Health, Opinion

သီတင်းကျွတ်လက်ဆောင်

“နောက်တစ်ယောက် ၀င်ခဲ့ပါ”
ပြည်သူ့၀န်ထမ်းဆရာ၀န်တစ်ဦး “ဘ၀” နှင့် နယ်မြို့လေး တစ်မြို့တွင် တာ၀န် ထမ်းဆောင်နေသည့် ဒေါက်တာပီတိ၏ “ပုဂ္ဂလိက” ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း (တနည်း) ကိုယ်ပိုင် ဆေးခန်းလေးတွင် ညနေတိုင်း ကြားရသော ခွန်းဆင့် စကားပင်တည်း။ ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းသည်လည်း၊ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုများတွင် (မရှိမဖြစ်သော) တရား၀င် မှတ်ပုံတင် ခွင့်ပြုထားသော အပိုင်းတစ်ပိုင်း ဖြစ်ပါသည်။

“အဘွားတစ်ယောက်တည်းလား၊ အဖော်မပါဘူးလား” ဆေးခန်းအကူ မောင်အောင်ကိုက အခန်းတွင်း (တုံချိတုံချိဖြင့်) ၀င်လာသူ အမေအိုအား ဖေးမကူ လက်တွဲခေါ်ရင်း မေးသည်ကို ကြားရသည်။ “သူတို့တွေက သူတို့ အလုပ်နဲ့ မအားကြပါဘူး။ ပြန်လာရင်လည်း ပင်ပန်းနေကြတာမို့ မခေါ်လာခဲ့တာပါ။”
“သက်ကြီးရွယ်အို မိဘများ ဆေးခန်း လာပြလျှင် အဖော်ခေါ်လာပါ။” “တစ်ခါသုံး ဆေးထိုးအပ်များကိုသာ သုံးပါသည်။” “မိမိနှင့် မတည့်သော ဆေးရှိလျှင် သိလျှင် ကြိုပြောပါ။”ဟူသော စာတမ်းများကို ဆေးခန်း၏ အ၀တွင် ထင်သာ မြင်သာစွာ ချိတ်ဆွဲထားသဖြင့် ကျွန်တော်၏ လူနာရင်းအများစုကား ပြောစရာ မလိုအောင် သိရှိပြီး ဖြစ်သည်။

“သားရယ် အမေ့မှာ တစ်ထောင်ပဲပါတယ်။ အဲဒါနဲ့လောက်အောင် ဆေးကုပေးပါနော်။ အိမ်က သားသမီးတွေက ဆေးဖိုးကုန်ရင် ညူစူကြလွန်းလို့။ ဒီလိုပဲ ဆေးမီတိုလေးတွေနဲ့ ကုနေတာ မသက်သာတဲ့အတွက်သာ မဖြစ်နိုင်တဲ့အဆုံး လာရတာပါ။”

ကြားရသူအဖို့ ရင်ထဲ ဆို့သွားပေမည်။ အဖိုးအခ (တနည်း) ဆေးဖိုးဝါးခ (မည်သူက “ဝါးခ”ဟု သမုတ်ခဲ့သည် မသိ) ယူနေရသော ဆရာ၀န်တစ်ဦးအဖို့ အလွန်ပင် စိတ်မကောင်း ဖြစ်မိသည်။ အစိုးရ လခစား ဆရာ၀န်တစ်ဦးအနေဖြင့် (အစိုးရလခဖြင့် မလောက်င၍သာ) သမာအာဇီ၀ နည်းလမ်းတစ်ခုဖြစ်သော ညနေခင်း ဆေးခန်း ထိုင်ခြင်းကို ပြုလုပ်နေရသော်လည်း မိမိကိုယ်ကို “အသပြာဆရာ” ဖြစ်နေပြီလားဟု အမြဲ ထင်မှတ်မိသည်။

သို့သော်လည်း “ဆရာရယ် ဆရာ့ဆီမှာ တစ်ထောင်၊ ထောင့်ငါးရာနဲ့ ကုလိုက်ရတာက ကျွန်တော်တို့ နောက်နေ့မှ ငွေငါးထောင်လောက်ရဖို့၊ အမည်မပျက်ဖို့အတွက် တန်ဖိုးရှိလှတယ်၊ ဒီဆေးခန်းကို မပိတ်ပါနဲ့နော် ဆရာ”ဟု ပြောခဲ့ဖူးသော လူနာများလည်း ရှိသေးသည်။ တစ်နေ့ လုပ်မှ တစ်နေ့ စားရသူများအဖို့ ဖျားနေ၍ နှစ်ရက် သုံးရက် အလုပ်မဆင်းနိုင်လျှင် ဒုက္ခ ပိုရောက်ကြရသည်။ ထိုသို့ တွေးပြန်သော်လည်း မိမိ၏ ဆေးခန်းလေးသည် တန်ဖိုး ရှိလှသည်။ ထို့ကြောင့်လည်း ပြည်သူ့ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်သဖြင့် ရပ်တည်ခွင့် ရနေကြခြင်း ဖြစ်သည်။ သို့သော် လူနာများ၏ အကျိုးစီးပွားကိုကား (မတရားသဖြင့်) မဖျက်ဆီးသင့်ပေ။ “လူနာ မျက်ဖြူစိုက်လေ ဆရာကြိုက်လေ”ဆိုသော စကားကား အလွန်တရာ ရိုင်းစိုင်းသော စိတ်ဓာတ်ကို ဖော်ပြပါသည်။

“အမေရယ်၊ ကျွန်တော့် ဆေးခန်းက ပိုက်ဆံ မပါလည်း လာပြလို့ ရပါတယ်။ ကျွန်တော် ကူညီနိုင်ပါတယ်၊ ဖြစ်တာသာ ပြော၊ ဆေးဖိုးဝါးခ မပူနဲ့” “သာဓု သာဓု သာဓု” အမေအို မျက်၀န်းအစုံမှ မျက်ရည်များ ၀ိုင်းလာသည်။ “အမေက အငြိမ်းစား ဆရာမပါကွယ်၊ အခုတော့ ၀င်ငွေ မရှိတော့ဘူးလေ၊ ဟိုတုန်းကလည်း အိုစာမင်းစာ ရှာထားခဲ့တာ မရှိဘူး၊ ခုတော့ ကလေးတွေကို မှီခိုနေရတာပေါ့။ မြန်မြန်သေချင်တာလဲ မသေနိုင်ပါဘူး သားရယ်”
. . . . . . . . . . . x x x x x x x x x . . . . . . .

“အမေတို့က ပြောစကား ဘယ်တော့မှ နားမထောင်ဘူး၊ အ၀တ်အကြာကြီး မလျှော်ပါနဲ့ဆိုတာ ခုတော့ ဖျားပြီမလား” ဆေးခန်းတွင်းသို့ မြည်တွန်တောက်တီး၍ ၀င်လာသူကား ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်မှ မထွေးစိန် ဖြစ်သည်။ ၄င်း၏ အနောက်မှ အမေဖြစ်သူ ပါလာမည်ကိုလည်း စကားသံ ကြားလိုက်ကတည်းက သိနှင့်ပြီး ဖြစ်သည်။
“ဆရာရယ် ပြောရရင် ထွေးစိန်အသံပဲ လူကြားတယ်၊ အမေတို့က နားကို ကောက်တယ်”
. . . . . . . . x x x x x x x x x . . . . . . . . . . .

“မာတာပီတု ဂုဏော အနနေ္တာ”
မြတ်စွာဘုရားပင်လျှင် အလေးအမြတ် တန်ဖိုးထားသော မိဘတို့ကို မြည်တွန်တောက်တီး နေကြသည်။ ထိုသူတို့မှ အပါယ်ငရဲမလားလျှင် မည်သူလားမည်နည်။ “ဆရာရယ် ကျွန်မက ကရုဏာ ဒေါသောနဲ့ ပြောတာပါ” ဟု ဆင်ခြေပေးကောင်း ပေးကြပါမည်။ သို့သော် …
ငွေကြေးဥစ္စာဟူသည် အရေးကြီးလှသည် မှန်ပါသည်။ ရှာဖွေရ ခက်သလောက် သုံးရ လွယ်လှပါသည်။ အထူးသဖြင့် ကျန်းမာရေးနှင့် ပတ်သက်လာလျှင် လူတိုင်း ကြောက်ကြပါသည်။ သို့သော်လည်း မိမိတို့ကို လူလားမြောက်သည်အထိ ကျေွးမွေးပြုစုလာသော မိဘတို့အတွက်ကား “ဒုက္ခပေးသည်၊ ပြဿနာရှာသည်” ဟူသော အတွေးမျိုး မထားသင့်ပါ။ မိမိသည် ပညာဉာဏ် မည်မျှပင် ကြီးမားပါစေ။

ဥစ္စာ ရှာဖွေရာတွင် တစ်ဖက်ကမ်း ကျွမ်းကျင်သူ ဖြစ်ပါစေ၊ မိမိဘာသာ မိမိ ကြိုးစား၍ အောင်မြင်လာသူပဲ ဖြစ်ပါစေ၊ ထိုအကြောင်းအခြင်းအရာ အားလုံးသည် မိဘတို့၏ ကျေးဇူး မကင်းပါချေ။ အဆင်မပြေသူများအနေဖြင့်လည်း ခွန်အားကို အသုံးပြု၍ တစ်နေ့ လုပ်မှ တစ်နေ့ စားရသည် ဆိုဦးတော့၊ ထိုခွန်အားသည်လည်း မိဘကျေးဇူးနှင့် ကင်းမည် မဟုတ်။ ငယ်စဉ် တောင်ကျေးလက် ကလေးဘ၀မှ ယနေ့ကဲ့သို့ သန်မာ ထက်မြတ်သူများ ဖြစ်လာအောင် မိဘတို့ ကိုယ်တိုင် မပြုစု မပျိုးထောင်ခဲ့ပါဟု ဆိုစေဦးတော့။ ထိုအသွေးအသား အားအင်များသည် မိဘများဆီမှ ဆင်းသက်လာခြင်းသည် ငြင်းဖွယ်ရာ စကားရှိနိုင်၏လော။

မိမိ ဖြစ်လာမည့် သနေ္ဓသားကို စတင် လွယ်စဉ်ကတည်းကပင် အနေအစား အသွားအလာတို့ကို ဆင်ခြင်ခဲ့ကြသည်။ မိမိအကြိုက် နှစ်သက်ဆုံး အစားအစာ၊ အမူအကျင့်ကိုပင် မွေးဖွားလာမည့် ကလေးငယ်နှင့် မတည့်ဟု ယူဆလျှင် ဆင်ခြင်စွန့်လွှတ်ကြမြဲ ဖြစ်သည်။ မွေးဖွားချိန်၌လည်း နာကျင်မှုကို ကြိတ်မှိတ် မြိုသိပ်ယင်း “မျက်နှာ မြင်ရယုံဖြင့် အမောပြေ ကြရသည်ကို ကိုယ်တိုင် ကိုယ်၀န်ဆောင် မီးဖွားသူတိုင်း သိပေးလိမ့်မည်။ မေတ္တာကို အရင်းခံ၍ သွေးသားမှ ဖြစ်ပေါ်လာသော နို့ရည်ကို စေတနာအပြည့်ဖြင့် တိုက်ကျေွးခဲ့သူများမှာလည်း မွေးမေမေများပင်တည်း။

ပိစိကွေး နီတာရဲ ဘ၀လေးမှ လေးဖက်ထောက်ချိန်တိုင်အောင် အစားဆင်းရဲ အနေဆင်းရဲဖြင့် ဒုက္ခခံခဲ့သူများမှာလည်း မိခင်များပင် ဖြစ်သည်။ သားငယ် သမီးငယ်များ၏ အညစ်အကြေးဟူသမျှကို မရွံမရှာ (ထမင်းစားရင်းနှင့်ပင်) သုတ်သင် သန့်စင် ပေးရမြဲ ဖြစ်သဖြင့် မိခင်တို့၏ ၀မ်းထဲတွင် သားသမီးတို့၏ မစင်များ အမြဲ ရှိသည်မှာ မလွဲပင် ဖြစ်သည်။ ထိုသို့ မရွံမရှာ ပြုစုခဲ့သော မိဘများ မသန်မစွမ်း အိုမင်းလာချိန်တွင်ကား အညစ်အကြေး သန့်ရှင်းရေး ပြုရန် မဆိုထားဘိ။ ရေတစ်ခွက်ပင် မသဒ္ဓါသည်မှာ အံ့သြစရာ ကောင်းလှသည်။

“ဆင်းရဲမှုကြောင့်လား၊ ကြပ်တည်းမှုကြောင့်လား” သို့တည်းမဟုတ် “သဘာ၀” ပင်လား၊ မေ၀ခွဲတတ်ပါ။
ရုပ်၀တ္ထုများ တိုးတက်သည်ဆိုသော ဤခေတ်ကြီးတွင် “စိတ်ဓာတ်”ပိုင်းဆိုင်ရာတွင် ယုတ်ည့ံသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့ရပါသည်။ “ဟန်းဖုန်း တစ်လုံးလောက်တော့ ၀ယ်ကိုင်ဦးမယ်” ဆိုသူတစ်ဦးကို အမိအဖတို့အတွက် အားဆေး တစ်ကဒ် ၀ယ်ပေးပါဟု တောင်းဆိုလျှင် “အပိုကုန်တယ်” မြင်ကြဦးမည်။ အမိကျေးဇူးသည် သာမက အဖကျေးဇူးသည်လည်း “အနန္တ” ပင်တည်း။ ကိုယ်တိုင် ကိုယ်၀န် မလွယ်ထားရသော်လည်း မိခင်အား စောင့်ရှောက်ရသည်။ ၀င်ငွေ ရှာရသည်။ မွေးဖွားစရိတ် စီစဉ်ရသည်။ ကလေးငယ် ကြီးပြင်းလာသည်အထိ အပင်ပန်းခံ ရှာဖွေ ပြုစုကြသည်။ တာ၀န် မယူဘဲ ကိုယ်၀န်ဆောင် မိခင်ကို ပစ်ထားသော ဖခင်အချို့ ရှိကောင်း ရှိပေမည်။ သို့သော် လူနည်းစုပင် ဖြစ်လိမ့်မည်။

အသက်ကြီးပိုင်း ရောက်လာချိန်၊ အထူးသဖြင့် လုပ်ငန်းတာ၀န်များ ဆက်လက် ထမ်းဆောင်ရန် မရှိတော့အချိန်တွင် လူတိုင်း စိတ်ကျရောဂါကို ခံစားကြရသည်။ ပြင်းထန်မှု အတိုင်းအတာ ကွာခြားသည်သာ ရှိသည်။ ဤအချိန်တွင် သားသမီးများ၏ အဆင်မပြေမှု၊ ခက်ခဲမှု၊ မိဘတို့အပေါ် ပြန်လည် ပြုစုလိုစိတ် မရှိမှုတို့ကြောင့် စိတ်ပိုင်းဆိုင်ရာသာမက ကိုယ်ကျန်းမာရေးပါ ယိုယွင်းလာသော အချိန်တိုအတွင်း ပျက်စီး တိမ်းပါးကြရကြောင်း ဆေးပညာလေ့လာ
တွေ့ရှိချက်များတွင် ဖော်ပြထားတတ်ကြသည်။ “စိတ်သာရှင်စော ဘုရားဟော”ဆိုသည့်အတိုင်း စိတ်မကျန်းမာလျှင် ကိုယ်လည်း မကျန်းမာနိုင်၊ ထို့ကြောင့် “တတိယအရွယ် တရားရှာ” ဆိုသည့်အတိုင်း စိတ်ကျန်းမာအောင် “၀ိပဿနာ ကမ္မဌာန်းတရား” များ ရှုပွားခြင်းကို လူကြီးအများစု ဦးစားပေး ကျင့်ကြံခြင်း ဖြစ်သည်။ သို့သော် “ခန္ဓာရှိလျှင် ေ၀ဒနာရှိမည်”မှာ မလွဲပင်ဖြစ်ပါသည်။

မိဘများသည်ကား သားသမီးများ၏ အသက်အရွယ် မည်မျှပင် ကြီးလာသည်ဖြစ်ပစေ၊ ကလေးဟုသာ ထင်မှတ်ကြသည်။ ပြုစု စောင့်ရှောက်ကြသည်။ ပူူပန် စိုးရိမ်တတ်ကြသည်။ ဤသည်ကိုလည်း သားသမီးတို့က နားမလည်။ မနှစ်မြို့ဘဲ ပြန်လည်ဆန့်ကျင် တုန့်ပြန်တတ်ကြသည်။ “အမေက ကိုယ့်ကိုယ်ကို ဆယ်ကျော်သက်များ မှတ်နေလား မသိဘူး။ သူ့သား နေမကောင်းတာကို ဟင်းချက်ပြီး သွားပို့တယ်လေ။

ခုတော့ သွေးတွေ တက်နေပြီမလား” ထိုသို့ ပြောစကားများကား စာရေးသူအဖို့ အခါခါ ကြားရသည်။ ပြောနေသူ အများစုမှာလည်း မိမိထက် လူ့လောကထဲ စောရောက်ကြသူများပင်တည်း။ လူငယ်များ ဖြစ်၍ ဆုံးမခန်း ဖွင့်လိုက်လျှင်လည်း “ဒီဆရာက ဆေးကုတာ နည်းနည်း အပိုတွေ အာတာက များများ ပါကွာ”ဟု မိမိ မကြားကြားအောင် ဆေးခန်းမှ အထွက်တွင် ပြောသွားတတ်သည်ကို ကြုံရဖူးပါသည်။ သို့သော် မည်သူ မည်သို့ဆိုစေ၊ ကျွတ်ချိန်တန်သူများ ကျွတ်ပေလိမ့်မည်။ နား၀င်နိုင်သူများ နား၀င်ပေလိမ့်မည်။ နားထောင်သည် မထောင်သည်မှာ ထိုသူ၏ တာ၀န်၊ ပြောရမည်မှာ မိမိ တာ၀န်ဖြစ်သဖြင့် ပြောနိုင်သမျှ ပြောမည်ဟု ဆုံးဖြတ်ရပါသည်။

မကြာသေးမီက ဂျာနယ်တစ်ခုတွင် သက်ကြီးရွယ်အို တစ်ဦး ရေထဲ ခုန်ဆင်း၍ မိမိ ကိုယ်ကို အဆုံးစီရင်သွားသည်ကို ၀မ်းနည်းဖွယ်ရာ ဖတ်ရှုရပါသည်။ “၀ဋ်” ရှိ၍သာ ဖြစ်ချေမည်။ အဖန်ငါးရာ ငါးကမ္ဘာ မပြည့်မချင်း ၀မ်းနည်းဖွယ်ရာပင်တည်း။ မိဘများ ဆုံးပါးသွားခါမှ ရွေှရောက်ဘောင်ကွပ်ထားသော ဓာတ်ပုံကြီးကို အိမ်ဦးခန်း၌ ချိတ်ဆွဲထားမည်ဟု (လူမြင်ရုံ) ကျေးဇူး သိတတ်မှုမျိုးကို မစဉ်းစားဘဲ မိမိ ပဲပြုတ်နှင့် စားလျှင် မိဘလည်း ပဲပြုတ်နှင့်ပင် ကျေွးလင့် ကစား စေတနာပါသော၊ ကျေးဇူး သိတတ်သော ထမင်း တစ်လုတ် ဖြစ်လျှင် မိဘတို့အတွက် နတ်သုဒ္ဓါ ဖြစ်လိမ့်မည်။

“ပိုက်ဆံရှိမှ ဟိုဟာ ၀ယ်ကန်တော့မယ်၊ ဒီဟာကြီး ပေးလိုက်မယ်”ဟု မစဉ်းစားဘဲ “အမေတို့ အဖေတို့အပေါ် ပြောမှား ဆိုမှား ရှိရင် ခွင့်လွှတ်ပါ၊ အဖေအမေ ကျန်းမာပါစေ”ဟု လက်အုပ်ချီ ကန်တော့လျှင်ပင် အတိုင်းမသိ ကျေနပ် ၀မ်းသာမည့် မိဘပေါင်း ကုဋေကုဋာ ရှိပေမည်။ မ်ိမိစိတ်နှင့် မကိုက်ညီလျှင်လည်း ကြင်ကြင်နာနာနှင့်ပင် ညင်သာ စိတ်ရှည်စွာ ဟန့်တားပေးရမည် ဖြစ်သည်။ မိမိတု့ိတွင် ရင်သွေးကလေးငယ် ရှိသူတိုင်း ရင်သွေးအပေါ် စိတ်ရှည် ရသမျှကို တွက်ဆပြီး မိမိတု့ိ ငယ်စဉ်ကလည်း မိမိတု့ိအပေါ်တွင် မိဘများ မည်မျှ စိတ်ရှည်ခဲ့မည်ကို မှန်းဆနိုင်ပါသည်။ ထု့ိကြောင့် ထိုမိဘတို့အပေါ် ပြန်လည် ပြုစု ကြင်နာ စိတ်ရှည်ရသည်မှာ ကလေးငယ်တစ်ဦးအပေါ် ထားရှိသည်၏ ဆယ်ပုံ တစ်ပုံမျှသာ ဖြစ်ချေမည်ဟု သိကြပေမည်။ မသိိချင်ယောင်ဆောင်နေသူများကိုသာ ပြောရခက်ပါသည်။

ယခုကဲ့သို့ သီတင်းကျွတ်အခါသမယတွင် မြတ်စွာဘုရားရှင်က မယ်တော်မိနတ်သားကို ကျေးဇူးတော်ဆပ်သော တရားဒေသနာ ဟောကြားခဲ့သည်ကို လူတိုင်း သိကြပါသည်။ ထို အထိမ်းအမှတ်ဖြင့် ဝါလကင်းလွတ် သီတင်းကျွတ်ရောက်တိုင်း မိဘများ အပါအ၀င် လူကြီးသူမများကို ကန်တော့ကြသည့် အစဉ်အလာလည်း ဗုဒ္ဓဘာသာ၀င်တိုင်း၌ ရှိကြပါသည်။ သို့သော် “ဒီနေ့ ကန်တော့တာ ပြီးခဲ့တဲ့ တစ်နှစ်စာ စော်ကားခဲ့သမျှအတွက် နက်ဖြန်က စပြီး စော်ကားမှာတွေကို နောက်နှစ်ထပ် ကန်တော့မယ်” ဟူသော အကြေွးဆပ်ခြင်းမျိုး၊ မှတ်ပုံတင် သက်တမ်းတိုးခြင်းမျိုးကား မပြုမူသင့်ပေ။

အခါကြီး ရက်ကြီး ရောက်မှ ကန်တော့သည်သာမကဘဲ နေ့စဉ် ကိုယ်နှုတ်နှလုံး သုံးပါးလုံး ယဉ်ကျေး ရိုသေစွာဖြင့် အနန္တမေတ္တာရှင် မိဘတို့၏ ကျေးဇူးတရားကို မမေ့မလျော့ ရင်၀ယ်ပိုက်ကာ မိမိ အခက်အခဲ ရှိလင့်ကစား လက်အားဖြင့် မကူညီနိုင်လင့်ကစား၊ နှုတ်အားဖြင့် မစောင့်မနိုင်လင့်ကစား၊ စိတ်အားဖြင့် အစဉ်အမြဲ ဦးထိပ်ထားပန်ဆင်ပါဟု ရေးသားရင်း မြူမှုန် တစ်မှုန်စာမျှပင် မဆပ်နိုင်သော မိဘကျေးဇူးကို ဆပ်ချင်ပါသည်ဟု တင်ပြလိုက်ရပါတော့သည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *