News

နျူကလီးယား ဘွဲ့ရများ အလုပ်တစ်ခါတည်းရရှိမည်

နျူကလီးယား ဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသူများ အလုပ်ပါ တစ်ခါတည်းရရှိမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ၀န်ကြီးဌာနမှ တာ၀န်ရှိသူ တစ်ဦးက ပြောသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် နျူကလီးယား ဘာသာရပ်ဖြင့် ကျောင်းပြီးသူမှာ တစ်နှစ်လျှင် အများဆုံး ၁၀ဦးခန့်သာရှိပြီး ယင်းဘာသာရပ်ကို စိတ်၀င်တစား တက်ရောက်သူ အလွန်အမင်း နည်းပါးလျက်ရှိနေသည်ဟု ဆိုသည်။

“မြန်မာနိုင်ငံမှာ နျူကလီးယား ဘာသာရပ်ကို စိတ်၀င်စားသူ နည်းတယ်။ အဓိကကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေကြောင့် ပါတယ်။ ၀န်ကြီးဌာနအနေနဲ့ကတော့ ကျောင်းပြီးတဲ့သူ တော်တော်များများကို ထိန်းထားပါတယ်။ ကျောင်းဆရာ/ဆရာမ ပြန်လုပ်ချင်လုပ်။ မလုပ်ချင်ရင် ဌာနအတွင်းမှာ သင့်တော်တဲ့နေရာတွေကို ပေးထားပါတယ်။ ကျောင်းပြီးတဲ့သူတွေကို အလုပ်အကိုင်အတွက် သင့်တော်တဲ့ နေရာတွေကို တစ်ပါတည်းပေးသွားမှာပါ”ဟု အဆိုပါ တာ၀န်ရှိသူက ပြောသည်။

နျူကလီးယားဘာသာရပ်ကို ကျောက်ဆည် နည်းပညာတက္ကသိုလ်တွင်သာ ထည့်သွင်း သင်ကြားလျက်ရှိပြီး ယမန်နှစ်က မန္တလေး နည်းပညာ တက္ကသိုလ်တွင် သင်ကြားခဲ့သော်လည်း တက်ရောက်မည့် ကျောင်းသားမရှိခဲ့ကြောင်း သိရသည်။ အဆိုပါ တာ၀န်ရှိသူက “ဘာသာရပ်တိုင်းက အသုံး၀င်ကြတာပါပဲ။ ဒါပေမယ့် ကျောင်းသားတော်တော် များများက ဝါသနာထက် လုပ်ငန်းခွင် ၀င်လို့မြန်တဲ့ ဘာသာရပ်တွေကိုပဲ ရွေးချယ်ကြတော့ တခြားဘာသာရပ်တွေမှာ ပညာရှင်တွေ နည်းကုန်တယ်။ ဆောက်လုပ်ရေးတွေ၊ စက်မှုတွေမှာပဲ စုပြုံနေကြတယ်။ သူတို့ကိုကျတော့ လူကများတဲ့ အတွက် အလုပ်အကိုင် ဖန်တီးပေးဖို့ခက်တယ်။ နျူကလီးယားလို ဘာသာရပ်ကတော့ လူဦးရေ တအားနည်းတော့ ဖန်တီး ပေးနိုင်တယ်”ဟု ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် နည်းပညာတက္ကသိုလ်များမှ ကျောင်းဆင်းသော အင်ဂျင်နီယာ အများစုမှာ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်၊ အိုင်တီဘာသာရပ် များကိုသာ အဓိကထား တက်ရောက်လျက်ရှိကြောင်း၊ ကျောင်းပြီးသော ကျောင်းသားအများစုမှာလည်း အလုပ်အကိုင်အတွက် အခက်အခဲများ ရှိနေကြောင်း ကျောင်းပြီးသူ တစ်ချို့ထံမှ သိရသည်။ ယင်းနဲ့ပတ်သက်ပြီး Electrical Power ဘာသာရပ်ဖြင့် ကျောင်းပြီးသူတစ်ဦးက “အလုပ်အကိုင် တစ်ခါတည်း ဖန်တီးပေးမယ်ဆိ်ုတော့ ကောင်းပါတယ်။ ကျွန်မတို့ ကျောင်းပြီးတော့ အလုပ်ရဖို့ခက်တယ်။ ကုမ္ပဏီတစ်ခုမှာ အလုပ်ခေါ်တော့ သွားလျှောက်တယ်။ ခေါ်တာက ၁၀ဦးလောက်ပါပဲ။ လာလျှောက်တာ အယောက် ၁၀၀၀ကျော်လောက် ရှိတယ်ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နည်းပညာတက္ကသိုလ်ပေါင်း ၃၃ခု၊ ကွန်ပျူတာ တက္ကသိုလ် ၂၅ခု၊ နည်းပညာကောလိပ်သုံးခု၊ THS အဆင့် ကျောင်းပေါင်း ၃၆ကျောင်းမှာ နည်းပညာကျောင်းသားပေါင်း များစွာကို မွေးထုတ်ပေးနေသော်လည်း အလုပ်အကိုင် အခွင့်အလမ်း ရရှိမှု နည်းပါးလျက်ရှိနေကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

One thought on “နျူကလီးယား ဘွဲ့ရများ အလုပ်တစ်ခါတည်းရရှိမည်

  1. Chan Pyae says:

    ေဖာင့္မတူဘူ

Leave a Reply

Your email address will not be published. Required fields are marked *