News

စင်ကာပူနိုင်ငံသားများ သတ်သေမှုနှုန်း မြင့်မား

Singapore

ကမ္ဘာပေါ်တွင် ပျော်ရွှင်မှု အနိမ့်ဆုံး နိုင်ငံများ စာရင်း၌ နံပါတ် ၁နေရာသို့ ရောက်ရှိနေသော စင်ကာပူနိုင်ငံတွင် ယမန်နှစ်က ကိုယ့်ကိုယ်ကို သတ်သေမှု နှုန်းမှာ နှစ်ပေါင်း ၂၀ကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိသွားကြောင်း အစိုးရက ထုြတ်ပန်သော စာရင်းဇယားများအား ကိုးကား၍ The Straits Times သတင်းစာက ဖော်ပြထားသည်။

Samaritans of Singapore – SOSဟု အမည်ရသည့် ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုများ ကာကွယ်ရေးအဖွဲ့က နောက်ဆုံး ထုတ်ပြန်လိုက်သော စာရင်းဇယားများအရ စင်ကာပူနိုင်ငံတွင် ယမန်နှစ်က မိမိကိုယ်ကို သတ်သေမှု ၄၆၇မှု ရှိခဲ့ရာ ၂၀၁၁ခုနှစ်ကထက် ၃၀ရာခိုင်နှုန်း မြင့်တက်လာသည်ဟု သိရသည်။ အဆိုပါ နှုန်းထားအရ ယမန်နှစ်အတွင်း စင်ကာပူ နိုင်ငံသား တစ်သိန်းလျှင် ၁၀ ဒဿမ ၂၇ဦးမှာ မိမိကိုယ် မိမိ အဆုံးစီရင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၁ခုနှစ်တွင် အဆုံးစီရင်ခဲ့သူ ဦးရေမှာ တစ်သိန်းလျှင် ၈ ဒဿမ ၁၃ဦး ဖြစ်သည်။

စင်ကာပူ စိတ်ပညာရှင်များက ယင်းသို့ သတ်သေမှုနှုန်းများ မြင့်တက်လာရခြင်းမှာ စိတ်ဖိစီးမှုများ၊ ပြဿနာများနှင့် ပြဿနာကို ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများ မရရှိခြင်းတို့ အပြန်အလှန် ဆက်စပ်နေခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားသည်။ “စိတ်ဖိစီးမှုကို နိုင်နင်းအောင် လုပ်ဖို့ အခက်အခဲတွေ ရှိနေတာရယ်၊ အကူအညီမဲ့နေသလို ခံစားချက်တွေရယ်ကြောင့် နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို သတ်သေဖို့ တွန်းအားပေး ခံလိုက်ရသလို ဖြစ်သွားရတာပါ”ဟု စင်ကာပူ စိတ်ရောဂါ အထူးကု ဆရာဝန်ကြီး Ang Yong Guanက ပြောကြားခြင်း ဖြစ်သည်။

SOS အဖွဲ့၏ အဆိုအရ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုများသည် အသက် ၂၀မှ ၂၉နှစ်အရွယ်အကြား စင်ကာပူ နိုင်ငံသားများတွင် အများဆုံး ဖြစ်ပေါ်လျက် ရှိရာ ၎င်း အခြေအနေမှာ စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်ဟု ဆိုသည်။ ယမန်နှစ်က SOSသို့ သတ်သေရန် ကြံစည်ခဲ့သူ ၄၅၀၀ သို့မဟုတ် ၃၄ရာခိုင်နှုန်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြပြီး ၎င်းတို့ အားလုံးမှာ အသက် ၂၀မှ ၂၉နှစ်ကြား အရွယ်များ ဖြစ်ကြသည်ဟု သိရသည်။

စိတ်ပညာရှင်များ၏ အကဲဖြတ်ချက်အရ လူငယ်များသည် အလုပ်လက်မဲ့ဖြစ်မှု သို့မဟုတ် မိသားစုဘဝ စသည်တို့ကဲ့သို့သော ပြဿနာများနှင့် ရင်ဆိုင် ရုန်းကန်ကြရခြင်းကြောင့် ရရှိလာသော စိတ်ဖိစီးမှုများကို ပြေလည်အောင် မဖြေရှင်းနိုင်ရာမှ ကိုယ့်ကိုယ်ကို သတ်သေရန် ကြိုးပမ်းလာကြခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “စင်ကာပူနိုင်ငံသားများ သတ်သေမှုနှုန်း မြင့်မား

  1. Myo Thiha says:

    ကောင်းတော့မကောင်းဘူး။မကောင်းပေမယ့်လည်း ဒီနိုင်ငံကို အလေးထားတဲ့ နိုင်ငံသားတွေ ကိုယ်တိုင် ကောင်းအောင်ကြိုးစားသင့်နေပြီလို့ ထင်ပါတယ်။ကျွန်တော်လည်း ရောက်ခဲ့ဖူးပါတယ်။အလုပ်ကိုသေလောက်အောင်လုပ်ရပြီး စိတ်ကို 0% မရောက်အောင်မနည်း ထိန်းချုပ်ခဲ့ရတယ်။ဒီတော့ သူတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အတွက် ကိုတော့ အသိတွေ ဝေချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *