News

စီးပွားရေး တကယ်မလုပ်သော သိမ်းဆည်းမြေများ ပြန်ပေးရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်

jokergyi.wordpress.com

တနင်္သာရီတိုင်း တစ်ခုတည်းကပင် ဧကခုနစ်သိန်း နီးပါးရှိသော  စီမံကိန်းများ လုပ်ဆောင်မည်ဟု စီးပွားရေးသမားများက တပ်မတော် အစိုးရလက်ထက်တွင် သိမ်းယူထားပြီး အမှန်တကယ် အကောင်အထည်မဖော်သော မြေယာများကို တကယ်လုပ်မည့် သူများထံ ပြန်လွှဲပေးရန် ပြည်သူ့လွှတ်တော်က  ဇူလိုင်လ ၂၉ရက်နေ့က အတည်ပြု ဆုံးဖြတ်လိုက်ကြောင်း သိရသည်။  ၎င်းကိစ္စကို မကွေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက အဆိုတင်သွင်းပြီး ကိုယ်စားလှယ် ၁၁ဦးက ဆွေးနွေး၍ အတည်ပြုလိုက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ အမတ်များက ဆွေးနွေးအပြီး ထိုအဆိုကို  အတည်ပြုရန် သင့်၊ မသင့် လွှတ်တော်အတွင်း မဲခွဲ ဆုံးဖြတ်ရာ ကန့်ကွက်သည့် အမတ်တစ်ဦးသာ ရှိခဲ့သဖြင့် အတည်ဖြစ်ခဲ့သည်။

အဆိုအတည်မဖြစ်မီ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်းက အမတ်များကို ရှင်းလင်းရာ၌ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်/တိုင်း ၁၄ခုအနက် တနင်္သာရီတိုင်း တစ်ခုတည်း၌ပင် စီးပွားရေးသမားများ တကယ်မလုပ်ပဲ အစိုးရထံမှ ယူထားသည့် မြေဧက ခုနစ်သိန်းနီးပါးရှိကြောင်း ပါရှိခဲ့သည်။ တနင်္သာရီတိုင်းမှ အဆိုပါ မြေများသည် တပ်မတော် အစိုးရလက်ထက်က ကုမ္ပဏီပေါင်း ၄၁ခုကို ဆီအုန်းစိုက်ပျိုးရန် ခွင့်ပြုပေးထားခြင်း ဖြစ်သည်ဟု  သိရသည်။    တနင်္သာရီတိုင်း တစ်ခုတည်းတွင်ပင် တကယ်မလုပ်ပဲ ယူထားသည့် မြေ ထိုမျှရှိနေသည့်အပေါ် ယခုကိစ္စကို အဆိုတင်သွင်းခဲ့သည့် အမတ် ဦးလှဆွေက “တစ်နိုင်ငံလုံးသာဆို ပြောလို့တောင်ဆုံးမှာ မဟုတ်ဘူး။ တကယ်မလုပ်ပဲနဲ့ဗျာ။ ဒါတွေက ပြန်ပေးသင့်ပါတယ်”ဟု မဇ္ဈမကို ပြောပါသည်။

အဆိုကို ထောက်ခံ ဆွေးနွေးခဲ့သည့် မွန်ပြည်နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာဗညားအောင်မိုးကလည်း “အခု ဆင်းရဲမှု လျှော့ချရေးတို့ ဘာတို့ လုပ်နေတဲ့အချိန်မှာ အဲဒီစီမံကိန်း မလုပ်ဖြစ်တဲ့ မြေတွေကို အမှန်တကယ် မြေမဲ့ယာမဲ့ ဖြစ်နေတဲ့ ဒေသခံတွေကို ဒါမှမဟုတ် တကယ်လုပ်မယ့်သူတွေကို ချပေးမှ တိုင်းပြည်အတွက် အကျိုးရှိမှာပါ”ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။   ယခုအဆို အတည်ဖြစ်သွားပြီး ဖြစ်သဖြင့် စီးပွားရေးသမားများက တကယ်မလုပ်ပဲ ယူထားသည့် မြေများကို ပြန်လွှဲပေးရတော့မည် ဖြစ်သော်လည်း ထိုသို့ လွှဲပြောင်းချိန်တွင် မည်သည့်စံနှုန်းများဖြင့် မည်သူတို့အား ပြန်လွှဲမည်ကိုမူ မသိရသေးပေ။ မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာပြီး နောက်ပိုင်း ယခင်အစိုးရလက်ထက်က စီမံကိန်းများ လုပ်ဆောင်မည်ဟု သိမ်းယူထားခဲ့သော မြေယာများနှင့် ပတ်သက်၍ အသိမ်းဆည်းခံ တောင်သူလယ်သမားများ၊ ပြည်သူများသည် နိုင်ငံတစ်ဝန်းတွင် ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်နေသည်ကို တွေ့ရပါသည်။ အဆိုပါ မြေယာများမှာ စီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိဘဲ နှစ်ကာလကြာမြင့်စွာ ရှိနေပြီး ယခုကဲ့သို့ တကယ်လုပ်မည့်သူများကို ပြန်လွှဲပေးမည်ဆိုသဖြင့် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို မုဒိတာပွားလိုက်ရပါသည်။  Ref: Mizzima

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *