News, Opinion

လူငယ်နှင့် Network Marketing

Network Marketing ဆိုတာကိုတော့ လူတော်တော်များများသိကြမယ်လို့ ထင်ပါတယ်။ Marketing ကိုတော့ လူတိုင်းသိကြမှာပါ၊ Network ဆိုတာက စာရေးသူတို့ အိုင်တီပိုင်းဆိုင်ရာ နက်ဝက်ခ်မဟုတ်ပဲ ဒီနေရာမှာ ကွန်ယှက်လို့ ပြောရမှာပါ။ ဆိုတော့ စျေးကွက်ကွန်ယှက်ပေါ့။ ဟုတ်ပါတယ် အဲဒီ အဓိပ္ပါယ်အတိုင်းပါပဲ ကွန်ယှက်ဆန်ဆန် အဖွဲ့အစည်းတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ချိတ်ဆက်ပြီး စျေးကွက်ချဲ့ထွင်ကြတာ ဖြစ်ပါတယ်။ သူ့ရဲ့သဘောက ကိုယ်ကိုယ်တိုင်ကလည်း အဲဒီပစ္စည်းကို သုံးစွဲကြည့်ရပါမယ်၊ ပြီးတော့ ကိုယ့်ရဲ့ကွန်ယှက် အတွင်းက မိတ်ဆွေတွေ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ပြန်ပြီးမျှဝေ(share) ပေးရင်းနဲ့ စျေးကွက်ချဲ့ထွင်တဲ့ နည်းပညာ တစ်ခုဖြစ်ပါတယ်။ ဒီနည်းပညာကွန်ယှက်ဟာ ယခုဆိုရင် မြန်မာပြည်မှာပင် တော်တော်ကျယ်ပြန့်နေပါပြီ။ တကယ်တော့ ဒီအလုပ်ဟာ လွယ်မလိုလိုနဲ့ တကယ်ခက်ခဲတဲ့ အလုပ်ဖြစ်ပါတယ်။ လူတစ်ယောက်ကို ကိုယ့်ရဲ့ကွန်ယှက်အတွင်းမှာ တကယ်အလုပ်လုပ်တဲ့လူဖြစ်အောင် ပျိုးထောင်ပေးတာဟာ တကယ်ကို ခက်ခဲပါတယ်။ ဒါကို လုပ်နေတဲ့လူအများစုဟာ စစလုပ်ချင်းမှာ မသိပဲနဲ့၊ အချိန်ကြာလာတာနဲ့အမျှ ဒီအလုပ်ဟာ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို သိလာမှာပါ။

Network Marketing ကို နောက်တစ်မျိုးအနေနဲ့ Multi-level Marketing လို့လည်း ခေါ်ကြပါတယ်။ level ပေါင်းစုံ၊ အလွှာပေါင်းစုံက လူတွေ စုစည်းပြီး လုပ်နေတဲ့ စျေးကွက်လို့ ပြောချင်တာဖြစ်ပါတယ်။ စာရေးသူအနေနဲ့ ဒီကွန်ယှက်စျေးကွက်ကို ၂၀၁၀ လောက်တုန်းက ထဲထဲဝင်ဝင် လုပ်ဖူးပါတယ်။ ရင်းနှီးမှုတွေလည်း လုပ်ခဲ့ပါတယ်။ စာရေးသူလုပ်တဲ့ ကွန်ယှက်ရဲ့ပလန်ရဲ့ပုံစံက စတားတွေနဲ့ ရာထူးပေးတဲ့ စနစ်ဖြစ်ပါတယ်။ ရာထူးတော်တော် ကြီးတဲ့အဆင့်တွေမှာဆို လေယာဉ်တွေတောင် ပေးပါတယ်။ မက်စရာပါပဲ။ ဘယ်အလုပ်မှာမှ အဲဒီလို ဆုမျိုးပေးတာ မကြားဖူးပါ။ သူ့ရဲ့အားသာချက်က ဘာလဲဆိုတော့ ကွန်ယှက်အတွင်းမှာ အလုပ်ရှင်မရှိဘူး၊ ကိုယ်က အလုပ်ရှင်။ ပြီးတော့ ကိုယ်က ဒီကွန်ယှက်ပိုင်ရှင်နဲ့အတူတူ အလုပ် လုပ်နေတာ၊ တနည်းအားဖြင့် ရင်းနှီးမြှုပ်နှံထားတာပေါ့။ နောက်ထပ် မက်စရာ တစ်ခုဖြစ်ပါတယ်။ ပြီးတော့ ဒီအလုပ်က ကြိုက်တဲ့အချိန်တွေမှာ အားရင်အားသလို လုပ်လို့ရတယ်၊ ကြိုက်တာပေါ့ဗျာ၊ ဘယ်သူမဆို စိတ်ဝင်စားမှာပဲ။ နောက်ရှိသေးတယ် ဒီအလုပ်က ၅ နှစ်ပဲလုပ်၊ ပြီးရင် တစ်ဘဝလုံး ပင်စင်ယူပြီး ထိုင်စားတော့။ အဲဒီအချက်ကို အကြိုက်ဆုံးပဲ၊ ကမ္ဘာ့အချမ်းသားဆုံး သူဌေးကြီးတွေတောင် အလုပ်လုပ်နေကြဆဲ အချိန်မှာ၊ ဒီအလုပ်ကပြောတာက သူတို့ကို ကြည့်ပြီး ပင်ပန်းတယ်တဲ့ ၅ နှစ်ပဲလုပ်မယ် ပြီးရင် အေးအေးဆေးဆေး ထိုင်စားတော့တဲ့။ အရမ်းကောင်းတဲ့အချက်တွေ ဖြစ်ပါတယ်။

တကယ်ဟုတ်ပါတယ်၊ တကယ်လုပ်ရင် တစ်ကယ် ဖြစ်ပါတယ် အဲဒီလို ပင်စင်ယူပြီးထိုင်စားနေတဲ့ လူတွေ တစ်ကယ် ရှိပါတယ်၊ လူနည်းစု ဖြစ်ပါတယ်။ အရမ်းကို နည်းတဲ့လူနည်းစု ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို အောက်ခြေမှာ ပြေးလွှားရုံးကန်နေတဲ့ လူတွေဘယ်သူမှ မသိကြပါဘူး။ သူတို့အနေနဲ့ ခုနက လူနည်းစုထဲပါဖို့ဟာ ဘယ်လို့မှ မဖြစ်နိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ ပြောရရင် အရမ်းရှင်းပါတယ်၊ သူများလုပ်တဲ့ အလုပ်ကို လုပ်တာကိုး၊ သူ့အောက်မှာပဲ ရှိနေမှာပါ၊ ဘယ်တော့မှ သူ့ထက်မကျောပါဘူး။ ဘာလို့လည်းဆိုတော့ ခုနက လူနည်းစု အုပ်စုဆိုတာ ထဲထဲဝင်ဝင် လုပ်နေတဲ့ လူတွေကို စုထားတဲ့ ခေါင်းဆောင်တွေဖြစ်ပါတယ်၊ ဒါကြောင့် သူတို့ဘယ်လောက်ပဲ ထဲထဲဝင်ဝင် လုပ်လုပ် ရေပေါ်က ကြာလိုပါပဲ၊ ရေတက်လေ ကြာတက်လေ ဖြစ်ပါတယ်။ သူတို့ဘယ်လောက်ပဲ ကြိုးစားကြိုးစား အဲဒီ လူနည်းစုထဲဝင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ပြီးတော့ ဒီအလုပ်ထဲက လူတွေအများစုက သူတို့ရဲ့ မိတ်ဆွေတွေကို ဆွေးနွေးပွဲတွေ တက်ဖို့ ဖိတ်ခေါ်ကြတယ်၊ ဘာလို့လည်းဆိုတော့ အဲဒီဆွေးနွေးပွဲတွေက လာတက်တဲ့သူတွေကို ဒီအလုပ်ကို သူတို့နဲ့အတူတူ လက်တွဲလုပ်ဖို့ စိတ်ပါအောင် ဖိတ်ခေါ်နိုင်တဲ့ အရည်အချင်းတွေရှိကြတယ်။ ဒါကြောင့် စဉ်းစားချင့်ချိန်တက်တဲ့လူက လွဲပြီး ဒီအလုပ်ကို တော်တော်များများက စိတ်ပါလာကြတယ်။ ဘာလို့လည်း ဆိုတော့ အပေါ်က အချက်တွေကြောင့် ဖြစ်ပါတယ်။

သြော် နောက်တစ်ချက် မေ့နေတယ်၊ အဲဒါက သူတို့ထဲရောက်တာနဲ့ သင့်အနေနဲ့ စစချင်းမှာ ဘာမှသိစရာမလိုဘူး၊ ကိုယ့်ရဲ့မိတ်ဆွေတွေကို အဲဒီဆွေးနွေးပွဲတွေကို အရောက်ခေါ်ဖို့ပဲ ဖြစ်ပါတယ်။ သူတို့အခေါ်ကတော့ အပ်ပလိုင်း လို့ခေါ်ကြပါတယ်၊ သူတို့က သင်တန်းတွေပြန်ပေးကြတယ်၊ ပြီးရင် အပေါ်ကအချက်တွေ ရှင်းပြကြပြီး စိတ်ပါလာအောင် လုပ်ကြပါတယ်။ ဒါဟာ သူတို့ရဲ့ strategy ဖြစ်ပါတယ်၊ လုပ်ငန်းတစ်ခုမှာ strategy ဆိုတာ ရှိပါတယ်၊ သူတို့အပြစ်မဟုတ်ပါဘူး။ ပြီးရင် ရင်းနှီးမှုလည်း လုပ်ရပါတယ်၊ အဲဒီအချိန်မှာ သူတို့သုံးတဲ့ လက်စွဲစကားက ‘အလုပ်တစ်ခုဆိုတာ ဘယ်ဟာမှတော့ အလကား မရဘူး၊ ရင်းနှီးမှုတော့ လုပ်ရမှာပေါ့’၊ ပြီးတော့ သူတို့က strategy နဲ့လာတာ ဘယ်နှလအတွင်းကို ဘယ်နှသိန်းရရမယ်ပေါ့၊ မရရင် ပိုက်ဆံပြန်အမ်းမယ်တဲ့၊ သူတို့ ပြောထားတဲ့ စည်းကမ်းအတိုင်းသာလုပ်တဲ့ မအောင်မြင်တာ မရှိစေရပါဘူးတဲ့။ စာရေးသူလည်း ကြားကြားချင်း ဟာ ကောင်းလှချည်လားပေါ့၊ လုပ်ရင်ကောင်းမလားပေါ့။ ချိတုံချိတုံနဲ့ပဲ စာရေးသူကို ပြောတဲ့လူကို စောင့်ကြည့်နေလိုက်တယ်။ သူက ကြာလေကြာလေ အဲဒီအကြောင်း သိပ်မပြောတော့ပဲ၊ အလုပ်ကိုသာ ဖိလုပ်နေတာ တွေ့ရတယ်။ ‘ ဒီအလုပ်က မကောင်းဘူးလို့ ပြောတာမဟုတ်ပါ၊ ကောင်းပါသည် သို့သော် လူတိုင်း အတွက် မဟုတ်ပါ ’။

စာရေးသူ ဒီစာကို ရေးရတာဟာ မရေးမဖြစ်တော့လို့ ရေးရချင်းဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ စာရေးသူ လုပ်ခဲ့တဲ့ ပုံစံလေးကို နည်းနည်း ပြန်ပြောပြပါမည်။ ၂၀၁၀ လောက်တုန်းက အဲဒီ နက်ဝက်ဘ်ကွန်ယှက် တစ်ခုမှာ multi-level marketing ကို စလုပ်ခဲ့ပါတယ်၊ တကယ်ကို ကြိုးစားပြီး၊ ကိုယ့်ရဲ့ မိတ်ဆွေ၊ ကိုယ့်ရဲ့ဆွေမျိုး၊ ကိုယ့်ရဲ့ သူငယ်ချင်းတွေ အားလုံးဆီကိုသွား ကုမ္ပဏီရဲ့ ပန်ဖလက်တွေကို ယူပြီး တစ်ခုပြီးတစ်ခု လိုက်လံရှင်းပြဖူးပါတယ်။ ပစ္စည်းတွေလည်း ဝယ်ပြီး ကိုယ်ကိုယ်တိုင်လည်း သုံးစွဲ၊ တခြားသူတွေကိုလည်း သုံးစွဲစေခဲ့ပါတယ်။ စစချင်းမှာတော့ စာရေးသူမိဘတွေကတောင် သြော် ငါ့သားလေး သူဟာလေးနဲ့သူ ဖြစ်နေပြီပေါ့၊ အဆင်ပြေတယ်ပေါ့။ ဒါနဲ့ အမျိုးတွေရှိရာ နယ်တကာကိုလည်း ရောက်အောင်သွားခဲ့ပြီး၊ ဒီအခွင့်အလန်းတွေ အကြောင်းကို အသေးစိတ်ရှင်းပြဖူးပါတယ်။ စာရေးသူ သုံးစွဲတဲ့ လက်သုံးစကားကတော့ ‘ မိတ်ဆွေ သင့်ရဲ့ လက်ထဲကိုတော့ ရေခဲမုတ် ထည့်ပေးလိုက်ပြီ၊ စားမစား စဉ်းစားနေရင်တော့ သင့်ရဲ့ အခွင့်အလမ်းတွေဟာ ရေခဲမုတ်လို အရေပျော်သွားလိမ့်မည် ’ ဖြစ်ပါတယ်။ တချို့က မြို့ကကုမ္ပဏီရဲ့ ပုံစံတွေ၊ ရုံးချုပ်က ပုံတွေကို ပြလိုက်တော့ ပေါ်ပင်ဖြစ်ချင်တာနဲ့ လိုက်ဝင်ကြပါတယ်။

တချို့ကတော့ အားနာနာနဲ့ လက်ခံကြပါတယ်၊ တချို့လည်း ပညာသားပါပါပဲ ငြင်းထုတ်ကြတတ်ပါတယ်။ စာရေးသူ လုံးဝစိတ်ဓါတ်မကျခဲ့ပါဘူး၊ အလှကုန်ဆိုလည်း အလှကုန်၊ ဆေးဆိုလည်း ဆေး၊ ဆေးပစ္စည်းဆိုလည်း ပစ္စည်း အစရှိသည်တို့ကို သင်ကြားရေးပွဲတွေမှာ လေ့လာပြီး နယ်တွေမှာ အမှန်တကယ် လိုက်လံပြသဖူးပါတယ်။ တချို့ကလည်း တကယ်ပျောက်သွားလို့ ဝယ်သွားကြပါတယ်။ ဒါနဲ့စာရေးသူ ၅ လလောက်ကြာတော့ ရာထူး လေးဆင့်လောက်ထိ တက်သွားပါတယ်။ စာရေးသူနဲ့အတူတူ အမြဲတန်း အချိန်ပြည့် ဒါမှဒါပဲ လုပ်နေတဲ့လူ ရှိပါတယ်။ သူက စာရေးသူကို အဲဒီအလုပ်အကြောင်းကို မိတ်ဆက်ပေးခဲ့သူ ဖြစ်ပါတယ်။ သူဆီရောက်ခဲ့ပုံကလည်း ခပ်ဆန်းဆန်းပင်၊ စာရေးသူ အလုပ်တစ်ခုမှ ထွက်လိုက်ပြီးနောက် အလုပ်ရှာနေချိန်မှာ အစ်မဖြစ်သူက နင်စိတ်ဝင်စားရင် သွားကြည့်လိုက်တဲ့၊ Network လို့ပြောတယ်တဲ့၊ ဒါနဲ့ စာရေးသူလည်း သြော် Network အကြောင်းတော့ နည်းနည်းပါးပါး သိတာပဲဆိုပြီး သူ့ကို သွားတွေ့ဖြစ်တာဖြစ်ပါတယ်။ ဟိုရောက်တော့မှ Network Marketing မှန်းသိခဲ့တာပါ။ ငါ့အတွက် အရှုံးတော့မရှိပါဘူးဆိုပြီး စာရေးသူ လုပ်ခဲ့တာဖြစ်ပါတယ်၊ စိတ်နှစ်ပြီးတော့ လုပ်ခဲ့ပါတယ်၊ အဲဒီအကြောင်းကို အသေးစိတ်လေ့လာပြီး၊ လူတွေ လိုက်လံရှာဖွေပါတယ်၊ ရှင်းပြပါတယ်။ ရှိသမျှ အသိတွေ၊ ဆွေမျိုးတွေ ကုန်သွားတော့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ စာရေးသူ အထက်က လူက တွေ့သမျှလူကို သိသိမသိသိ အတင်းကြီး အဲဒါပဲ လိုက်ပြောပါတယ်။ စာရေးသူ အဲလိုတော့ မလုပ်ချင်၊ ဒါနဲ့ ဘာလိုလုပ်ရမလဲ တွေးတောရင်း စာရေးသူတို့ ခွင်တစ်ခုကို သွားတွေ့တယ်။

အဲဒါကတော့ အခွင့်အလမ်းဂျာနယ်ပင် ဖြစ်ပါတယ်။ အပတ်စဉ်ထုတ်တာ ဖြစ်ပြီး အဲဒီမှာ အလုပ် အလိုရှိသည် ဆိုသည့် စာမျက်နှာ တစ်ခုရှိပါတယ်။ ဒါနဲ့ ဟာ တို့ဒီလူတွေ ဖုန်းဆက်ပြီး ခေါ်ကြည့်မယ်ဆိုပြီး ဘာပို့စ်အတွက်ပဲ လျှောက်လျှောက် အကုန်လုံးကို ဖုန်းဆက်ပြီး စာရေးသူတို့ ရုံးခန်းလေးထဲမှာပင် အင်တာဗျူးပြီး ကုမ္ပဏီအကြောင်းကို ရှင်းခန်းထုတ်ပါတယ်၊ ပြီးရင် ကုမ္ပဏီရဲ့ property တွေလိုက်လံပြသပြီး ဆွေးနွေးပွဲအထိကို တက်ဖို့ ဖိတ်ခေါ်ပါတယ်။ ဝင်တဲ့လူကလည်း ဝင်သွားပါတယ်၊ တစ်ချို့ကလည်း ပြောပါတယ်၊ အလုပ်များ ရမလားလို့လာပါတယ်တဲ့ အခုတော့ ဝင်တဲ့အတွက် ငါးထောင်တောင် ထွက်သွားတယ်ပေါ့၊ တချို့ကလည်း အမျိုးသမီးတွေဆိုတော့ ရှက်ကြပါတယ်၊ စာရေးသူစိတ်ထဲ အဲဒီအချိန်မှာ ကျား၊မ မခွဲပဲ အဲဒီအကြောင်းတွေကိုပဲ တောက်လျှောက် ပြောဆို၊ ရှင်းပြခဲ့ပါတယ်။ တချို့ဆို့ ဟိုးဝေးလံလှတဲ့ နယ်ကတောင် ရန်ကုန်အထိကို တက်လာကြပါတယ်။ အဲဒီလိုမျိုး စာရေးသူတို့ လူတွေကို ဒုက္ခပေးခဲ့တာ ဖြစ်ပါတယ်။ နောက် ၃ လလောက်ကြာတော့ စာရေးသူအဲဒီလောကကနေ လုံးလုံးခွာလိုက်ပြီး ကွန်ပျူတာဆော့ဝဲလ် အလုပ်သစ်တစ်ခုရတာနဲ့ ပြောင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၂ လလောက်ကြာတော့ စာရေးသူ အထက်ကလူကို ဖုန်းလှမ်းဆက်ကြည့်တော့ ကွန်ယှက်ထဲက လူတွေက တစ်ယောက်ပျောက်၊ တစ်ယောက်ပျောက်နဲ့ အကုန်လုံး ပျောက်သွားပြီး ပေါ်ကို မလာတော့ပါဘူးကွာတဲ့။ အဲဒီလက သူ့ရဲ့ bonus က ၅၀၀၀ တောင်မပြည့်ပါ။ အဲဒီနေ့မှာပင်ပဲ သူလည်း အဲဒီလောက ကနေ ထွက်ခွာခဲ့ပါတယ်။

ဒီအကြောင်းကို ဘာလို့လုံးစိပတ်စိ ပြန်ပြောနေရသလဲဆိုတော့ ဒီလောက်လုပ်ခဲ့ဖူးပြီးတော့မှ ဘာဖြစ်လို့ ထွက်ခဲ့လဲဆိုတာကို ပြောချင်လို့ ဖြစ်ပါတယ်။ နောက်ပိုင်းခေါင်းထဲ အတွေးရောက်လာတာက ငါပညာတွေ သင်ထားပြီးကာမှ ဒီလိုအလုပ်ကို ဘာလို့များ လုပ်မိသလဲပေါ့။ ပြီးတော့ အဲဒိထက်အရေးကြီးတဲ့ အချက်တစ်ခု ခေါင်းထဲ ရောက်လာခဲ့ပါတယ်။ ပြောပြပါမည်။ ဒီနှစ်ထဲကျမှာ ဘာလို့ဒီအကြောင်းအရာကို ပြန်အစဖော်ရတာလဲ ဆိုတော့ ဒီလိုဖြစ်ပါတယ်၊ စာရေးသူတို့ ရုံးက အသိတစ်ယောက်က စာရေးသူကို သူလုပ်နေတဲ့ multi-level အကြောင်းကို လာပြောပါတယ်၊ စာရေးသူက ဒီအလုပ်တွေဟာ မလွယ်တဲ့အကြောင်းနဲ့ သူ့အနေနဲ့ မလုပ်သင့်ကြောင်း ပြောမိပါတယ်။ နောက်ရက်တွေမှာလည်း သူက အဲဒါပဲ ပြောနေတာနဲ့ သြော် ဒီအလုပ်ကို လုပ်နေတဲ့လူ ဘယ်လောက်များလဲဆိုပြီးတော့ စာရေးသူ သူဖိတ်ခေါ်တဲ့ မိတ်ဆက်ပွဲတစ်ခုကို လိုက်သွားခဲ့ပါတယ်။ အဲဒါကတော့ မင်းဓမ္မလမ်းက MCC ခန်းမမှာ ဖြစ်ပါတယ်၊ ရောက်လည်းရောက်ကော စာရေးသူ အံ့သြသွားတယ်၊ ဘာလို့လည်းဆိုတော့ လူငယ်တွေ အများကြီးပဲ။ သြော် ငါသာမသိတာ လုပ်နေတဲ့သူတွေ တော်တော်များလှချည်လားပေါ့။ အဲဒါနဲ့ ဒီအကြောင်းကို ရေးအုံးမှပဲဆိုပြီး ရေးရတာ ဖြစ်ပါတယ်။

လူငယ်နှင့် Network Marketing

တကယ်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ တကယ်တော့ စာရေးသူတို့ တိုင်းပြည်ဟာ ယနေ့အချိန်ခါမှာ ဖွံ့ဖြိုးဆဲဖြစ်ပါတယ်၊ ဒါကြောင့် အသိပညာရှင်၊ အတတ်ပညာရှင်တွေ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှာ လိုအပ်နေပါတယ်။ Network Marketing ဆိုတဲ့ အလုပ်ဟာ ကောင်းပါတယ်၊ ဒါပေမယ့် ခုနက လူငယ်တွေအတွက် မဟုတ်ပါ၊ လုပ်၍ရပါသည် သို့ပေမယ့် အောင်မြင်ပါက သူတို့အတွက် ကောင်းပါတယ်၊ မအောင်မြင်ပါက သူတို့အတွက် မကောင်းတဲ့အပြင်၊ သူ့စိတ်ဓါတ်လည်း ကျသွားနိုင်ပြီး နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။ ပညာတတ်တစ်ယောက်ဟာ ဒီအလုပ်ကို စလုပ်ပြီဆိုကတည်းက တိုင်းပြည်အတွက် ပညာတတ် တစ်ယောက် နစ်နာနေပါပြီ။ ဒါ့အပြင် ထပ်ချဲ့ကြည့်မယ်ဆိုရင် တိုင်းပြည်က ရင်းနှီးမြှုပ်နှံထားတဲ့ ဆရာ၊ ဆရာမတွေ၊ ကျောင်းစာသင်ခန်းတွေ၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ပညာရေး အဆောက်အအုံတွေ၊ ပညာရေးဆိုင်ရာ ဝန်ကြီးဌာနတွေ စတဲ့အရာတွေဟာ ခုနလို ပညာတတ်မျိုးတွေကို မွေးထုတ်ပေးနေပြီး အဲဒီပညာတတ်တွေက ခုနလို ဘာမှသိပ်မလိုအပ်တဲ့ level ပေါင်းစုံက လူတန်းစားပေါင်းစုံလုပ်ကိုင်နိုင်တဲ့ အလုပ်ကို ထဲထဲဝင်ဝင် လုပ်ကိုင်ခြင်းဟာ တိုင်းပြည်ရဲ့အနာဂါတ်ကို ဖော်ဆောင်မယ့် ဒေါက်တိုင်တစ်ခု ရိုက်ချိုးခံရသလိုပါပဲ။

ဒါကြောင့် ပညာတတ်တွေက တိုင်းပြည်မှာ လိုအပ်နေတဲ့ နယ်ပယ်အသီးသီးမှာ ဝိုင်းထောက်ကြမယ်၊ ပြီးတော့ ခုနကလို Network Marketing အလုပ်မျိုးတွေကို အိမ်မှာ အပိုဖြစ်နေတဲ့ လူကြီးတွေ၊ လဖ္ဘက်ရည်ဆိုင်မှာ အချိန်ဖြုန်းနေတဲ့ လူကြီးတွေနဲ့ အိမ်က အိမ်ရှင်မတွေကသာ ဒီအလုပ်မျိုး လုပ်ကြမယ်ဆိုရင် စာရေးသူတို့ မြန်မာနိုင်ငံကြီးဟာ နယ်ပယ်အသီးသီးမှာ သူ့ဟာနဲ့သူ အံကိုက်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြန်ဆန်လိမ့်မယ်လို့ ထင်မိပါကြောင်း တင်ပြလိုက်ရပါတယ်။ အားလုံး ကျန်းမာချမ်းသာကြပြီး လမ်းမှန်ကို ရွေးချယ်နိုင်ကြပါစေ။

author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *