Opinion

စည်းကမ်းဆိုသည်မှာ

discipline

နိုင်ငံတစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးဖို့၊ လူမျိုးစုတစ်စု တိုးတက်ဖွံ့ဖြိုးဖို့၊ အဖွဲ့အစည်းတစ်ခု အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ အခြေခံအကျဆုံး လူတိုင်း လူတိုင်း လုပ်ဆောင်ရမှာကတော့ စည်းကမ်းရှိကြဖို့ပဲ ဖြစ်ပါသည်။

ကျွန်မတို့ငယ်ရွယ်စဉ်အခါကပင် သိမှတ်ထားသည့် စကားပုံတစ်ခုကို စာဖတ်သူလည်း ကြားဖူးမည်လို့ ထင်ပါသည်။ စည်းကမ်းသည် လူ၏တန်ဖိုး၊ စည်းကမ်းရှိမှ တိုးတက်မည်လို့ သိမှတ်ခဲ့ရပါသည်။ ထို့ကြောင့် စည်းကမ်းကောင်းမှ အဖွဲ့အစည်းကောင်းမည်လို့ ကျွန်မက ထပ်ကွန့်ချင်မိပါသည်။ လူတိုင်းသည် တန်ဖိုး ရှိသော၊ အရည်အချင်းရှိသောသူများသာ ဖြစ်ကြပါသည်။ မိမိတို့၏ တန်ဖိုးကို စည်းကမ်းဆိုသည့် တံတိုင်းကြီး နှင့်သာ ကာရံထားမည်ဆိုလျှင်ဖြင့် ပိုမိုတန်ဖိုးရှိသော၊ ဂုဏ်ရည်မြင့်သော ဘ၀များကို ပိုင်ဆိုင်ကြမည်မှာ အမှန်ပင် ဖြစ်ပါသည်။

လူတိုင်း လူတိုင်း မိမိတို့၏ အသိစိတ်ဓာတ်ဖြင့် ကျောင်းတွင်လည်း ကျောင်းစည်းကမ်း၊ အိမ်တွင်လည်း အိမ်စည်းကမ်း၊ ရုံးတွင်လည်း ရုံးစည်းကမ်းထားရှိမှသာလျှင် မိမိနေထိုင်သော နိုင်ငံတော်ကြီးသည် စည်ပင် ၀ပြောပြီး တိုးတက်အောင်မြင်သော နိုင်ငံတော်ကြီး ဖြစ်လာပေမည်။

စည်းကမ်းဆိုသည်မှာလည်း နေရာတကာ လူအများ လိုက်နာဆောင်ရွက်နိုင်သော ဖြစ်လည်း ဖြစ်ထိုက်သော စည်းကမ်းမျိုးဖြစ်ဖို့ အထူးလိုအပ်လှပေသည်။ စည်းကမ်းတော့ စည်းကမ်းပဲ ဖြစ်နိုင်ခြေ နည်းသော အရမ်းကာရော ဥပဒေတစ်ရပ်အနေဖြင့် လူအနည်းစုသာ လိုက်နာနိုင်မည့် သတ်မှတ်ချက်မျိုး ကျပြန်တော့ စည်းကမ်းကောင်း မဖြစ်လာနိုင်ပေ။

လူတိုင်း ပါးစပ််ဖျားတွင် စည်းကမ်းဆိုသည့် ဂုဏ်ပုဒ်သည် အဖန်တရာ ကြားရဖန်များလာသော်လည်း ကို်ယ်တိုင်က စည်းကမ်းမဲ့စွာ အမှိုက်စွန့်ပစ်ခြင်းမျိုး၊ ပစ္စည်းများ ငှားရမ်းတဲ့အခါဖြစ်ဖြစ် သူများပစ္စည်း ယူသုံးတာပဲ ဖြစ်ဖြစ် နေရာတကျ ပြန်မထားဖြစ်တာမျိုးတွေ သတိမမူ ဂူမမြင်ဆိုသလို အမှတ်တမဲ့ အများအားဖြင့် ဖြစ်လေ့ရှိတတ်ကြပါသည်။ သူများသာ ပြောပြီး မိမိကိုယ်တိုင်က အမှတ်မဲ့ ဖြစ်တတ်သည်များကိုလည်း ဆင်ခြင်သင့်ပါသည်။ တစ်ခါတလေ ကိုယ်တိုင်က သတိပေးစာတမ်းလေးတွေ ချိတ်ဆွဲထားပေမယ့် သတိမပြုမိတတ်တော့ ပတ်၀န်းကျင် စူးစမ်းလေ့လာမှု အားနည်းတဲ့အပြင် စာဖတ်ဖို့ပင် မေ့တတ်ပြန်ပါသည်။

ဒီလိုသာ ပြုမူနေကြမည်ဆိုရင်ဖြင့် စည်းကမ်းသည် လူ၏တန်ဖိုးဆိုသည်မှာ စာအုပ်ထဲတွင် ရှိနေသေးပါ တကားလို့ တွေးထင်မိပါသည်။ တန်ဖိုးကို တန်ဖိုးဆင့်ဆိုသလို လိုအပ်သည့်နေရာအတွက် လူတိုင်း လူတိုင်း ထုတ်သုံးနိုင်ကြမည်ဆိုလျှင်ဖြင့် စည်းကမ်းကောင်းသော နိုင်ငံ၊ စည်းကမ်းကောင်းသော အဖွဲ့အစည်း၊ စည်းကမ်းကောင်းသော နိုင်ငံသူနိုင်ငံသားများနဲ့ ဖွဲ့စည်းထားသော ခေတ်မီတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ကျွန်မတို့အားလုံး စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ချီတက်ကြပါစို့လားရှင်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

3 thoughts on “စည်းကမ်းဆိုသည်မှာ

  1. Myo Thiha says:

    တန်ဖိုးဆိုတာ စည်းကမ်းကို ပြောတာလို့ တွေးမိတယ်။ဒါပေမယ့် ကိုယ်တိုင်ကောင်းဖို့ ဆိုတာ ကျွန်တော့အနေနဲ့ အများကြီးကြိုးစားရတယ်လို့ သုံးသပ်မိတယ်။ ဆက်လက်အကောင်ထည်ဖော်နေမှာပါ။

  2. Shwe Zin says:

    အခုတော့ လူတိုင်းစိတ်ထဲ စည်းကမ်းလေးတော့ နည်းနည်းထည့်ထားကြရင် ပိုကောင်းမယ်နော်

  3. Moe Moe says:

    စည်းကမ်းဆိုတာ နေရာတိုင်းမှာရှိသင့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *