စာရေးသူတို့မြန်မာနိုင်ငံမှာ search engine အဖြစ် Google ကို အများစု အသုံးပြုကြပါတယ်။ လူသိလည်း များကြပါတယ်။ Google ဟာ ကမ္ဘာပေါ်မှာလည်း အအောင်မြင်ဆုံး search engine ဖြစ်ပါတယ်။ တခြား search engine တွေအများကြီး ရှိပေမယ့်လည်း အဲဒီထဲမှာမှ ဒုတိယလိုက်တဲ့ search engine ကတော့ Yahoo ဖြစ်ပြီး၊ တတိယကတော့ Microsoft က support လုပ်ထားတဲ့ Bing search engine ဖြစ်ပါတယ်။ ရေးချင်တဲ့အကြောင်း ရာလေးကတော့ internet search engine ကို ကောင်းကောင်း အသုံးချမှု နည်းနေတာလေးကို စာရေးသူ ဖော်ပြချင်တာ ဖြစ်ပါတယ်။ ကနေ့မှာ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်မေးလာတယ်။ ကွန်ပျူတာနဲ့ ပတ်သတ်တာလေး တစ်ခုဖြစ်ပါတယ်။ တကယ်တော့ သူတက်နေတဲ့ ပြဿနာက အင်တာနက်မှာ ရှာလိုက်ရင် စာရေးသူကို မေးစရာတောင် မလိုပါဘူး။ ဒါနဲ့ပဲ ဟိုတလောက လဖ္ဘက်ရည်သောက်ရင်း သူငယ်ချင်းတစ်ယောက် ပြောတဲ့ အကြောင်းလေးကို အမှတ်ရတာနဲ့ ဒီစာလေး ဖြစ်လာရတာပါ။
သူငယ်ချင်းက စာရေးသူကို ဖုန်းမှာ ဂိမ်းအကြီးတွေ ထည့်ဖူးလားတဲ့။ စာရေးသူလည်း ဖုန်းထဲမှာ ဂိမ်းဆော့တာကို စိတ်မဝင်စားကြောင်းနဲ့ မထည့်ဖူးကြောင်း ပြောလိုက်ပါတယ်။ ဒါနဲ့သူက ဆက်ပြောပါတယ် ဖုန်းထဲမှာ ဂိမ်းအကြီးတွေ ထည့်ရတာ ပညာသားပါတယ်တဲ့။ ဒါနဲ့သူက ဘယ်ဂိမ်းကို ဘယ်လိုသွင်းထားကြောင်းနဲ့ ဘယ်လိုလုပ်မှ ဘယ်လိုရတယ်ဆိုတာကို လဖ္ဘက်ရည်ဆိုင်မှာ သူငယ်ချင်းတွေကို ရှင်းခန်းချနေခဲ့ပါတယ်။ ဒါနဲ့ခေါင်းထဲ ဖြတ်ခနဲ သတိရမိလိုက်ပါတယ်။ သြော် ဒါထည့်တာ အင်တာနက်မှာ ရှာလိုက်ရင် ရတာပဲကို ဘာလို့များ ရေးကြီးခွင်ကျယ်ပြောနေတာလဲပေါ့။ နားထောင်တဲ့ သူငယ်ချင်းတွေကလည်း နားထောင်ရှာပါတယ်။ စာရေးသူထင်တာကတော့ သူကလူကောင်ကြီးလို့ ကြောက်ပြီးများ နားထောင်နေသလားပေါ့။ တကယ်တော့ မဟုတ်ပါဘူး နားထောင်တဲ့သူတွေက လူတစ်ယောက်စကားပြောရင် ဘယ်လိုပြုမူရမလဲဆိုတဲ့ လူမှုဆက်ဆံရေး(social)ကို ကောင်းကောင်း နားလည်ထားလို့ဖြစ်ပါတယ်။
အင်း search engine အကြောင်းပြောရင်းနဲ့ social ဘက်ရောက်ရောက်လာတယ်။ စာရေးသူက social ကို အရမ်းတန်ဖိုးထားပြီး လက်ခံလည်းကျင့်သုံးပါတယ်။ နောက်မှ social အကြောင်းကို ဆက်လက်တင်ပြပါအုံးမည်၊ (စာရေးဆရာကြီး ချစ်ဦးညို စာပေဟောပြောပွဲတွေမှာ ပြောသလိုမျိုး “ခံစားမိသလို ပြောဆိုပါမည်” ခေါင်းစဉ်နဲ့ ဖြစ်ပါသည်။) တကယ်တော့ ကျွန်တော်တို့ ပြဿနာတက်တဲ့ အရာမှန်သမျှ အကုန်လုံးနည်းပါးကို အင်တာနက် search engine မှာ ရှာဖွေလို့ ရပါတယ်။ ဒါပေမယ့်လို့ အိုင်တီပိုင်းလိုက်တဲ့ စာရေးသူရဲ့ သူငယ်ချင်းတချို့တောင် အင်တာနက်မှာ သူတို့ပညာရပ်နဲ့ ဆိုင်တာသာ ရှာကြည့်ကြပြီး တခြားဒယ်တာတွေကို ရှာဖွေဖို့ကို သူတို့ခေါင်းထဲမှာ မတွေးမိကြပါဘူး။ တကယ်တော့ အင်တာနက်မှာ နက်ကတိုင်စည်းတာကအစ ဗုံးတီထွင်တာအဆုံး အကုန်လုံးကို အင်တာနက်မှာ ရှာဖွေကြည့်ရှုနိုင်ပါတယ်။ တစ်ခြားရုံးတွေမှာတော့ မသိဘူး၊ စာရေးသူတို့ရုံးမှာတော့ junior programmer တွေဆို အင်တာနက်လက်ဆွဲပါပဲ။ ဘာလို့အဲလိုမျိုး အင်တာနက်မှာ အကုန်လုံးနီးပါး ရှာလို့ရနေသလဲဆိုတော့ စာရေးသူတို့ရဲ့ နိုင်ငံက ဖွံ့ဖြိုးဆဲဆိုတော့ နည်းပညာပိုင်းဆိုင်ရာမှာ ခေတ်နောက်ကျ နေတဲ့အတွက် စာရေးသူတို့ လုပ်သမျှအရာတွေနဲ့ တွေးသမျှအတွေးတွေ အများစုက နည်းပညာ ထွန်းကားတဲ့ နိုင်ငံတွေမှာ ရှိပြီးသားတွေဖြစ်လို့ သူတို့တင်ထားတာ မှန်သမျှကို reference အနေနဲ့ ရှာနိုင်၊ ကြည့်နိုင် တာဖြစ်ပါတယ်။ ဒါကြောင့် စာရေးသူတို့နိုင်ငံက ပညာတတ်တွေ နိုင်ငံခြားသွားကြတာ ဖြစ်ပါတယ်။ သွားလည်း သွားကြည့်သင့်ပါတယ်၊ ပြီးတော့ ပညာစုံရင်လည်း ပြန်လာသင့်ပါတယ်။
စာရေးသူကတော့ တခါတလေ တစ်ခုခုစိတ်ထဲ ဇဝေဇဝါဖြစ်နေရင် Google မှာ ရှာလိုက်တာပဲ။ အလုပ် လုပ်ရင် ဘယ်လိုစားပွဲက သင့်တော်တာကအစ တစ်ခါတလေ ရှာကြည့်ပါတယ်။ ပြီးတော့ အင်တာနက်မှာ အဖွဲလိုက်၊ အစုလိုက် ပေါင်းပြီး ဆွေးနွေးကြတဲ့ ဖိုရမ်တွေမှာဆိုလည်း သက်ဆိုင်ရာ နယ်ပယ်အလိုက် လေ့လာနိုင်ပါတယ်။ စာရေးသူ ဖိုရမ်တွေကို ကြည့်မိတဲ့အခါမှာ စာရေးသူတို့ မြန်မာပြည်က ဖိုရမ်တွေနဲ့၊ နိုင်ငံခြားက ဖိုရမ်တွေကို နှိုင်းကြည့်မိတော့ ကွားခြားတာလေးတွေ တွေ့မိပါတယ်။ စာရေးသူတို့ နိုင်ငံက ဖိုရမ်တွေ တော်တော်များမှာ ဝင်ထားတဲ့ အသင်းဝင်တွေက အများစု (တစ်ခြား အရမ်းတော်တဲ့လူတွေလည်း ရှိပါသေးတယ်) share ကြတဲ့အရာတွေက ဆော့ဝဲလ်တွေကို licensed ဘယ်လို ဖောက်ပြီး ဘယ်လိုသုံးရသလဲဆိုတာကို မြန်မာပြန်ထားရုံလောက် တင်ကြပါတယ်။ မသိတဲ့လူတွေအတွက် တကယ်အသုံးဝင်ပါတယ်။ ကျေးဇူးလည်းတင်မိပါတယ်။ ဒါပေမယ့်လို့ တခြားတဘက်က ကြည့်မိပြန်တော့ ဒီလိုမျိုးတင်ပေးတာတွေ များလာတာဟာ မသိတဲ့လူတွေရဲ့ စိတ်ထဲ ဒီလိုဘာမှမဟုတ်တဲ့ user level လေးကို အရမ်းကြီး ခက်ခဲတယ်လို့ ထင်သွားနိုင်ပါတယ်။ ကိုယ်ဟာကိုယ် Googleမှာ ရှာကြည့်ရင်လည်း ဒါတွေက ရနိုင်ပါတယ်။ ဘာသာစကား အခက်အခဲ တစ်ခုပဲရှိပါတယ်။ ပြီးတော့ ကိုယ်ဟာကိုယ့်လေ့လာမှုလည်း လေ့ကျင့်ပြီးသား ဖြစ်စေပါတယ်။ ဒီမှာက self-study တော်တော်အားနည်းပြီး ပါးစပ်ထဲခွံ့ကျွေးတာတွေက များပါတယ်။
အမှန်ဆို အဲဒီဆော့ဝဲလ်တွေကို ဘာသာပြန်သူတွေအနေနဲ့လည်း အဲဒီမှာတင် ရပ်မနေပဲ၊ တစ်ခြား ကိုယ်ကိုယ်တိုင် ဖန်တီးတဲ့ နည်းပညာတွေကို တင်တဲ့ ဖိုရမ်တွေကို အတုယူသင့်ပါတယ်။ မြန်မာပြည်မှာ ဘယ်နယ်ပယ်မှာမဆို အရမ်းတော်တဲ့ ပညာရှင်တွေ ရှိပါတယ်။ ဖိုရမ်တွေမှာလည်း တွေ့နိုင်ပါတယ်။ လက်ရှိမြန်မာပြည်က နည်းပညာလောကမှာဆို အရမ်းတော်တဲ့လူတွေ ရှိပါတယ်။ နောက်လိုက်တွေလည်း ရှိကြပါတယ်။ ဒါပေမယ့်လို့ အဲဒီနောက်လိုက်တွေ အများစု(တခြား တော်တဲ့လူတွေလည်း ရှိပါသေးတယ်)က ဆရာထက်တော်အောင် ကြိုးစားဖို့နေနေသာသာ ကိုယ့်ရှိတာလေး၊ သိတာလေးကို ဆရာ့အရာရှိန်နဲ့ နေရာတကာမှာ လူတွင်ကျယ် လုပ်နေကြတာကို တွေ့ရပါတယ်။ တကယ်တော့ မြန်မာပြည်ကြီးက အစဉ်အလာများ ဖြစ်နေသလားလို့တောင် တွေးမိပါတယ်။ မြန်မာပြည် သမိုင်းကြောင်းမှာဆိုလည်း ဗိုလ်ချုပ်မရှိတော့ ဗိုလ်ချုပ်လိုလူ နောက်တစ်ယောက် မရှိတော့ဘူး၊ အခုလည်း သူတို့ဆရာမရှိရင် သူတို့ရဲ့ community ကြီးလည်း အလိုအလျောက် ပျက်သွားမလားပါပဲ။ အဲလိုမျိုး မဖြစ်စေချင်ပါ။ ဒါကြောင့် စာရေးသူတို့ နိုင်ငံက နည်းပညာရှင်တွေ၊ အတတ်ပညာရှင်တွေကို အပြုသဘောနဲ့ တင်ပြရတာ ဖြစ်ပါတယ်။
စာရေးသူ အကြုံပြုချင်တာလေးကတော့ နည်းပညာသမားတွေမှ မဟုတ်ပဲ ဘယ်သူမဆို ကိုယ်ရောက်နေတဲ့ နယ်ပယ်မှာ ကိုယ့်အထက်အရာရှိရဲ့ အရှိန်အဝါနဲ့ မနေပဲ ကိုယ့်ဟာကိုယ် သူ့လိုမျိုး အရှိန်အဝါရအောင် ကြိုးစားကြပါလို့ နိဂုံးချုပ်အနေနဲ့ တိုက်တွန်းချင်မိပါတယ်။ တကယ်တော့ စာရေးသူကလည်း လူတတ်ကြီးမဟုတ်ပါဘူး။ ဒါပေမယ့် အမှီအခိုကင်းတဲ့ လူတစ်ယောက်ဖြစ်အောင်တော့ ကြိုးစားနေဆဲပါပဲ။ အားလုံး ကျန်းမာချမ်းသာကြပါစေ။