News

ရန်ကုန်မှာ အရန်ဆန် စရောင်းပြီ

ရန်ကုန်တွင် ဆန်ဈေးနှုန်းများ ကြီးမြင့်ကာ အမြင့်ဈေးဖြင့် ဆက်လက်တည်ရှိနေခြင်းကြောင့် အရန်ဆန်များကို သြဂုတ် ၃ရက်မှ စတင်ကာ ရောင်းချနေပြီဖြစ်ကြောင်း ဝါးတန်း ဆန်ကုန်စည်ဒိုင်အသင်း အတွင်းရေးမှူး ဦးတင်ဦးက ပြောသည်ဟု သိရသည်။ ယင်းက “ဆန်ဈေးက တန့်နေတယ်။ ကျလည်းမကျ တက်လည်းမတက် ဖြစ်နေတဲ့အတွက် နယ်ဘက်ကို အသွားနည်းသွားတယ်။ ဒိုင်မှာလည်း ဆန်ဈေးက အတက်ဈေးနဲ့ ငြိမ်နေတဲ့ ပုံစံဖြစ်နေတဲ့အတွက် ဒီနေ့ပဲ အရန်ဆန်ကို စရောင်းတယ်။ အိတ်ရေ ၁၆၀၀လောက် ရောင်းပြီးသွားပြီ”ဟု ဆိုသည်။

ပြည်တွင်းဆန်ဈေးများ ဈေးကောင်းနေခြင်းကြောင်း နယ်တင်ပို့မှုများ ရှိနေသော်လည်း ပြည်တွင်းပေါက်ဈေးဖြင့် ကွာဟမှု ကျဉ်းမြောင်းကြောင်း၊ လက်ရှိ ဆန်ဈေး အခြေအနေကြောင့် ဆန်စပါး အများပိုင်ကုမ္ပဏီမှ ပင်လယ်ရေကြောင်း၊ ဆန်တင်ပို့မှုများလည်း ရပ်ဆိုင်းလျက်ရှိနေသည်ဟု ယင်းက ထပ်မံ ပြောကြားသည်။

ဆန်ကုန်သည်အသင်း ဥက္ကဌ ဦးအောင်သန်းဦးက ရွေဘိုပေါ်ဆန်း ဈေးမြင့်တက်လာချိန်မှ စတင်ကာ ပြည်တွင်းဆန်ဈေးနှုန်းများ အဆမတန် မြင့်တက်ခြင်း မရှိစေရန် ပြောဆိုခဲ့သော်လည်း စက်တင်ဘာလမှ စတင်ကာ ရန်ကုန်တွင် အရန်ဆန် စတင်ထုတ်ရောင်းခြင်း ဖြစ်ကြောင်း သိရသည်။ အရန်ဆန်အား တစ်အိတ်လျှင် ကျပ် ၁၆၃၀၀ဖြင့် စတင် ထုတ်ရောင်းလျက်ရှိကြောင်း၊ လက်ရှိဈေးကွက်အတွင်းတွင် ၂၅မှတ် ဆန်များ အနည်းငယ် နည်းပါးလာမှုကြောင့် ပြည်တွင်းဆန်ဈေးမြင့်တက်မှုအား မဖြစ်ပေါ်ရန်အတွက်လည်း ဖြစ်ကြောင်း ဆန်ကုန်သည်တစ်ဦးထံမှ သိရသည်။
အရန်ဆန်နှင့်အတူ ကုမ္ပဏီသုံးခုမှလည်း ကုမ္ပဏီဆန်များကို ထုတ်ရောင်းလျက် ရှိနေကြောင်း၊ ယခုလ အစပိုင်းအတွင်း ဝါးတန်း ဆန်ကုန်စည်ဒိုင်သို့ ဆန်အ၀င်ပမာဏ အိတ်ရေ ၅၅၀၀၀၀န်းကျင်အထိ အ၀င်ရှိနေသည့်အတွက် ရန်ကုန်တွင် ဆန်အပြည့်ရှိနေသည်ဟု ယင်းကုန်စည်ဒိုင်မှ ဆိုသည်။

စက်တင်ဘာ ၃ရက် ဝါးတန်းဆန်ကုန်စည်ဒိုင် စာရင်းများအရ ရွေဘိုပေါ်ဆန်းသစ် တစ်အိတ်လျှင် ကျပ် ၃၃၀၀၀မှ ၃၄၅၀၀၊ မိုးစပါး ရှယ်သုခဟောင်း တစ်အိတ်လျှင် ၂၀၃၀၀၊ မိုးစပါးရှယ်ဇီယာဟောင်း တစ်အိတ်လျှင် ကျပ် ၁၉၅၀၀၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၂၄၀၀၀မှ ၂၈၀၀၀၊ ဒေးဒရဲ ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၂၄၀၀၀မှ ၂၈၀၀၀၊ ပေါ်ဆန်းနယ်စုံ တစ်အိတ်လျှင် ကျပ် ၂၄၀၀၀မှ ၂၅၅၅၀၊ ဧည့်မထတစ်အိတ်လျှင် ကျပ် ၁၅၅၀၀မှ ၁၈၁၀၀အတွင်း ရှိနေကာ တစ်နေ့ အိတ်အရေအတွက်အားဖြင့် ၅၅၃၀၀အထိ အ၀င်ရှိနေကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *