News

ရှစ်လေးလုံး ငွေရတုက နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ် တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်

နိုင်ငံတော် သမ္မတဦးသိန်းစိန်က ရှစ်လေးလုံး ငွေရတု အခမ်းအနား ကျင်းပနိုင်ခဲ့ခြင်းသည် နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟု စက်တင်ဘာ ၁ရက်နေ့ ရေဒီယို မိန့်ခွန်းတွင် ပြောကြားသည်ဟု သိရသည်။ ၈၈ခုနှစ် လူထုလှုပ်ရှားမှု (၂၅)နှစ်ပြည့် အခမ်းအနားသည် မြန်မာ့နိုင်ငံရေး သမိုင်းတွင် အရေးကြီးသည့် သင်ခန်းစာများ ရယူနိုင်သည့် ကိစ္စဖြစ်ကြောင်း သမ္မတက ပြောကြားသည်။

“ဒီလို ကျင်းပနိုင်ခြင်းက မိမိတို့ နိုင်ငံရေးဖြစ်စဉ်မှာ ယခင်ကာလများက မရရှိဖူးသေးတဲ့ သဘောထား မတူညီသူများ အတူလက်တွဲလုပ်ဆောင်နိုင်တယ်ဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီတက်လှမ်းနိုင်မှုကို ကျွန်တော်အနေနဲ့ အသိအမှတ်ပြု အလေးထားကြောင်းကိုလည်း တစ်ဆက်တည်း ပြောကြားလိုပါတယ်”ဟု နိုင်ငံတော် သမ္မတက အလေးအနက်ထား ပြောကြားခဲ့သည်ဟု သိရသည်။

ခေတ်မီ လူ့အဖွဲ့အစည်းတစ်ရပ် ပိုင်ဆိုင်နိုင်ရန်အတွက် မတူညီသည့် သဘောထားများအား ငြိမ်းချမ်းသည့် နည်းလမ်း အကြမ်းမဖက်သည့် နည်းလမ်းများနှင့် ဆွေးနွေးညှိနှိုင်းခြင်း၊ အပေးအယူလုပ်ခြင်းစသည့် အင်္ဂါရပ်များအား အလေးထား လေ့ကျင့်ရမည်ဟု အခိုင်အမာ ယုံကြည်ကြောင်း သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတပြောကြားမှုနှင့် ပတ်သက်၍ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက “သမ္မတက ဒီလိုပြောတယ်ဆိုတော့ ကြိုဆိုရမှာပေါ့ဗျာ။ တစ်ချိန်တုန်းကဆိုရင် အဲသလိုပြောလိုက်တာနဲ့ ကိုခေါင်းမဖော်နိုင်ဘူး။ ကိန်းဂဏန်းလေးတောင် ပြောဖို့ခက်တယ်။ အခုတော့ ပြောင်းလဲမှုတစ်ခုလို့ ပြောရမယ်။ မတူညီတဲ့အမြင်တွေကို တွေ့ဆုံဆွေးနွေးတဲ့ ယဉ်ကျေးမှုတစ်ခု ပေါ်လာတာပေါ့။ အပြန်အလှန် လေးစားမှု၊ နားလည်မှုရှိတဲ့ ယဉ်ကျေးမှု ပေါ်ပေါက်လာဖို့လိုတယ်”ဟု သုံးသပ်ပြောဆိုခဲ့သည်။

သမ္မတဦးသိန်းစိန်က “မတူညီတဲ့ ရပ်တည်ချက်ရှိတဲ့ ကျွန်တော်တို့နိုင်ငံသား အားလုံးဟာ အတူလက်တွဲလုပ်ဆောင် လုပ်ကိုင်နိုင်တဲ့ ယုံကြည်မှု အဆင့်အတန်းတစ်ခုကို တည်ဆောက်နိုင်ဖို့ အမှန်တကယ် လိုအပ်သလို ယုံကြည်မှု တည်ဆောက်ခြင်းကိုလည်း လက်တွေ့အကောင်အထည်ဖော် စမ်းသပ်ခြင်းဖြင့်သာ ရရှိနိုင်တယ်လို့ ယုံကြည်ထားပါတယ်။ ဒီပွဲမှာ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့သော်လည်းပဲ မှန်ကန်တဲ့ နိုင်ငံရေး စေတနာတွေကြောင့် အေးချမ်းစွာ ကျင်းပပြီးစီးနိုင်ခဲ့တာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

လူ့အဖွဲ့အစည်းအနေဖြင့် သမိုင်းသင်ခန်းစာများအား မေ့ပျောက်ခြင်း မဟုတ်ပဲ နာကျင်မှုဆုံးရှုံးမှုများ ခံစားခဲ့ရသည့် ခါးသီးသည့် အတွေ့အကြုံနှင့် သမိုင်းကြောင်းမှ ခွဲထွက်နိုင်မည့် နိုင်ငံရေးဖြစ်စဉ်တစ်ခု အစပြုနိုင်သည့် မျှော်လင့်ချက်အား စတင် ပိုင်ဆိုင်လာပြီဖြစ်ကြောင်း၊ ဆက်လက်ရရှိထားသည့် ဖြစ်ထွန်းမှုများကို ၀ိုင်း၀န်းကြိုးစားကြရန် တိုက်တွန်းပြောကြားသည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

One thought on “ရှစ်လေးလုံး ငွေရတုက နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ် တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်

  1. Kyi Phyu says:

    ရှစ်လေးလုံးကျေငြာချက်တွေကိုအ
    ကောင်အထည်ဖေါ်နိုင်ဘို့လိုပါသေး
    တယ်လုပ်ပ်ုင်ခွင်ရှိသူတွေစိပ်စေတနာအပြည့်နဲ့သာလုပ်မယ်ဆိုရင်မကြာပါ
    ဘူးခင်ဗျာ။
    အခုလိုပြောကြားတဲ့သမ္မတကြီးကို
    အထူးလေးစားမိပါတယ်
    လွှတ်တော်ဥက္ကဌကြီးနဲ့တပ်မတော်
    ခေါင်းဆောင်များပါလက်တွေကျကျပါ
    ဝင်ပြောဆို လုပ်ကိုင်ပေးနိုင်ဘို့ကိုလည်းအထူးအား
    ကိုးမျှော်လင့်မိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *