News

စနိုးဒန်ကို ခိုလှုံခွင့် ပေးရဲပေးကြည့် ပိတ်ဆို့ပစ်မည်

snowden

အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA)၏ ထောက်လှမ်းရေး အစီအစဉ်များကို ဖွင့်ချခဲ့သူ စနိုးဒန်အား ရုရှားနှင့် အခြားသော နိုင်ငံများက နိုင်ငံရေး ခိုလှုံခွင့် ပေးခဲ့လျှင် တန်ပြန်ဖိအားများ ပေးနိုင််ရန်အတွက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ငွေကြေး ထောက်ပံ့မှု ဥပဒေပြင်ဆင်ချက် တစ်ရပ်ကို ဆီးနိတ်လွှတ်တော်က ဇူလိုင်လ ၂၅ရက်နေ့တွင် အတည်ပြုလိုက်သည်ဟု ဆင်ဟွာ သတင်းတစ်ရပ်အရ သိရသည်။

လွှတ်တော်အမတ် လင်ဆေးဂရေဟမ် တင်သွင်းသည့် ယခုဥပဒေအဆိုသည် နိုင်ငံခြားရေး ဝန်ကြီးဌာန ၂၀၁၄ခုနှစ်၊ ငွေကြေးထောက်ပံ့မှု ဥပဒေ၏ အစိတ်အပိုင်းတစ်ရပ်ကို ပြင်ဆင်ဖြည့်စွက်သည့် ဥပဒေဖြစ်ပြီး ဆီးနိတ်လွှတ်တော် ငွေကြေးခွဲတမ်းချလျာထား သုံးစွဲရေးကော်မတီက သဘောတူ အတည်ပြုခဲ့ခြင်းဖြစ်သည်။ ယခုပြဌာန်းဥပဒေအရ စနိုးဒန်ကိုသာ နိုင်ငံရေး ခိုလှုံခွင့်ပြုခဲ့လျှင် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကွန်ဂရက်လွှတ်တော်တို့က အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရန် နှီးနှော ဖလှယ်ရမည်ဖြစ်ပြီး ယင်းနောက်တွင် လွှတ်တော်တစ်ရပ်လုံး၏ ဆန္ဒသဘောထားဖြင့် ဆက်လက် ဆောင်ရွက်သွားရမည့် ဥပဒေတစ်ရပ် ဖြစ်သည်။

လုံခြုံရေး သတင်းများ ပေါက်ကြားစေခဲ့သူ အမေရိကန်နိုင်ငံသား စနိုးဒန်ကို နိုင်ငံရေး ခိုလှုံခွင့်ပေးလိုက်ပြီဆိုလျှင် ဆီးနိတ်လွှတ်တော် ငွေကြေးခွဲတမ်းချလျာထား သုံးစွဲရေး ကော်မတီက နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ လွှတ်တော် ကော်မတီတို့နှင့် အရေးယူ ပိတ်ဆို့မှုများ ချမှတ်နိုင်ရေး တိုက်ရိုက်ဆွေးနွေးမည် ဖြစ်သည်။ စနိုးဒန်အား နိုင်ငံရေး ခိုလှုံခွင့်ပေးသော မည်သည့်နိုင်ငံကိုမဆို အထူးကုန်သွယ်ခွင့်နှင့် မိတ်ဖက်ကုန်သွယ်ရေး အခွင့်အရေးများ ရုပ်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်း အပါအဝင် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရမည်ဟု ဥပဒေပြင်ဆင်ချက်တွင် ဖော်ပြထားသည်။

လောလောဆယ်တွင် ပြည်ပြေးစနိုးဒန်သည် ရုရှားနိုင်ငံ မော်စကို လေဆိပ်၌ပင် ခိုလှုံနေရဆဲ ဖြစ်ပြီး ရုရှားနိုင်ငံအတွင်း သွားလာခွင့် ရရှိရေးအတွက် ကြိုးစားနေကြောင်း သိရပါသည်။ ၎င်းသည် NSA ကန်ထရိုက်တာဟောင်းတစ်ဦး ဖြစ်ပြီး လုံခြုံရေး မှတ်တမ်းများကို ဖွင့်ချခဲ့သူ ဖြစ်ကာ ၎င်းနှင့်အတူ အမေရိကန် ထောက်လှမ်းရေး မှတ်တမ်းများစွာ ပါရှိလာသည်ဟုလည်း ဆိုသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *