Opinion

မိုလ်ဘိုင်းဖုန်းနှင့် ဆက်သွယ်ရေးဆိုတာ…

မိုလ်ဘိုင်းဖုန်း တစ်လုံး သုံးလို့ရဖို့အတွက် အဓိကကတော့ ဒါမှမဟုတ် မိမိ ဘယ်နေရာမှာပဲဖြစ်စေ တစ်ယောက်နှင့် တစ်ယောက် စကားပြော ဆက်သွယ်လို့ ရဖို့ ဤနေ့ခေတ်ရဲ့ အကောင်းဆုံး တီထွင်မှုကတော့ Sim Cardလို့ ခေါ်တဲ့ တစ်လက်မသာသာ ရှိတဲ့ electronic နည်းပညာတွေ၊ Telecommunicationနှင့်ဆိုင်တဲ့ နည်းပညာတွေနှင့် ပေါင်းစပ်ထားတဲ့ ကဒ်ကလေး တစ်ခုပါပဲ။
ထိုကဒ်လေးရဲ့ အစွမ်းအစကြောင့် ယခု ကမ်ဘာတစ်၀ှမ်းမှာ လူသားအားလုံး မိမိ အလိုရှိသည်၊ မိမိ မျှေ၀ချင်သည်၊ မိမိ တင်ပြချင်သည် အစရှိသည့် စိတ်ထဲ ဖြစ်ပေါ်လာသည်များကို အချိန်နှင့် တပြေးညီ မိုလ်ဘိုင်းဖုန်းလေး ကောက်ကိုင်ကာ
ထို Sim Card၏ စွမ်းအားမှတဆင့် စကားများဖြင့် ထိတွေ့ ဆက်သွယ်နေနိုင်ကြလေပြီ။
လောကမှာ ဘယ်အရာမှ အလကား မရသလို ထိုထို နည်းပညာပစ္စည်းများကိုလည်း ပြည်တွင်း၌ ကျပ်သိန်း ၃၀ ၀န်းကျင်ခန့်မှ စတင် ၀ယ်ယူ သုံးစွဲခဲ့ကြရာမှ တန်ခိုးရှင်ကြီးလို တင်စားရမည့် ထို Sim Cardတွေကို ယနေ့အချိန်မှာတော့ ကျပ်ငွေ ၂သိန်း ပေးရုံဖြင့် မိမိစိတ်ရဲ့ ဖြစ်ပေါ်လာမှုတို့ကို တန်ခိုးဖြင့် စေခိုင်းသည့်အလား ကျင့်ကြံ သုံးစွဲနေကြပါပြီ။
အလွန်တရာမှ အဆင်ပြေချောမွေ့တော့မည့် ခေတ်ကာလထဲသို့ အစပြု ၀င်ရောက်နေချိန်မှာတော့ ထိုထို နည်းပညာပစ္စည်းများဟာ လူသားအများစုအတွက် မယုံကြည်နို်င်လောက်တဲ့ စွမ်းအင်တွေ ပေးစွမ်းနေသကဲ့သို့ လူသားအများစုမှလည်း ထိုစွမ်းအင်တွေရဲ့ ကန့်သတ်ချက်တွေ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ခွဲခြားသိမြင် ကြရပေတော့မည်။
ကားတစ်စီး ၀ယ်ပြီးလျှင် စက်သုံးဆီ ဖြည့်တင်းမှ ကိုယ်လိုချင်တဲ့ ခရီးကို ရောက်နိုင်ပြီး၊ စက်သုံးဆီကို ရောင်းချပေးမည့် စက်သုံးဆီဆိုင်များသည်လည်း လိုအပ်နိုင်မည့် နေရာတိုင်းတွင် ရှိမှသာ လိုရာခရီး တွင်ပေမည်။ ထိုနည်းလည်းကောင်းပဲ မိုလ်ဘိုင်းဖုန်း ရှိပြီး Sim Card ထည့်သွင်းမှသာ တစ်ဦးနှင့် တစ်ဦး အဆက်အသွယ်ပြုနိုင်သည်။ Sim Card သုံးစွဲဖို့အတွက်လည်း စက်သုံးဆီဆိုင်ကြီးများသဖွယ် ‘ငွေကြိုတင်ဖြည့်သွင်းသည့် ကဒ်’ ရောငး်ချသည့် ဆိုင်များ နေရာတိုင်း ရှိဖို့ လိုသည်။ ထိုမှသာ ဆက်သွယ်ရေး ၀န်ဆောင်မှုခရီးကို လိုအပ်သည့်အချိန် လိုသလို အရောက်လှမ်းနိုင်ပေလိမ့်မည်။ ပြည်တွင်း၌လည်း စူပါမားကဒ်ကြီးတွေ လမ်းဘေး ကုန်စုံဆိုင် အကုန်လုံးနီးပါး ဖုန်းကဒ်တွေ ရောင်းချနေကြသည်။ သို့သော် ဖုန်းကဒ်သည် မော်တော်ကားအတွက် ဖြည့်တင်းပေးသည့် စက်သုံးဆီနှင့် ကွာခြား၏။
မော်တော်ကားကို ပြည်တွင်း၌ အသက် ၁၈နှစ်ပြည့်မှ မောင်းနှင်းခွင့် ရှိ၏။ လူတစ်ယောက်သည် အသက် ၁၈နှစ်ပြည့်လျှင် စဉ်းစား ဆုံးဖြတ်နိုင်စွမ်း ရှိသည်ဟု အများက လက်ခံသဖြင့် ခွင့်ပြုကြသည်။ လိုရာခရီးကို အချိန်တိုအတွင်း ရောက်သည်။ ဂုဏ်ဒြပ်ရှိသည်။ ၀န်ဆောင်မှုအတွက် အသုံးလိုသည် အစရှိသဖြင့် ကားကို ၀ယ်စီးကြသလို၊ မိမိ၏ အသက်အရွယ်ပြည့် သားသမီးများအတွက်လည်း ၀ယ်ပေးကြ၏။ မည်သို့ပင်ဆိုစေ ကားမောင်းနှင်သူသည် အသက် ၁၈နှစ် ပြည့်ကျော်ပြီး၍ ကားကို ဆီရှိမှ မောင်းနှင်နိုင်သည်၊ ဆီကို ကြိုတင်ဖြည့်ရမည်ဟူ၍ ဆုံးဖြတ်နိုင်စွမ်း ရှိပြီးသူ ဖြစ်သည်။
မိုလ်ဘိုင်းဖုန်းကို အသုံးပြုပုံ အသုံးချပုံသည် ယနေ့ မြန်မာပြည်၌ မော်တော်ကား အသုံးချပုံနှင့် အသုံးပြုပုံ လွန်စွာ တူလှပေသည်။ သို့ပေမယ့် မတူညီသည့်အချက်မှာတော့ အသုံးပြုသူ၏ အသက်အရွယ်ပင် ဖြစ်သည်။
အရင် အချိန်တုန်းက ပြည်တွင်း၌ မိုလ်ဘိုင်းဖုန်း သုံးနိုင်သူသည် ဂုဏ်ဒြပ်ရှိသည်ဟု ခံယူကြ၏။ ဤနေ့ ဤအချိန်တွင်တော့ ဈေးသည်၊ ဆိုက်ကားဆရာမှအစ အသုံးပြုနေသည်ကို တွေ့ရ၏။ ဆိုလိုသည်မှာက မိုလ်ဘိုင်းဖုန်းကို လူသားအားလုံးအသုံးပြုလာနိုင်ခြင်းသည် ကားတစ်စီး၏ စွမ်းအင်နှင့် ကွဲပြားမှု ရှိသည်။ မိမိ၏ စိတ်ထဲမှ လိုအပ်ချက်ကို အချိန်နှင့်တပြေးညီ အသုံးချနိုင်သည်။ ထိုအထဲ၌ မိမိလုပ်ငန်းအတွက် လျင်မြန်စွာ ၀န်ဆောင်မှု ပေးနို်င်ခြင်း၊ မိမိ၏ ဆွေမျိုးသားခြင်းများနှင့် နှစ်ပေါင်းများစွာ မတွေ့ရ၊ မကြားရသည် မရှိတော့ပဲ စိတ်ထဲမှ ဖြစ်ပေါ်လာသမျှကို ခလုတ်တစ်ချက် မိုလ်ဘိုင်းဖုန်းမှာ ဘယ်လို နှိပ်မလဲ မိနစ်ပိုင်းအတွင်း သင်ယူရုံမျှဖြင့် အသုံးချနိုင်သည်။ ကားဆိုလျှင်ကား မောင်းတတ်ဖို့အတွက် လနှင့်ချီ၍ သင်ယူလေ့လာရပေဦးမည်။ ဆုံးဖြတ်နို်င်စွမ်း ရှိရပေဦးမည်။
iOS, Android များ၏ ကျေးဇူးကြောင့် ယနေ့ခေတ်တွင် မိုလ်ဘိုင်းဖုန်းသည်ကား ၃နှစ်အရွယ် ကလေးတစ်ယောက်ပင် ဖုန်းဆက်တက်နေပြီဖြစ်သည်။ ဤအကြောင်းအရာကို သုံးသပ်ခြင်းဖြင့် လူသားများသည် မိုလ်ဘိုင်းဖုန်းကို လုပ်ငန်းဆောင်တာ ပြီးမြောက်ရုံ၊ ဆွေမျိုးသားချင်း သတိရ လွမ်းဆွတ်ရုံတင် မဟုတ်တော့ဘဲ Tracking Device အဖြစ် အသုံးချနိုင်သည်ဟုလည်း အာရုံရခဲ့ကြသည်။
ထို့ကြောင့် ယခုအခါ မိဘများသည် ကလေးများကို မိုလ်ဘိိုင်းဖုန်း ၀ယ်ပေးကြသည်။ ကျောင်းတက်၊ ကျောင်းဆင်း အချိန်မှန်ရဲ့လား၊ အပြင်ထွက်နေတာ အချိန်မှန် ပြန်မရောက်သေးဘူးလား အစရှိသဖြင့် မိမိ၏ စိတ်ထဲမှ ဖြစ်ပေါ်လာသော အတွေးများကို ချက်ချင်း အဖြေထုတ်ခွင့် ရှိလာကြသည်။ အသုံးပြုနေကြပြီ။ အလွန် ကောင်းမွန်သည့် နည်းပညာ တစ်ခုပင် ဖြစ်သည်။
ထိုသု်ိ့ဆိုလျှင် စက်သုံးဆီနှင့် ဖုန်းကဒ် ငွေဖြည့်ဆိုင် ကဏ္႑ကို ပြန်လည် သုံးသပ်သင့်ချေပြီ။ အသက် ၁၈နှစ်ပြည့်မှ မောင်းလို့ရသည့် မော်တော်ကားနှင့် အသက် ၃နှစ်အရွယ်ကအစ အသုံးပြုနိုင်သည့် မိုလ်ဘိုင်းဖုန်း၏ အကျိုးအာနိသင်သည်လည်း သက်ရောက်မှု မတူညီနို်င်တော့ပြီ။
အပြောင်းအလဲ မြန်ဆန်သော ဒီခေတ်ကြီး၌ ဖြစ်စဉ်ဖြစ်ရပ်တွေ မျှော်လင့် ထားသည်ထက် ပိုမို ဖြစ်ပျက်နေသလားဟု ထင်ဆရသည့်အတွက် မိဘအနေဖြင့်သော် လည်းကောင်း၊ ပုထုဇဉ် လူသားတစ်ယောက်အနေဖြင့် သော်လည်းကောင်း စိတ်ထဲတွင် ရင်ခုန်မှုတွေ ခံစားမှုတွေ ဖြစ်ပေါ်မှုတွေဟာ အရင်ကထက် အဆပေါင်းများစွာ ရှင်သန် ကြီးထွားလာကြသည်။ တဆက်တည်းမှာပဲ အခု ချက်ချင်း လုပ်လို့ရသည့်ကိစ္စသည် တိုးတက်လာသော နည်းပညာများကြောင့် အခုချက်ချင်း ပြီးနိုင်သဖြင့် မောဟ၊ သောက၊ စိတ်များ ရ၏။
မိုလ်ဘိုင်းဖုန်းနှင့် ဖုန်းကဒ်၏ နည်းပညာကား ပြည်တွင်း၌ ချက်ချင်းဆိုသည့် စိတ်သောကကို ယခုအချိန်တွင် ရှင်းနိုင်ဖို့ အသုံးပြုသူ တချို့အတွက်တော့ ေ၀းနေသေးသည်ဟု မြင်၏။
၂၁ရာစု စံနှုန်းနှင့်အညီ လိုက်လျောညီထွေလျက်ရှိသော နိုင်ငံများတွင် ဖုန်းကဒ်ကို ပုံစံအမျိုးစုံနှင့် ရောင်းချသော်လည်း အများစုမှာ အရင်က ပြည်တွင်း၌ ၀န်ဆောင်မှု ပေးခဲ့သလိုမျိုး Billing စနစ် ဖြစ်သည်။ ၄င်းစနစ်၌ ဥပမာ – ရက်သတ္တပတ် ၄ပတ် အချိန်ပေးပြီး အရှေ့လက အသုံးပြုထားသော ဆက်သွယ် ခေါ်ဆိုမှုများကို သွားရောက် ပေးဆောင်ရသည်။ ကောင်းကျိုးသည်ကား မိမိဖုန်း၏ ခေါ်ဆိုမှုကို ဖြတ်တောက်တော့မည်ဟု ၄ပတ် ကြိုတင် သိရှိနေခြင်း ဖြစ်သည်။ အိမ်ကို စာရောက်သည်။ ဘယ်လောက်ဖိုး အရှေ့လက အသုံးပြုခဲ့သလဲ ဘယ်သူတွေကို ခေါ်ဆိုခဲ့သလဲဆိုတာ လေ့လာ ဆုံးဖြတ် ပိုင်းခြား ပေးဆောင်နိုင်သည်။
ယခုအခါတွင် ပြောင်းလဲလာသည့် (Pre Paid) ကြိုတင်ငွေဖြည့်စနစ်သည်ကား ထိုအရာများကို ဖျောက်ဖျက်လိုက်သလိုပင် ဖြစ်တော့၏။ အကောင်းဘက်က တွေးလျှင် မိမိ ပိုက်ဆံ ဘယ်လောက် သုံးခဲ့သလဲ ဆိုတာ လိုချင်တဲ့အချိန် ဖုန်းတစ်ချက် (*124#) ခေါ်ရုံဖြင့် သိရှိခွင့် ရပေမည်။ ကျန်သည့်ကိစ္စများအတွက်တော့ ဖုန်းရုံးကို သွားရပေဦးမည်။
ထိုကိစ္စများထက် အရေးကြီးသည်ကတော့ ဖုန်းကဒ် ကုန်ဆုံးသွား၍ ငွေဖြည့်ချင်သည့်အခါပင် ဖြစ်ပေသည်။ စဉ်းစားကြည့်လို့ရပါသည်။ ကားတစ်စီးကို မောင်းနှင်သွားပြီး ဟိုင်းေ၀းမှာ ဓာတ်ဆီဆိုင်မဲ့ နေရာတစ်ခုမှာ ဆီကုန်ခဲ့သည်ဆိုပါတော့ အဖြစ်ချင်း တူပေမယ့် အသုံးပြုနေသူ မတူနိုင်ပါ။ ဆုံးဖြတ်နို်င်စွမ်းရှိသည့် ၁၈နှစ်အရွယ် ကားဆီကုန်ခဲ့လျှင် သူ ဘာဆက်လုပ်ကမလဲ သိ၏။ ၃နှစ်မှ ၁၀နှစ်အရွယ်ကလေး ဖုန်းကဒ် ကုန်သွား၍ အရေးနဲ့ အကြောင်းနဲ့ မိဘကို ဖုန်းဆက်ချင်သည်ဆိုလျှင်ကား တစ်သောင်းတန်ကဒ် ၀ယ်ရလောက်အောင် (ဒါမှမဟုတ်) ကြိုတင်ငွေ သူ့အိတ်ထဲ ဆောင်ထားလောက်အောင် ပိုက်ဆံရှိမည်လော။
ကားသည် လမ်းမပေါ်၌သာ မောင်းနှင်ခွင့်ရှိ၏။ မိုလ်ဘိုင်းဖုန်းသည်ကား နေရာတို်င်း၌ သုံးနို်င်၏။ ထို့ထက် ပိုမြင်အောင် ပြောရလျှင် အခန်းတစ်ခုအတွင်း၌လည်း ပြောနိုင်၏။ ချောင်ချို ချောင်ခြားအတွင်း၌လည်း ပြောနိုင်၏။ လမ်းမပေါ် မဟုတ်ဘဲ မည်သူမှ မသွားလာနိုင်သော မရှိနို်င်သော နေရာများတွင်လည်း ဖြစ်နိုင်၏။ ထို့ကြောင့် မိုလ်ဘိုင်းဆိုသည့် (Mobile) အင်္ဂလိပ်အဓိပ္ပာယ်ကား အလွယ်တကူ ကိုယ်နှင့် တစ်ပါးတညး် သယ်ဆောင်သွားလို့ရခြင်းပင် ဖြစ်သည်။ ထိုသို့ နေရာတိုင်း သယ်ယူ သွားလာလို့ ရသော ပစ္စည်းတစ်ခုအတွက် လူတန်းစား မရွေး၊ အသက်အရွယ် မရွေး အသုံးပြုခွင့် အသုံးပြုနိုင်သင့်ပေသည် မဟုတ်လော။
နိဂုံးချူပ်ရလျှင် မိုလ်ဘိုင်းဖုန်းလို နည်းပညာမျိုးအတွက် Billingစနစ်ကို မပယ်ဖျက်သင့်ပေ။ အသုံးပြုသူများမှလည်း ကြိုတင်ငွေ ဖြည့်စနစ်ကို ရုံးသွားရမှ အလုပ်ရှုပ်တယ်ဆိုသည့် အကြောင်းပြချက် တစ်ခုတည်းနှင့်ပင် မပြောင်းလဲသင့်ပါပေ။ လူတစ်ယောက်နှင့် တစ်ယောက် အသုံးပြုပုံ မတူညီပဲ ပုံစံ အမျိုးမျိုး ရှိသည့်အလျောက် ဖုန်းကဒ်အတွက် လိုအပ်သည့် ပေးသွင်းရမည့် ငွေကြေးကိုလည်း ပုံစံ မျိုးစုံဖြင့် ပေးသွင်းခွင့် ဆက်လက် ရှိသင့်ပေသည်။ ထိုမှသာ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘာပဲဖြစ်ဖြစ် အရေးပေါ် ဆက်သွယ်နိုင်ဖို့ မိုလ်ဘိုင်းဆိုတဲ့ အဓိပ္ပာယ် အပြည့်အ၀ကို ခံစားခွင့် ရမည်ဆိုတာကို တင်ပြလိုက်ရပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *