News

ပဋိပက္ခများကို ပြည်နယ်တိုင်း အစိုးရများ တိုက်ရိုက် ကိုင်တွယ် ဖြေရှင်းရန် သမ္မတ ညွှန်ကြား

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ဘာသာရေး အသွင်ဆောင် ပဋိပက္ခနှင့် အခြား ပဋိပက္ခများ ဖြစ်ပွားပါက ဒေသဆိုင်ရာ အစိုးရအဖွဲ့က တိုက်ရိုက် ကိုင်တွယ် ဖြေရှင်းရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ညွှန်ကြားလိုက်ကြောင်း၊ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voiceသို့ ပြောကြားသည်ဟု သိရသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၉ရက်နေ့တွင် ပြုလုပ်သော အစိုးရ ယန္တရား တာဝန်ရှိသူ အားလုံးနှင့် တွေ့ဆုံစဉ် ယင်းသို့ ညွှန်ကြားလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပဋိပက္ခများကို ကိုင်တွယ် ဖြေရှင်းရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များက ရဲတပ်ဖွဲ့အား တိုက်ရိုက် ကိုင်တွယ် ညွှန်ကြားကာ စီမံခန့်ခွဲခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ခြုံပြောရရင် ပြည်ထောင်စု အစိုးရရဲ့ လုပ်ဆောင်မှုတွေကို လျှော့ချပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲမှု လုပ်ပိုင်ခွင့်တွေကို ပိုမို ပေးအပ်မယ့် အစီအစဉ် ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ရခိုင်ပြည်နယ်၊ မိတ္ထီလာနှင့် လားရှိုးမြို့တို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ၌ ဒေသဆိုင်ရာ အစိုးရများကို လုပ်ပိုင်ခွင့် အပြည့်အဝ ပေးအပ်ထားမှု မရှိခြင်းကြောင့် ပဋိပက္ခများ ပိုမို ကြီးထွားလာကာ လူသေဆုံးမှု မြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး အဖွဲ့အစည်း အချို့က ဝေဖန်ခဲ့ကြသည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော အဆိုပါ ပဋိပက္ခများတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ထိန်းသိမ်းနိုင်ခြင်း မရှိတော့သဖြင့် နိုင်ငံတော် သမ္မတက တပ်မတော်၏ အကူအညီ ရယူရန် အရေးပေါ် ကြေညာချက်များ ထုတ်ပြန်ခဲ့ရသည်။

ပဋိပက္ခမှုများနှင့် ပတ်သက်၍ ဒေသဆိုင်ရာ အစိုးများသို့ လုပ်ပိုင်ခွင့်ကို ယခင်ကတည်းက ပေးအပ်ထားသင့်သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုလည်း ယခုထက် ပိုမို၍ ခေတ်မီအောင် အဆင့်မြှင့်တင်ပေးသင့်သည်။ အကြမ်းဖက် နှိမ်နင်းရေးဟူ၍ ဖွဲ့စည်းထားသော်လည်း အရေးကြီး အခမ်းအနားများ၏ လုံခြုံရေးနှင့် အရေးကြီး ပုဂ္ဂိုလ်များ၏ လုံခြုံရေးများအတွက်သာ လုပ်ထားနိုင်သည်။ အကြမ်းဖက် နှိမ်နင်းရေး သင်တန်းများ ပိုမို ဖွင့်လှစ်၍ မြန်မာနိုင်ငံ အရပ်ရပ်မှ ရဲတပ်ဖွဲ့ဝင်များကို အလှည့်ကျ လေ့ကျင့်ပေးသင့်သည်။ ကုန်းရေလေ Facilityအပြည့် လုပ်ပေးထားသင့်သည်။ ဖြစ်နိုင်လျှင် ခရိုင်အဆင့်လောက်အထိတွင် နိုင်ငံခြားမှာကဲ့သို့ ရဟတ်ယာဉ်များ၊ သံချပ်ကာကားများ စသဖြင့် ဖြည့်တင်းပေးထားနိုင်လျှင်တော့ အကောင်းဆုံး ဖြစ်ပါလိမ့်မည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *