စာရေးဆရာကောင်း တစ်ဦး၏ အရည်အချင်းသည်ကား မိမိ တင်ပြလိုသော အကြောင်းအရာ အချက်အလက်တို့ကို စာဖတ်သူ အများစု နားလည် သဘောပေါက်လွယ်အောင် တင်ပြရေးသားနိုင်ခြင်း ဖြစ်ပါသည်။ သို့သော် အစမှ အဆုံးထိတိုင်အောင် ထင်သာ မြင်သာ၍ ပေါ်လွင် သိသာအောင် ကြိုးစား ရေးသားကြခြင်းကို သုတ၊ ပညာ စာပေအများစု၌ တွေ့ရှိရပြီး ရသစာပေ အများစု၌ ဆုံးခန်းတိုင်အောင် ဖတ်ပြီးမှသာ စာရေးသူပေးချင်သော အချက်အလက် (Message)ကို သိရှိကြရသည်။ သုတရသ ဒွန်တွဲ ရေးသားလေ့ရှိသော စာရေးဆရာတို့ကား ထိုသူနှစ်ဦးတို့၏ အလယ်အလတ်လမ်း၌ နေကြသည်ကို သတိထားမိကြပေလိမ့်မည်။
ယခု စာရေးသူ တင်ပြလိုသည့် အကြောင်းအရာသည်ကား ခေတ်ပေါ်ကား ရှိသူများ (သို့) ကားစီးနေရသူများ ဖတ်စေချင်သည့်အတွက် ဆောင်းပါး၏ ခေါင်းစဉ်ကို တင်ပြချိန်မှအစ ‘‘သိသာပေါ်လွင်မည့် အကြောင်းအရာ’’ တစ်ခုအဖြစ် ဖော်ပြထားရခြင်း ဖြစ်ပါသည်။ ခေါင်းစဉ်ကို ဖတ်လိုက်စဉ်ကတည်းက ‘‘ဒါပြောတော့မှာပဲ’’ ဟု သိသာစေချင်၍ (တနည်း) ဖတ်စေချင်၍ တင်ပြထားခြင်း ဖြစ်သလို ရံဖန်ရံခါတွင်လည်း ခေါင်းစဉ် ဖတ်ပြီး ‘‘သူ ဘာပြောမှာလဲ မသိဘူး ဆက် ဖတ်ကြည့်ဦးမှ’’ဟု စာဖတ်သူ၏ စိတ်အာရုံ တိမ်းညွတ်လာအောင် ခေါင်းစဉ်ကို တိုက်ရိုက် မဖော်ကျူးရသည် များလည်း ရှိပေသည်။
ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးထင်ရမည်ဆိုလျှင် နိုင်ငံတော်အစိုးရကို ဦးစွာ ကျေးဇူးတင်ရပေမည်။ ယခင်က ကား အဟောင်းအနွမ်းများကိုသာ စီးနင်း သွားလာနေခဲ့ရသော စာရေးသူအပါအ၀င် ပြည်သူအများစုသည် နိုင်ငံတော်၏ မွန်မြတ်သော စေတနာကြောင့် ခေတ်မီကားသစ်များကို စီးနင်းနေကြရပေပြီ။ ကားဟောင်း၊ ကားစုတ် အများစုမှာလည်း တာ၀န်မှ အနားရပြီး ဖြစ်ကြသလို အသစ်နီးပါး သစ်လွင်သော 2000 ခုနှစ်အထက် Model ကားများသာမက အသစ်ချက်ချွတ် 2012 Model ကားများကိုပင် စီးနိုင်နေကြပေပြီ။ Taxiများ ဆိုလျှင်လည်း ခေတ်မီကားကောင်းများ ဖြစ်လာကြသဖြင့် ကား ၀ယ်မစီးနိုင်လျှင်ပင် ကားကောင်း ငှားစီး နိုင်ကြပေပြီ။
သို့သော်…
ရန်ကုန်သို့ အလုပ်တာ၀န်ကိစ္စဖြင့် စာရေးသူတို့ မြို့နယ်မှ လုပ်ဖော်ကိုင်ဖက်များနှင့် ပြီးခဲ့သော အပတ်က စာရေးသူ ရောက်ရှိခဲ့သည်။ အေ၀းပြေး ကားဂိတ်အတွင်းသို့ ဆိုက်ရောက်သည်နှင့် Taxi Driverများ အပြေးအလွှား ရောက်ရှိကာ ‘‘ကားငှားကြမလား’’ဟု မေးမြန်းကြသဖြင့် ခရီးသည် အများစုကား ထွက်ငှားစရာ မလိုဘဲ အဆင်ပြေသွားကြသည်။ စာရေးသူတို့ အုပ်စုမှာမူ နေ့လည်စာ စားဦးမည်ဟု ရည်ရွယ်ချက်ဖြင့် စားသောက်ဆိုင်ခန်းဘက်သို့ ဦးတည်လာခဲ့ကြရာ ကားလွင် ကားသစ် Taxi များကို တွေ့ရသဖြင့် ၀မ်းသာအားရ ဖြစ်ကြရသည်။
တိုးတက်နေသော ရန်ကုန်မြို့အနှံ့ Taxi အသစ်များဖြင့် ပတ်လိုက်မည်ဟု စဉ်းစားမိသည်။ ထမင်းစားပြီးချိန်၌ ဆိုင်ရှေ့သို့ ဆိုက်ရောက်လာသော Toyota Belta Taxi အသစ်ကလေး တစ်စီးကို ဈေးနှုန်း စုံစမ်း၍ ငှားရမ်းခဲ့ကြသည်။ အသက်အရွယ် (သို့) ‘ဝါ’ ကြီးသူကို ‘‘ဦးခန်း’’ ထားတတ်သော မြန်မာ့ယဉ်ကျေးမှုအတိုင်း စာရေးသူကို ‘‘ဦးခန်း’’ မောင်းသူဘေးမှ လိုက်ပါရန် လုပ်ဖော်ကိုင်ဖက်များက တွန်းပို့သဖြင့် ကားဦးခန်း တံခါးကို ဖွင့်၍ ၀င်မိသည်။ ကားတံခါးကို ဖွင့်ရသည့် အရသာမှအစ ‘‘အသစ်’’ (သို့) ‘‘မဟောင်းနွမ်း၊ မစုတ်ပြတ်သေးသော’’ အထိအတွေ့ ခံစားရမိ၍ ကြည်နူးမိသည်။ ကားအတွင်းရှိ ထိုင်ခုံသည်ကား နူးညံ့သည့် အစွပ်များ စွပ်ထား၍ ထိုင်ကောင်းလှသော်လည်း ကျော၌ ဖုထစ်ဖုထစ် ဖြစ်နေ၍ စမ်းကြည့်မိသည့်အခါ Seat Belt (ခါးပတ်) ကို ထိုင်ခုံ၌ ပတ်ပြီးအသင့် တွေ့ရသည်။
(ပုံ – Fig 1)
Driverအား မေးကြည့်သောအခါ ထိုသို့ ပတ်မထားလျှင် ကားဒိုင်ခွက်ရှိ မီးနီ လင်းနေပြီး Alarm အော်နေသောကြောင့် ဖြစ်သည်ဟု ဖြေသည်။ ဒါဆို ‘‘ခါးပတ် ပတ် မမောင်းဘူးလား’’ဟု မေးရာ ‘‘ဖြုတ်လိုက် တပ်လိုက်နဲ့ ရှုပ်ပါတယ်ဗျာ၊ ခရီးသည်တွေကလည်း တပ်ချင်မှာ မဟုတ်ဘူး။ ကျွန်တော် အားရင် အဲဒီ မီး နဲ့ Alarm နဲ့ သွားဖြုတ်ပစ်ဦးမယ်’’ဟု ဖြေပါသည်။ ‘‘မြန်မာပြည်နဲ့က မကိုက်ပါဘူး၊ ဂျပန်က ပစ္စည်းအပိုတွေ ထည့်ပေးလိုက်တာ’’ဟု ဆက်ပြောသေးသည်။ စာရေးသူ ရင်မောမိသည်။ ‘‘လို လို့သာ တီထွင်ကြတာပေါ့၊ မလိုရင် ဘယ် ထွင်ပါ့မလဲ’’ဟု ပြန်ပြောမိသေးသည်။ ‘‘ဥစ္စာကို ကံစောင့်သည်၊ အသက်ကို ဉာဏ်စောင့်သည်’’ အသက်ကယ် ခါးပတ်၊ Safety Seat Belt အသင့် တပ်ထားသော ကားကို မောင်းရသည့် အခွင့်အရေးပင် ရှိနေပေပြီ။ အဘယ်ကြောင့် အသုံးမချကြသနည်း။ တန်ဖိုးကို မသိရှိကြ၍လော။ သိလျက်နှင့် လျစ်လျူရှုကြသလော။ ထို့ကြောင့် အသက်ကယ်ရန် တာ၀န်ရှိသည့် ဆရာ၀န်တစ်ဦးအနေဖြင့် နားကြပ် (Stethoscope) ကိုင်၍ လက်လှမ်းမီသမျှ လူနာများကို ကယ်တင်နေသကဲ့သို့ တစ်ဖက်မှလည်း ကလောင်စွမ်းဖြင့် လူအများစု၏ အသက်ကို ကယ်တင်ရန် ရည်ရွယ် ရေးသားလိုက်ရပါသည်။
Satety Seat Belt၏ သမိုင်းကို ပြန်ကြည့်မည်ဆိုလျှင် ၄င်းကို တီထွင်ခဲ့သူမှာ George Cayley ဆိုသူဖြစ်ပြီး ‘‘၁၉ ရာစု’’ ကတည်းက တီထွင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ မြန်မာ့သမိုင်း၏ အထင်ကရ မှတ်တိုင် တစ်ခုဖြစ်ခဲ့သော 1885 ခု ကတည်းကပင် စတင် စမ်းသပ် အသုံးပြုနိုင်ပြီဟု အ့ံသြဖွယ်ရာ တွေ့ရှိရသည်။ ဒုတိယ ကမ္ဘာစစ်ကာလတွင်ကား စစ်သုံး လေယာဉ်ပျံများ၌ပင် Safety Seat Beltsကို အသုံးပြုနေကြပြီဟု သိရှိရသည်။ 1950 နှစ်များတွင်မူကား ကုမ္ပဏီများကို Seat Belts ခါးပတ်များ တပ်ဆင်ရန် ပိုမို ဖိအားပေးခဲ့ကြသည်ကို တွေ့ရှိရပြီး 1958 ခုနှစ်တွင် Swedish ‘‘Baab’’ ကားကုမ္ပဏီက ပထမဆုံးသော (ယနေ့ခေတ်) ခါးပတ်ကို စတင် တပ်ဆင် အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။
မောင်းစဉ်နှင့် စီးနင်းလိုက်ပါစဉ် မဖြစ်မနေ ခါးပတ်တပ်ဆင်ရန် အမိန့်ကို 1970 ခုနှစ်တွင် စတင် ထုတ်ပြန် လိုက်နာစေခဲ့ကြောင်း တွေ့ရသည်။ ထို့အတူ အန္တရာယ် ကာကွယ်မည့် အခြားသော အင်္ဂါရပ်များ ဖြစ်သည့် ကားတံခါးချက်များ၊ ကွေးဆန့်နိုင်သော Steering Wheels (စတီရာရင်) များ၊ ကြေမွလွယ်သော လေကာမှန်များ၊ ကားတိုက်လျှင် ခုခံ ကာကွယ်ပေးမည့် လေအိတ်စနစ်တို့ကိုပါ တီထွင် အသုံးပြုလာကြသည်။ အမေရိကန်ပြည်မှ မော်တော်ယာဉ် အန္တရာယ် ထိန်းသိမ်း စောင့်ရှောက် ကြီးကြပ်ရေးအဖွဲ့မှ မတော်တဆမှုများကို မှတ်တမ်းတင် ဆန်းစစ် လေ့လာခြင်း၊ လူမဲ့ မော်တော်ယာဉ်ဖြင့် အလားတူ ဖြစ်ရပ်များကို တည်ဆောက် စစ်ဆေး လေ့လာခြင်း၊ စာတမ်းများစွာ ပြုလုပ် ဖတ်ရှုခဲ့ကြသည်။ ၄င်းတို့၏ တွေ့ရှိချက်များအရ ခါးပတ် ပတ်သော ယာဉ်မောင်းသူ အပါအ၀င် စီးနင်းလိုက်ပါသူများသည် ခါးပတ် မပတ်ထားသူများထက် သေဆုံးနှုန်းနှင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရမှုနှုန်း သိသိသာသာ နည်းပါးကြောင်း (Significantly Reduce the Risk) တွေ့ရှိရသည်။
ထို့ကြောင့် ‘‘မလိုဘဲ အပို ထည့်ထားခြင်းတော့ မဟုတ်သည်မှာ သေချာပေပြီ။ (ပုံ – Fig 2)
Seat Beltများကို စတင် တီထွင်ကတည်းက 2 Points Belt, 3 Points Belt, 4, 5, 6 Points Belt, Manual Belts, Automatic Beltsဟူ၍ အမျိုးမျိုး တီထွင် စမ်းသပ်ခဲ့ကြပါသည်။ ယခုအခါ မြန်မာနိုင်ငံရှိ ကားအများစုတွင် တပ်ဆင်ထားသော ခါးပတ် အမျိုးအစားသည်ကား မော်တော်ယာဉ် အန္တရာယ်မှ အကာကွယ်ပေးနိုင်ဆုံးသော Manual, 3 Points Seat Belt အမျိုးအစား ဖြစ်သည်။ (ပုံ – Fig 3)
5, 6 Points, 7 Points Seat Belt များကိုကား Racing Cars နှင့် Acrobotic Air Crafts (တိုက်လေယာဉ်) များတွင်သာ အသုံးပြုကြသည်။ Automatic Belt များသည်ကား ကောင်းကျိုးထက် ဆိုးကျိုး ပိုများသဖြင့် အသုံးပြုမှု မရှိသလောက် နည်းပါးကြောင်း သိရှိရသည်။ ကလေးများအတွက် သက်ဆိုင်ရာ အသက်အရွယ်အလိုက် ကလေးထိုင်ခုံနှင့် ကလေးခါးပတ်ကိုသာ အသုံးပြုသင့်သည်။ အကြောင်းမှာ လူကြီးခါးပတ်ကို ကလေး တစ်ယောက်အား ၀တ်ပေးထားလျှင် တိုက်ခိုက်မှု အန္တရာယ် ဖြစ်လာပါက အရှိန်ကြောင့် အရွေ့ နှင့် ဖြစ်ပေါ်လာသော အင်အားသည် ခါးပတ်နှင့် ထိုင်ခုံကြားတွင် ပြင်းထန်စွာ သက်ရောက်သဖြင့် နုနယ်သော ကလေး၏ ၀မ်းဗိုက်ကို ညှစ်သကဲ့သို့ ဖြစ်သဖြင့် အူပြတ်၊ အူပေါက်ခြင်း ရင်၀မ်းခြား ကြွက်သား ကွဲသွားခြင်း၊ ခါးရိုး ကျိုးခြင်း၊ ခါးရိုး အာရုံကြောမကြီး ပြတ်တောက်ခြင်း အစရှိသည့် Seat Belt Syndromeများ ဖြစ်တတ်သောကြောင့် ဖြစ်သည်။
အကယ်၍ ကားမောင်းသူနှင့် လိုက်ပါသူတို့က ခါးပတ်ပတ်ရန် မေ့လျော့နေပါက Dashboardရှိ ဒိုင်ခွက်တွင် လူပုံစံ မီးနီလေး လင်းနေပြီး အချက်ပေးသံ (အချို့ ကားများတွင်သာ) ကြားရမည် ဖြစ်သည်။ (ပုံ – Fig 4)
ရှေးယခင်က ခါးပတ်မကောင်း၊ လေအိတ်မပါသော ကားများတွင် ထိုအခွင့်အရေးကို လက်လွှတ်ထားခဲ့ကြရပြီး ယခုကဲ့သို့ ခေတ်မီကားများကို စီးနေရချိန်တွင် ခါးပတ် ပတ်ရန် ဥပဒေမှ အတင်းအကြပ် မညွှန်ကြားသေးသည့်တိုင် လိုက်နာသင့်သည်။ ဥပဒေမှလည်း မကြာတော့မည့် နှစ်များတွင် ‘‘မဖြစ်မနေ’’ဟု ညွှန်ကြားလာတော့မည်ဟု ထင်မြင်မိသည်။ Satety Air Bag System (ABS) ပါသော (လေအိတ်ပါသော) ကားများကို လိုက်ပါ စီးနင်းသူများကား ပို၍ သတိထားရမည်။ အကယ်၍ ကားတိုက်မိသည် ဆိုပါက ယာဉ်မောင်းသူနှင့် လိုက်ပါ စီးနင်းသူတို့ ယာဉ်အရှေ့သို့ ကျွံထွက် မသွားရန် ရှေ့မှ လေအိတ်များ ပေါက်ထွက်လာပြီး ကာကွယ်ပေးသည်။
လေကာမှန် ကွဲ၍ ရှေ့သို့ လွင့်စင် ထွက်ကျခြင်း၊ စတီရာရင်နှင့် ရင်ခေါင်း ရိုက်ခတ်ခြင်းတု့ိသည် ပြင်းထန်စွာ ဒဏ်ရာရနိုင်သည်သာမက အသက်ပင် ဆုံးနိုင်သဖြင့် ၄င်းအဖြစ်ဆိုးမျိုးမှ လေအိတ်သည် ကာကွယ်ပေးသည်။ သို့သော် ခါးပတ် မတပ်ထားလျှင် ကားစောင့်သည့် အရှိန်သာမက လေအိတ်၏ တွန်းအားကြောင့် လူသည် ထိုင်ခုံမှ တွန်းဖယ်ခံရသကဲ့သို့ ဖြစ်ကာ ဘေးဘက်သို့ လွင့်စင်သွားတတ်ကြရာမှ ပြင်းထန်သော ဒဏ်ရာသာမက အသက်ဆုံးရှုံးမှုအထိ ဖြစ်တတ်သည်။ ထို့ကြောင့် ‘‘လေအိတ်ပါရင် အသက် မသေနိုင်ဘူး’’ဟူသော အဆိုမှာ ခါးပတ် ၀တ်ထားမှသာ ပြီးပြည့်စုံပေမည်။
ထို့အတူ ထိုင်ခုံ၏ ‘‘ခေါင်းမီး၊ Head Rest’’ ဖြုတ်မထားမှသာ အန္တရာယ် ကင်းေ၀းမည်။ ဖြုတ်ထားပါက အရှိန်ကြောင့် ဦးခေါင်းကို ရှေ့နောက် ရမ်းခါစေနိုင်သော Whiplet Snjory (ကြာပွတ်ခါသကဲ့သို့) အန္တရာယ်ကြောင့် လက်ရော ခြေပါ လှုပ်မရနိုင်သော Quadriplegia ရနိုင်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ‘‘ဒို့နိုင်ငံနဲ့ မကိုက်ပါဘူး’’ ဆိုသည်မှာလည်း မဟုတ်ပေ။ ဒို့နိုင်ငံသားများသည်လည်း သေတတ်သော၊ အသက်ရှိသည့် လူသားများပင် မဟုတ်ပါလော။
ထို့ကြောင့် ဒဏ်ရိုက်မှ၊ ဖမ်းဆီး အရေးယူမှ လိုက်နာတတ်သော (ရံဖန်ရံခါ ဖမ်းဆီး အရေးယူသည့် ကိစ္စရပ်များကိုပင်လျှင် လစ်ရင် လစ်သလို စည်းကမ်း ဖောက်တတ်သော) ကားမောင်း၊ ကားစီးသူ ပြည်သူ ပြည်သားများအဖို့ တရား၀င် ဥပဒေ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း မိမိအသက်ကို မိမိဉာဏ်နှင့် သတိဖြင့် စောင့်ရှောက်ကြပါ။ စောင့်ရှောက်နိုင်မည့် တိုးတက် ခေတ်မီသော အန္တရာယ်ကင်းစနစ်များ တပ်ဆင်ထားသည့် ကားများလည်း လက်၀ယ် ရောက်ရှိနေကြပေပြီ။ အစပိုင်းတွင် အကျင့် မရသေးခင် အခက်တွေ့မည် မှန်သော်လည်း နောက်ပိုင်းတွင် လုပ်နေကျ ဖြစ်သွားပေမည်။ မည်သည့် အချိန်က အစာကို မဝါးဘဲ မျိုချခဲ့သနည်း။ ဝါးရန် လေ့ကျင့်ခဲ့ပြီးသော ယနေ့အရွယ်တွင် ထမင်းစားသည့် အချိန်တွင် ပင်ပင်ပန်းပန်း ‘‘ဝါး’’ နေရသည်၊ အလုပ် ပိုသည်ဟု ထင်မိပါ၏လော။ နိစ္စဒူ၀ ဖြစ်သွားလျှင် မပင်ပန်းတော့ချေ။ သို့သော် မိမိအသက်အတွက် အရေးကြီးသော ကြိုးစားမှု ဖြစ်ခဲ့ပေမည်။
အချုပ်အားဖြင့် ဆိုရလျှင် နိုင်ငံတော်၏ စေတနာကြောင့် အိမ်မက်ပင် မမက်ဖူးခဲ့သော ကားသစ်များ စီးနေရပေပြီ။ ကိရိယာ တန်ဆာပလာများလည်း နိုင်ငံတကာနည်းတူ ပါ၀င်နေချေပြီ။ မိမိတု့ိက အသုံးချရန်သာ ရှိသည်။ အရေးကြီးသည်ကို အရေးကြီးကြောင်း သိရှိလောက်ပြီဟု ယူဆမိပါသည်။ ထို့ကြောင့် သင်တို့၏ အသက်သည် သင်တို့၏ ဉာဏ်နှင့် ဆုံးဖြတ်ချက်၊ ခံယူချက်များပေါ်တွင်သာ မူတည်နေပြီး သင်တို့၏ လက်ထဲတွင်သာ ရှိသည်ဟု အကြံပြု ရေးသားလိုက်ရပါသည်။