News

ဟန်းဆက် တရားဝင် တင်သွင်းခွင့် လိုင်စင် သုံးလအတွင်း တစ်သိန်းငါးထောင်သာ ရှိ

Phone HandSet

ကျပ် ၁၅၀၀တန် ဆင်းမ်ကတ်များကို လေးလအတွင်း ပြည်သူလူထုကို ၁၄သိန်း ချထားပေးပြီး ဖြစ်သော်လည်း ယခုဘဏ္ဍာနှစ် သုံးလအတွင်း ဟန်းဆက်များ တရားဝင် တင်သွင်းရန် အလုံးရေ တစ်သိန်း ငါးထောင်သာ လိုင်စင်လျှောက်ထားမှု ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်ဟု သိရသည်။

“လိုင်စင်လျှောက်တဲ့ ပမာဏက ရန်ကုန်မြို့က ဆိုင်ကြီးနှစ်ဆိုင်စာလောက်ပဲ ရှိတယ်”ဟု ယင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက သြဂုတ်လ ၉ရက်နေ့က ပြောကြားခြင်း ဖြစ်သည်။ ဟန်းဆက်များကို ပြည်ပမှ တင်သွင်းရာတွင် လေဆိပ်မှ တစ်နိုင်တစ်ပိုင် လက်ဆွဲအိတ်များဖြင့် တင်သွင်းမှုများ ရှိသကဲ့သို့ ရေကြောင်းမှ ကွန်တိန်နာများဖြင့် တင်သွင်းလာသည့် ကားများ၏ ကုန်ပစ္စည်းထည့် အခန်းများအတွင်း ထည့်သွင်းယူဆောင်မှုများ ရှိကြောင်း သိရသည်။   နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှလည်း တင်သွင်းမှုများရှိရာ ကိုယ်ပိုင်ကားများ၊ ခရီးသည်တင်ကားများ၊ ကုန်တင်ကားများအပြင် ဆိုင်ကယ်ကယ်ရီများနှင့်လည်း နည်းလမ်းမျိုးစုံဖြင့် တင်သွင်းမှုများ ရှိသည်ဟု ဆိုသည်။

“ဆိုင်ကယ်ကယ်ရီသမားတွေက ဟန်းဆက်တင်မကဘူး။ လူသုံးကုန်ပစ္စည်းလေးတွေ၊ ကော်စမက်တစ် ပစ္စည်းလေးတွေလည်း ပါတယ်”ဟု မူဆယ်မြို့မှ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။   မန္တလေး-မူဆယ် ကုန်သွယ်ရေး လမ်းကြောင်းမှ Mobile Teamတာဝန်ယူခဲ့သည့် ခုနစ်လအတွင်း ဖုန်းအလုံးရေ ၉၀၀၀ကျော် ဖမ်းဆီးမိခဲ့သည်။ ဟန်းဆက်များ တရားဝင် တင်သွင်းမှုကို ၂၀၁၂-၂၀၁၃ခုနှစ်တွင် ပင်လယ်ရေကြောင်းမှ တရားဝင် တင်သွင်းမှု လိုင်စင် ၅၀,၀၀၀ကျော်သာ လျှောက်ထားပြီး နယ်စပ်ကုန်သွယ်ရေးမှ လိုင်စင် လျှောက်ထားမှု လုံးဝမရှိကြောင်း သိရှိရပါသည်။

လက်ရှိ ဟန်းဆက် ဈေးကွက်မှာ ဆိုင်ကြီးများတွင် သာမက လမ်းဘေး ပလက်ဖောင်းက ဆိုင်များတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချလျက်ရှိရာ သုံးစွဲသူ စိတ်ကြိုက် ရွေးချယ် ဝယ်ယူခွင့်များ ရှိနေပါသည်။ သို့ရာတွင် နားလည်တတ်ကျွမ်းသူများနှင့် တိုင်ပင်ပြီး အာမခံ ပေးနိုင်သည့် ဆိုင်များတွင်သာ ဝယ်ယူသင့်ပါသည်။

Source: 7 Day Daily

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *