“ဆရာ စိတ်ချပါ။ ဒါ နောက်ဆုံး ဖြစ်စေရပါမယ်”
“ဒီတစ်ခါ နောက်ဆုံးပဲ ဆရာ၊ ကျွန်တော် နောင်ကို ဒီလို အဖြစ်မျိုး မဖြစ်စေရဘူး”
“သိသွားပြီ ဆရာ၊ မှတ်သွားပါပြီ။ နောက်တစ်ခါတော့ မစမ်းဝံ့တော့ပါဘူး”
“မင်းမှာ ကတိ၊ လူမှာ သစ္စာ” ဆိုသည့် စကားကြောင့်လားတော့ မသိ။ ကျွန်တော်၏ လူနာ အများစုဖြစ်သည့် “လူ” များသည် ကတိပေါင်းများစွာကို လွယ်လင့်တကူပေးဖို့ ၀န်မလေးတတ်ကြပါ။ ငါတို့က “မင်း” မှ မဟုတ်တာဘဲ၊ ကတိတည်စရာ ဒီလောက် မလိုပါဘူး ဟူ၍ပါ တစ်ပါးတည်း မှတ်သားထားကြဟန် တူပါသည်။ ပေးခဲ့သော ကတိများသည် ပေးခဲ့သော နေရာ၊ ပေးခဲ့သော အချိန်၌သာ တစ်ခဏတာ တည်ရှိကြသည်သာ မဟုတ်ပါလော။
“ခွေးမြီးကောက် ကျည်တောက်စွပ်” ဆိုသော စကားအတိုင်း လူသားတို့၏ အကျင့် ဝါသနာတို့သည် ဖျောက်ဖျက် ပြုပြင်ရန် ခဲယဉ်းလှသည်။ ဆရာတော်များ၏ တရားတော်များတွင် ကြားနာရလေ့ရှိသော သောတပန်ပုဂ္ဂိုလ်ပင် ဖြစ်လင့်ကစား ဝါသနာကို မဖျောက်ဖျက်နိုင်ကြသည့် သာဓက များစွာပင် ရှိသည် မဟုတ်ပါလော။ ဝါသနာဟုဆိုရာ၌ ကောင်းသော ဝါသနာနှင့် မကောင်းသော ဝါသနာ ဟူ၍ ရှိပေသည်။ မိမိကိုယ်လည်း အကျိုးယုတ်၊ ပတ်၀န်းကျင်ကိုလည်း အကျိုးယုတ်စေသော ဝါသနာများ ရှိသကဲ့သို့ ပတ်၀န်းကျင်ကို မထိခိုက်ဘဲ မိမိကိုယ်ကိုသာ ပျက်စီးစေတတ်သော ဝါသနာများလည်း ရှိပေသည်။ ၄င်းနှင့် ဆန့်ကျင်ဘက် ပတ်၀န်းကျင်ကိုသာ အကျိုး ယုတ်စေတတ်သော ဝါသနာမျိုးကား “အတ္တ” နှင့် ယှဉ်သော စက်ဆုပ်ဖွယ် ဝါသနာမျိုးပင် ဖြစ်ပေလိမ့်မည်။
ပြည်သူအများ၏ ကျန်းမာရေးကို စောင့်ရှောက် နေရသော ဆရာ၀န်တစ်ဦး အဖို့ “လူ့လောက”၏ အဖြစ်အပျက်များကို ရံဖန်ရံခါ ဆင်ခြင် တွေးတောမိသောအခါ လူတို့၏ လောဘ၊ ဒေါသ၊ မောဟ အရိပ်အယောင်များကို ရှင်းရှင်းလင်းလင်း မြင်လာမိပါသည်။ “အို၊ နာ၊ သေ” တည်းဟူသော မရှောင်လွဲနိုင်သည့် “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” တရားများကြောင့် လူတို့သည် မသေမီ နာခြင်း၊ အိုခြင်း ဒုက္ခများကို ခံစားကြရသည်။ မွန်မြတ်သော အလုပ်ဟု ဂုဏ်ပြုခံထားရသည့် ဆရာ၀န် လူသားများအဖို့ “Professional” ပညာရှင်ချင်း အတူတူပင် ဖြစ်လင့်ကစား အခြား ပညာရှင်များနှင့်မတူ လူအများ၏ အိုခြင်း၊ နာခြင်း၊ သေခြင်း ဒုက္ခအားလုံးကို တိုက်ရိုက် ထိတွေ့ တာ၀န်ယူ ဖြေရှင်းပေးနေရသည်။
အကြောင်းမှာ အခြား Professionalများ ဖြစ်သည့် အင်ဂျင်နီယာများ၊ IT ပညာရှင်များ၊ စာရင်းအင်းပညာရှင်များသည်ကား နံနက် ရုံးတက်ချိန် ၉း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအထိသာ ရုပ်၀တ္ထုများနှင့် အေးချမ်းစွာ တာ၀န် ထမ်းဆောင်နေကြသည် မဟုတ်ပါလော။ လခစားချင်းအတူတူ လူအများ၏ အသက်အတွက်၊ နာကျင်မှုအတွက် ပြေးလွှား လှုပ်ရှား ဦးနှောက် စားနေရသော ဆရာ၀န်တစ်ဦး၏ ဘ၀ပေး ကုသိုလ်ကံကား အခြား အရာရှိကြီးများထက် ည့ံနေ၍လား မစဉ်းစားတတ်ပါ။ အရာရှိကြီးများ အားလုံး ညနေ ရုံးဆင်းချိန်တွင် မိမိတို့၏ မိသားစုနှင့်အတူ မိတ်ဆွေ အပေါင်းအသင်းများနှင့် အတူတူ ကိုယ်ပိုင်ချိန်ကို ပုံစံ မျိုးစုံဖြင့် အသုံးပြုချိန်များတွင် ဆရာ၀န် အရာရှိများအဖို့ လက်ထောက် ဆရာ၀န်ဘ၀မှ စ၍ ပြန်တမ်း၀င် အရာရှိ အဆင့် သတ်မှတ်ခံရခဲ့ပြီ ဖြစ်သည်။
ပြေးကားလွှားကာ ဆေးခန်း ထိုင်ကြရသည်။ ဆေးရုံတွင် အလုပ်တာ၀န် မပြီးပြတ်၍ ဆေးခန်းအရောက် နောက်ကြလျှင်လည်း ဥစ္စာဓနရှင် လူနာများက နှုတ်ခမ်းဆူကြသည်။ “ဆရာ၀န်ကို ပိုက်ဆံပေးကုတာ” ဟူသော “ငွေ” မျက်နှာ၊ ကြေွးရှင် မျက်နှာမျိုးဖြင့် ဆီးကြိုတတ်ကြသည်။ သနားစရာ လူနာနှင့် လူနာရှင်များ တွေ့ရတတ်သလို ဒေါသ ထွက်ဖွယ်များနှင့်လည်း ဆုံတတ်ကြသည်။ လူတို့ထံမှ အပူမီးများ ဆရာ၀န်တို့ထံ ကူးလာတတ်ကြသည်။ ထိုအခါ ဘုရားဟောအတိုင်း ေ၀ဒနာကို ဥပေက္ခာပြုရန် ကြိုးစားကြရသည်။ မိသားစု တစ်ခု၏ အိုနာသေ အပူတစ်ခုသည် ထိုမိသားစုအဖို့ တစ်ခုတည်းသာ ဖြစ်သော်လည်း ထိုသို့သော မိသားစုမျိုး ၅၀ ခန့်ကို ကြည့်ရှုနေရသော ဆရာ၀န်တစ်ဦး အပေါ်တွင်ကား အပူ (၅၀) ဖြစ်လာသည် မဟုတ်ပါလော။ ထိုဆရာ၀န် ကိုယ်တိုင်သည်လည်း အိုနာသေ မကင်းသော ကိုယ်ပိုင် အပူမီး ရှိသဖြင့် လူအများထက် သာ၍ အပူမီးများသည် မဟုတ်ပါလော။
မိုးပေါ်မှ အပ်တစ်စင်းနှင့် မြေပြင်မှ အပ်တစ်စင်း ထိပ်ချင်းဆိုင် ထိရန် လွယ်သည်။ သို့သော် လူတစ်ယောက် ဖြစ်လာဖို့ မလွယ်ပါဆိုသော ဘုရားဟောအတိုင်း လူ့ဘ၀သည် ရခဲလှပါသည်။ ရခဲလှသော လူ့ဘ၀ကြီးတွင် အိုခြင်း နာခြင်း သေခြင်း ကင်းေ၀းသော မြတ်နိဗ္ဗာန်သို့ မတက်လှမ်းနိုင်မီ ကာလအတွင်း အိုခြင်း နာခြင်း သေခြင်းကို အလုံးစုံ ရှောင်လွဲ၍ မရသော်ငြား “သတိ” ဖြင့် ယှဉ်ကာ နေထိုင်သွားသင့်ပါသည်။ “အသက်ကို ဉာဏ်စောင့်သည်” ဆိုသော စကားအတိုင်း ကံမကုန်မီ ဉာဏ်အဟုန်ဖြင့် ဆင်ခြင်နေထိုင်ကြရမည်။ “ကံသည် အလုပ်၊ အလုပ်သည် ကံ” ဆိုသည့်အတိုင်း မဆင်မခြင် နေထိုင်လျှင် ကံလည်း မြန်ဆန်စွာ ကုန်သွားမည်ဖြစ်သည်။ ဗုဒ္ဓဘာသာ၀င်များ သာမက အခြားဘာသာ များတွင်လည်း ပြဌာန်းထားသည့် ကောင်းမွန်သော လိုက်နာသင့်သည့် စည်းစနစ်ဘောင်များသည် လူတို့၏ အနာဂတ်နှင့် ကံတရား လှပရန်သာ ဦးတည်ကြခြင်း ဖြစ်ပါသည်။
စာဖတ်သူ မိဘပြည်သူများအဖို့ စာရေးသူ၏ ရှည်လျား ကွေ့၀ိုက်နေသော ဒဿနာများနှင့် ကောက်ကြောင်းများကြောင့် မည်သည့် အကြောင်းအရာကို ဆိုလိုချင်သည်ကို ရိပ်မိကြဦးမည် မဟုတ်ပေ။ အလွှာစုံ၊ အတန်းစားစုံ လှသော လူနာများနှင့် နေ့စဉ် ဆက်ဆံ တွေ့ကြုံ နေရသည်များထဲမှ “လူ” တို့၏ တူညီသော သရုပ်၊ သဘာ၀နှင့် အကျင့်များကို မီးမောင်းထိုးပြလို၍ စကား ဦးတည်နေရခြင်း ဖြစ်ပါသည်။
လူတို့သည် ဒုက္ခနှင့် ကြုံတွေ့သောအချိ်န်တွင် လွန်စွာ တုန်လှုပ် ခြောက်ခြားပြီး ကျော်လွန်သွားသော အချိန်တွင်ကား မေ့မေ့ပျောက်ပျောက်
ပေါ့ပေါ့တန်တန် ဖြစ်သွားတတ်ကြသည်။ သဘောရှိသည့် ထိုအချက်သည် ကောင်းသည်ဟု ဆိုနိုင်သကဲ့သို့ ဆိုးသည်ဟုလည်း ပြောနိုင်သည်။ ငယ်စဉ်ဘ၀မှ ယနေ့အထိ အဖြစ်အပျက် မှန်သမျှကို ခရေစေ့တွင်းကျ “ကကြီးမှ အ” အဆုံး မှတ်မိ ခံစားနေလျှင် ထိုသူသည် “ရူး” သွားလိမ့်မည်။ သို့သော် မှားယွင်းခဲ့သော သင်ခန်းစာများကို အမှတ်မထား ဂရုမပွားပါက ထပ်၍ ထပ်၍ မှားယွင်း နေဦးမည်သာ ဖြစ်သည်။
“ကျွန်တော် ဒီအရက်ကို သောက်ရင် ဒီလို ဖြစ်တတ်တယ်ဆိုတာ သိတယ်၊ ဒါပေမယ့် အပေါင်းအသင်းတွေက စွယ်တော့ အားနာတာနဲ့ သောက်လိုက်မိတာပါ။ နောက်ကို ဆင်ခြင်ပါ့မယ် ဆရာ” အခြားသူမှ ဆုံးမစရာပင် မလို၊ အဖြူအမည်း သဲသဲကွဲကွဲ သိနေသူတစ်ဦး သို့သော် ပုထုဇဉ်တို့၏ ဝါသနာကား လွယ်လင့်တကူ ဖျောက်၍ မရ။ ဒီ့ထက်ဆိုးသူများကား “ဆရာရယ် ကျွန်တော်က မူးရင် ထိန်းလို့ မရတော့ဘူး။ ဒါကြောင့် ဒီအရက်ကို မသောက်ချင်တော့တာ” ဆိုသူများတည်း။ မူးယစ် မေ့မျောရာမှ နောက်ဆက်တွဲ ဖြစ်သည့် ဆင်ခြင်တုံတရား ကင်းပါးလာမှုကြောင့် အန ္တရာယ် ရှိသည့် အမူအကျင့်များကို ကျူးလွန်လာတတ်ကြသည် မဟုတ်ပါလော။ ထိုသူများသည် ဒီတစ်ခါ နောက်ဆုံးပဲ” ဟု ပြောသွားတတ်ကြသည်လည်း မဟုတ်ပါလော။
စာဖတ်သူ ကိုယ်တိုင်လည်း “ဒီတစ်ခါ နောက်ဆုံးပဲ” ဆိုသော ဆုံးဖြတ်ချက်များ ရှိခဲ့သည်ကိုလည်း ပြောပြချင်ပါသည်။ နေ့မအား ညမနား စာအုပ်နှင့် စာကိုသာ ကိုးကွယ် ပေါင်းသင်းနေရသော ဆေးကျောင်းသား ဘ၀က ဖြစ်သည်။ ကျောင်းစာဖတ်ရင်း အိပ်ငိုက်လာလျှင် အာရုံ ပြောင်းစေရန် ခေတ္တခဏ ဗီဒီယို (ထိုခေတ်က အောက်စက်နှင့် အခွေ ထည့်ကြရသော ဗီဒီယို) ကြည့်တတ်သည်။ အာရုံပြောင်းပြီး မျက်လုံး ကျယ်သွားလျှင် ကျောင်းစာ ပြန်ဖတ်မည်ဟူသော ရည်ရွယ်ချက်နှင့် ဖြစ်သည်။ သို့သော် ထိုဗီဒီယိုထဲသို့ အာရုံစိုက် ၀င်သွားလျှင် နှုတ်မရတော့။ “မထူးပါဘူးလေ ဒီတစ်ကားပြီးအောင် ကြည့်လိုက်ဦးမယ်”ဟု ဖြစ်သွားသည်။ ထိုအခါ မိမိ ရည်မှန်းထားသော၊ မိမိ အကွက်ချထားသော အချိန်ဇယားအတိုင်း စာမပြီးတော့၊ နောက်မှ နောင်တရပြီး “ဒီတစ်ခါ နောက်ဆုံးပဲ” ဆုံးဖြတ်ချက်ချလိုက်မိပြီ။
သို့သော်…
“ဆရာရယ် ကျွန်မလေ ဒီအစပ် စားရင် ဗိုက်အောင့်မယ်လို့ သိပြီးသား နည်းနည်းလောက်ပဲ ဖြစ်ပါတယ်ဆိုပြီး အရဲစွန့်မိတာ၊ နောက်ကို ဆင်ခြင်တော့မယ်” ထိုသို့ အခါခါ ပြောရင်းပင် အစာအိမ်ရောင်ရာမှ ခွဲစိတ်ရသည့် အခြေအနေအထိ ဆိုးရွားသွားသော လူနာများကား မရေမတွက်နိုင်။ “သိသွားပါပြီ ဒီအငန်တွေ ဘယ်တော့မှ မစားတော့ပါဘူး”ဟု ကတိပေးရင်း သွေးတိုးရာမှ လေဖြတ်သွားသူများလည်း မနည်းပါ။ “လက်ဖက်ရည်ဆိုင် သွားရင် ဒီအချိုတွေ စားမိတော့မယ်ဆိုတာ သိလို့ မသွားပါဘူး။ ဒီနေ့ကျမှ မလွှဲသာ မရှောင်သာ သွားလိုက်ရာကနေ…” ဟူသော လူနာမျိုး၊ မှတ်သွားပါပြီ နောင်ကို ချိုတာဆို ဘာမှ မစားရဲတော့ပါဘူး”ဟူသော လူနာမျိုးများလည်း ဆီးချို မထိမ်းနိုင်ဘဲ ဒုက္ခ တွေ့ကြရသည်သာ ဖြစ်သည်။ “ဒီတစ်ခါ တကယ် ပြတ်တာ”ဟု ကတိ အတွင်တွင်ပေးရင်း အသည်းခြောက် အသည်းကြေွသွားရသော အရက်သောက်တတ်သူများလည်း ကုဋေကုဋာ…
“ဒီည နောက်ဆုံးပဲ နောက်နေ့က စပြီး ညဥ့်နက်တဲ့အထိ TV မကြည့်တော့ဘူး” ဟူသော လူငယ်များ “ဒီနေ့က စပြီး စာစဖတ်တော့မယ် နောက်ကို မလေအောင် နေတော့မယ်”ဟူသော ကျောင်းသားများ “Game မကစားတော့ပါဘူး”ဟု ပြောသော Game သမားများလည်း ရှိပေဦးမည်။ မည်သို့ပင်ဖြစ်ပါစေ “မရှိတာထက် မသိတာ ပိုခက်တယ်” ဆိုစကားအတိုင်း အသိရှိအောင် ဦးစွာ ကြိုးစားကြရမည်။ မကောင်းမှန်းသိလျှင် ပြင်နိုင်အောင် တဆင့်တတ်၍ ကြိုးစားကြရမည်။ တစ်ခါမှ မရလျှင် နှစ်ခါ ကြိုးစားရမည်။ မိမိစိတ်ကို အလိုလိုက်မည်ဟု စဉ်းစားတိုင်း ဤဆောင်းပါးလေးကို ပြန်၍ အမှတ်ရစေချင်သည်။
မိမိတွင်ကော “ဘယ်နှစ်ခါ နောက်ဆုံးဆိုတာ ရှိခဲ့ပြီးပြီလဲ” ဟူ၍ မေးသင့်၊ သုံးသပ်သင့်သည်။ ဖြစ်နိုင်လျှင် နောက်ဆုံးဆိုသော နေ့ရက်များစွာ မရှိသင့်ပေ။ လူ့ဘ၀တွင်ကား နောက်ဆုံး နေ့ရက်ဟူသည် တစ်ရက်တည်းသာ ရှိပေသည် မဟုတ်ပါလော။ ထို့ကြောင့် ထိုတစ်ရက်တည်းသော နောက်ဆုံးနေ့ မရောက်ခင် မိမိ၏ အမူအကျင့် ဝါသနာများကို အသိနှင့် ယှဉ်သော သတိနှင့် ပွားသော ဆင်ခြင်တုံတရားဖြင့် စောင့်ကြပ်သော အနာဂတ်နေ့ရက်များအဖြစ် ဖန်တီးပြီး “ဒါနောက်ဆုံးပဲ” ဟူ၍ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ဖြတ်တောက်နိုင်ကြပါစေဟု ဆန္ဒပြု ရေးသားလိုက်ရပါသည်။