ်အစွန်းကို သိပါတယ်။ သူတို့စီးပွားရေးကို တုတ်နဲ့ ထိုးပါဘူးနော်။ အဲလို ပေါ်လာ တ့ဲအထဲမှာ ဝိသမလောဘသမားတွေ ပါလာပြီမို့ အတုတွေပါ ပါလာပါပြီ။

ဥပမာ ပြောရရင် ယနေ့ နာမည်ကြီးနေတ့ဲ Samsung ဖုန်းဆိုရင် တရုတ်ပြည်မကြီးက ထုတ်တာပါပဲ။ အစစ်ရယ်၊ဈေးတစ်ဝက် သက်သာတ့ဲ၊ ပြန်ပြင်လို့ စင်တာက လက်မခံတ့ဲ AP ဆိုတ့ဲ အမျိုးအစား ရယ်။ အဲဒါတွေနဲ့ နီးပါး တူအောင် လိုက်လုပ်တ့ဲ Samsung အတုဆိုပြီး သုံးမျိုး ထွက်လာပါတယ်။ Samsung အစစ်က ဈေး အင်မတန်ကြီးပြီး ခြောက်သိန်းကျော်ကနေ အစားစားရှိပါတယ်။ AP ကတော့ အစစ် ပေမယ့် အထဲမှာ ပါတ့ဲ ပစ္စည်းတွေက ပေါချောင်ကောင်းလုပ်ထားတ့ဲ တစ်ဝက်ဈေးရှိတ့ဲ လူတကာကိုင်နိုင်အောင် တရုတ်ပြည်က ထုတ်တ့ဲ တစ်မျိုးပါ။ အစစ်နဲ့အားလုံး တူပါတယ်။ သူကတော့ အာမခံမရှိ။ စင်တာ လက်မခံပါ။ ဒါပေမယ့် ဆိုင်တွေကတော့ အာမခံတယ်ဗျ။ ဈေးကောင်း ယူတာလေ။ စင်တာက ဖုန်းဖွင့်လိုက်ရင် အစစ်နဲ့ AP ကို သိတယ်လေ။ အစစ်မှာ အထဲက Samsung စတစ်ကာ သေးသေးလေးတွေ ကပ်ပေး တ့ဲအပြင် Samsung အစစ်တံဆိပ် e Warranty ကဒ်တွေပါ ထည့်ပေး တယ်လေ။ အစစ်လိုချင်ရင်တော့ Samsung စင်တာမှာသာ ဝယ်စေချင်ပါတယ် ခင်ဗျာ။ အပြင်ဆိုင်တွေကတော့ အပိုပစ္စည်းလေး တွေ အလကားပေးရင်း AP ကို ပေးလိုက်မှာ သေချာလို့ပါ။

သူကလည်း တစ်နှစ်၊ နှစ်နှစ်လောက် ခံဖို့ လုပ်ထားလို့ ဘယ်သိပါ့မလဲနော်။ အဲနောက်ဆုံး အတုကတော့ တရုတ်ပြည်ကနေ မလေးရှား ဆာဘား ဘက်ကနေ ဝင်လာတ့ဲ အတုပါ။ မလေးရှားအရောက်မှ မြန်မာငွေ ကျပ်ရှစ်ထောင်လောက်ပဲ ကုန်ကျတယ်လေ။ မြန်မာအများစု Samsung အတုတွေ မလေးရှားမှာ မိတ့ဲသူတွေ အများကြီးမို့ သူတို့ကို သတင်းပေးချင်ပေမယ့် ပေးခွင့် မကြုံလို့ ဒီဆောင်းပါးလေးသာ ဖတ်မိရင် အားလုံး သတိထားမိကြမယ်လို့ ထင်ပါတယ်။ တစ်လောက မြန်မာပြည်မှာ လူကြီးမင်း ဖုန်းဆိုင်က ငါးထောင်ကျပ်နဲ့ ဆိုင်တစ်ဆိုင် ကို ၁၀ လုံး၊ ရောင်းချတာကို သွားတိုးနေကြတ့ဲ မြန်မာ ပြည်သူတွေကို ကြည့်ပြီး သူတို့အတွက် Samsung အတုနဲ့ မညားပါစေနဲ့လို့ ပြောပါ ရစေခင်ဗျာ။ မြန်မာ လူထုတွေလည်း Samsung စသည်ဖြင့် ဖုန်းအတု များနဲ့ မဆုံကြစေချင်ပါဘူးခင်ဗျာ။ ဖုန်း နာမည်ကြီး အတော် များများ အတုတွေ ထွက်နေပြီမို့ အားလုံး သတိထား ကြစေချင်ပါတယ် ခင်ဗျာ။

Phone ခေါ်ဆိုမှု ကုန်ကျငွေများ

မြန်မာပြည်မှာ ဖုန်းခေါ်ဆိုခတွေ သက်သာပေမယ့် လိုင်း မကောင်းမှု၊ ဟလို ဟလို မကြားရမှုကြောင့် ကြာချိန်တွေ ပေါင်းရင် မလေးရှားနဲ့ သူမသာ ကိုယ်မသာ ဖုန်းခေါ်ခတူနေသလို ဖြစ်နေတာ သိရလို့ ပြင်ဆင်ဖို့ အကြံပေးပါရစေ။ မလေးရှားမှာ ဖုန်းလိုင်း အပြိုင် တွေကြောင့် နံပါတ်တူ လိုင်းတူတွေဟာ အချင်းချင်း ခေါ်ရင် သက်သာ တယ်။ သူများလိုင်းကို သွားခေါ်ရင် အရမ်းအုပ်တယ် ဆိုတာတွေ ဖြစ်နေပါတယ်။ မြန်မာပြည်မှာလည်း အဲလို မဖြစ်ရအောင် အခု ကတည်းက ကြီးကြပ်စေချင်ပါတယ်။ ငါးထောင်တန်တွေ ထွက်လာရင် ပြောတာပါ။ ထွက်သေးဘူး။ သူတို့ဆီမှာ ကိုယ့် နိုင်ငံသားကဒ်၊ ပတ်စ်စပို့ ပြရင် ဝယ်လို့ ရတယ်။ မွေးနေ့ရောက်ရင် အဲဒီတစ်နေ့လုံး မိမိလိုင်းတူ သူငယ်ချင်းတွေကို တစ်ရက်လုံး အလကားပြောခွင့် ပေးထားပါတယ်။ ဖုန်းပူ၊ နားပူအောင် ပြောပေတော့ မွေးနေ့မှာလေ။ မြန်မာပြည်မှာလည်း အပြိုင် ဖုန်းလိုင်းတွေခွင့်ပြုစေချင်ပါတယ်။ ဆက်သွယ်ရေး ဝန်ကြီးကို ပြောတာပါ။ သူ ခွင့်ပြုမှလေ။

Phone နှင့် လုံခြုံရေး

မလေးရှားမှာ Sim Card တွေ မှိုလိုပေါက် ပေါနေတော့ နံပါတ်တူတွေ၊ ခြိမ်းခြောက်မှုတွေ။ နှောင့်ယှက်မှုတွေ ဖြစ်လာတာကို တွေ့နေရပါတယ်။ တချို့ဆိုင်တွေက ဘာမှမပါလည်း ဝယ်လို့ရနေတော့ Sim Card တွေက အမည်ပေါက် မဟုတ်၊ နာမည် မသိ၊ ဘယ်သူ့ Sim Card မသိတာတွေလည်း ရှိနေလို့ ဒုစရိုက်မှုတွေမှာ သုံးနေတ့ဲ Sim Card တွေကို ကိုင်သူတွေကို ဖမ်းရခက်ခဲတ့ဲ ပြဿနာတွေ တွေ့နေ ရပါတယ်။ အစိုးရက အထောက်အထားမပါရင် မရောင်းဖို့ ပြောပေမယ့် လည်း ဒီမိုကရေစီနိုင်ငံမို့ တားဆီးလို့ မရသေးပါဘူး။ ဒါကို ပြောပြ တာကလည်း မြန်မာပြည်အတွက် ကြိုတင်ကာကွယ်နိုင်အောင်လို့ပါ။ Sim Card တွေ ပေါလာရင် ပြောပါတယ်။

Prepaid ကဒ်ရဲ့ သက်တမ်း

Sim Card တွေကို ပိုက်ဆံ မလေးရှားငွေ RM:30 (မြန်မာငွေ ရှစ်ထောင့်တစ်ရာ) ထည့်ထားရင် တစ်လ ခံတယ်။ ကုန်လို့ ထပ် မထည့်ရင် နောက်ထပ် နှစ်လ အဝင်လက်ခံလို့ ရတယ်။ ပြန်ခေါ်လို့ တော့ မရဘူး။ အဲဒါမှ ထပ်မထည့်ရင်တော့ Sim Card သည် အမှိုက်ပုံး ထဲသို့သာ သွားရမည်။ နောက်ထပ် အသစ်တစ်လုံးသာ ဝယ်ပေတော့။ အသစ် ပေါတာကိုး။ အဲလိုမှ မဟုတ် မိတ်ဆွေတွေ ပေါတယ်။ ဒီနံပါတ် လေးကြိုက်တယ်ဆို ဆက်သုံးပေါ့။ Sim Card က မြန်မာပြည် Sim Card လောက်မှ အဖိုးမတန်ပဲကိုး။ နံပါတ်လှလှတွေဆို ဈေးပိုပေး ရပေမယ့် သိပ်တော့ ဈေးမကြီးပါဘူး။ ငါးထောင်ကျပ်လောက်ပါပဲ မြန်မာငွေလေ။ ဟိုတစ်လောက မြန်မာပြည်မှာ Sim Card နံပါတ်လှလှ လေးတွေကို သိန်းသုံးဆယ်လောက် ပေးဝယ်တ့ဲသူက ရှိသေးတယ်။ သူ့ကြောင့်လည်း Facebook မှာ သိပ်ပေါနေရင် မရှိတ့ဲ ဒုက္ခရောက် သူတွေကို လှူလိုက်ပါလားဆိုတ့ဲ ဝေဖန်သံ တွေ ထွက်လာပါတယ်။ ကျွန်တော် မပြောဘူးနော်။ သူများပြောတာ တင်ပြပေးတာပါ။ မီးမွေှး ပေးတာ ဟုတ်ဘူးနော်။ ပြောပြတာပါ။

Phone Sim Card နဲ့ ပတ်သက်ပြီး အကြံပေးချင်တာက

မြန်မာ့ဆက်သွယ်ရေး တိုးတက်အောင် ဖုန်းကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပေးပြီး ငါးထောင်တန်တွေကို ထုတ်ပေးသင့်နေပါပြီ။ ထုတ်ပေးရင်လည်း မလေးရှားနိုင်ငံက့ဲသို့ ပေါတိုင်း အလကား မဖြစ်အောင်၊ ဒုစရိုက် ဂိုဏ်းတွေက ငွေညှစ်တာမျိုးတွေ မဖြစ်ရအောင်၊ သေချာ စီစစ်ရောင်းချပြီး နိုင်ငံသားကဒ် နေရာဒေသ အားလုံးကို မှတ်တမ်းမှတ်ရာနဲ့ သိမ်းဆည်းပြီး အမိမြန်မာပြည်ကြီး ဒီမိုကရေစီနဲ့ အညီ စည်းကမ်းရှိစွာ ဆက်သွယ်ရေး တိုးတက်ပြီး ပြည်သူ ပြည်သားများ အပြုံးပန်းနဲ့ ဖုန်းအလန်းလေးတွေ ကိုင်နိုင်ကြပါစေလို့ စေတနာရှေ့ထားရင်း ကျေးဇူးတင်ပါကြောင်း ပြောကြားရင်း တင်ပြ လိုက်ရပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *