News

ရန်ကုန်တွင် အဆင့်မြင့် BRT စနစ် အမြန်ယာဉ်လိုင်းသစ် စမ်းသပ်ပြေးဆွဲမည်

BRT

ရန်ကုန်မြို့တွင် ခရီးသည်သယ်ယူပို့ဆောင်ရေး ချောမွေ့လွယ်ကူ လျင်မြန်စေရေးအတွက် အဆင့်မြင့် BRT စနစ် အမြန်ယာဉ်လိုင်းသစ် စမ်းသပ်ပြေးဆွဲခြင်းကို အမှတ် (၁) ပြည်လမ်းတွင် မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေနှင့် ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲကို ဇူလိုင်လဒုတိယပတ်က ကုန်သည်လမ်းရှိ မြန်မာ့မီးရထား အထွေထွေ မန်နေဂျာ (အောက်မြန်မာပြန်) ရုံး၌ ကျင်းပခဲ့သည်ဟု သိရသည်။

အဆိုပါ BRT စနစ်၏ အဓိက ရည်ရွယ်ချက်မှာ ယနေ့ရန်ကုန်မြို့ နေရာအနှံ့အပြား၌ ယာဉ်ကြော ကြပ်တည်းမှုများကြောင့် အများပြည်သူများနှင့် ဝန်ထမ်းများ၏ တန်ဖိုးရှိသော အချိန်များကို ဘတ်စ်ကားများပေါ်နှင့် လမ်းများပေါ်၌သာ ကုန်ဆုံးနေရပြီး မိသားစုများ၏ လှုမှုစီးပွားရေးဘဝ ဖွံဖြိုးတိုးတက်မှုတို့ကိုပါ အထိုက်အလျောက်နစ်နာမှု ရှိလာသောကြောင့် ယခုကဲ့သို့ BRT စနစ်သစ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

BRT စနစ်သည် နိုင်ငံတကာတွင် အောင်မြင်နေသည့် စနစ်ဖြစ်၍ ၎င်း၏အခြေခံ အချက်များကို စနစ်တကျသုံးသပ်လေ့လာပြီး ရန်ကုန်မြို့တွင် စည်းကမ်းတကျ ဆောင်ရွက်မည်ဆိုလျှင် အောင်မြင်နိုင်ကြောင်း၊ အာဆီယံနိုင်ငံ ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျာကာတာ သည် လူဦးရေ ၂၄ သန်းနေထိုင်လျက်ရှိပြီး BRT စနစ် မကျင့်သုံးမီက ယာဉ်ကြောကြပ်တည်းမှုကို ပြည်သူအများ နေ့စဉ်သုံးနာရီမှ လေးနာရီအထိ တွေ့ကြုံခံစားခဲ့ရပြီးနောက် BRT စနစ်ကို မဖြစ်မနေ အခက်အခဲများကြားက ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ခရီးသွားပြည်သူများ ကုန်ကျငွေ နည်းနည်းဖြင့် အချိန်ကုန်သက်သာမှုတို့ကို လေ့လာသိရှိရကြောင်းကိုလည်း စာနယ်ဇင်းရှင်းလင်းပွဲတွင် ဆွေးနွေးပြောကြားခဲ့သည်။

ယခုကဲ့သို့ BRT စနစ် စတင်ကျင့်သုံးရာတွင် ပြည်သူလူထုအနေဖြင့် မီးရထားကဲ့သို့ သဘောထားပြီး ဘတ်စ်ကားလိုစီးဖို့ လိုမည်ဖြစ်ကြောင်း၊ BRT ဘတ်စ်ကားများကို ဂိတ်စမှ သုံးမိနစ် တစ်စီးခြား ပြေးဆွဲမည်ဖြစ်ပြီး မီးရထားတွဲများ ချိတ်ဆက်ထားသကဲ့သို့ ဘတ်စ်ကားတန်းကြီး ရှိမည်ဖြစ်၍ မီးရထားကဲ့သို့ စဉ်းစားပြီး ဘတ်စ်ကားလို စီးရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ခရီးသည်များ BRT မှတ်တိုင်တွင် သုံးမိနစ်ထက် မပိုသော အချိန်အတွင်း BRT ဘတ်စ်ကားများဆင့်ကဲ ရောက်ရှိလာမည်ဖြစ်သည်။

BRT စနစ် အမြန်ဘတ်စ်ကားသည် အချိန်မှန် ပြေးဆွဲခြင်းဖြစ်ပြီး အချိန်နှင့်တစ်ပြေးညီ လိုရာခရီးကို ရောက်ရှိသည့်အပြင်  လုံခြုံမှု၊ သန့်ရှင်းမှုတို့ကြောင့် လူတန်းစားအလွှာစုံ စီးနိုင်အောင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး မြို့ပြလမ်းများ၌ ကိုယ်ပိုင်ယာဉ်ငယ်များနှင့် အငှားယာဉ် (TAXI) များလည်း လျော့နည်းသွားနိုင်မည် ဖြစ်ပါသည်။ထိုကဲ့သို့ BRT စနစ်ဖြင့် ပြေးဆွဲမည့်ကားများမှာ လက်ရှိအသုံးပြုနေသော ကားများမဟုတ်ပဲ အဆင့်မြင့်ဘတ်စ်ကားများဖြင့် ပြေးဆွဲမည်ဖြစ်သည်။

အဆိုပါဘတ်စ်ကား စီစဉ်မှုကို မထသ (ဗဟို)နှင့် ကပရတို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး လမ်းအပိုင်းကို YCDC ကဆောင်ရွက်ပေးကာ BRT စနစ်အောင်မြင်ရေး အပိုင်းကို BRT နည်းပညာ အထောက်အကူပြု ကော်မတီက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထား အထွေထွေမန်နေဂျာ (အောက်မြန်မာပြည်) တာဝန်ရှိသူတို့က ရှင်းလင်းပြောကြားခဲ့သည် ဟုသိရသည်။

Ref : ကြေးမုံ

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *