News

ဇူလိုင်လ (၃၁)ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် နာယကရာထူးကို သူရဦးရွှေမန်း လွှဲပြောင်းရယူမည်

burma.irrawaddy.org

လွှတ်တော်တွင်း ကိုယ်စားလှယ် အရေအတွက် အများဆုံး ရရှိထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇူလိုင် (၃၁)ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်နာယကအဖြစ် လွှဲပြောင်း ရယူမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရုံးမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်ဟု သိရသည်။ သူရဦးရွှေမန်းသည် ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌရာထူးကို ဇူလိုင်လ (၃၁)ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအေ၀းတွင် အခမ်းအနားဖြင့် လက်ခံမည်ဟု ဆိုသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတနှစ်ဦး၊ ပြည်ထောင်စု၀န်ကြီးများနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ကို ဖိတ်ကြားထားပြီး တက်ရောက်ခြင်းရှိ မရှိကိုမူ လွှတ်တော်သို့ အကြောင်းပြန်ထားခြင်းမရှိသေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောကြားသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နိုင်ငံတော်သမ္မတအဖြစ် တာ၀န် ထမ်းဆောင်နိုင်ရန် ၂၀၁၅ ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဇူလိုင် ၁၈ရက်က ဒုတိယအကြိမ် ပြောကြားထားသည်။

ပြည်ထောင်စုလွှတ်တော်၏ လက်ကျန် သက်တမ်း နှစ်နှစ်ခွဲတွင် နာယကအဖြစ် တာ၀န်ထမ်းဆောင်မည့် သူရဦးရွှေမန်းသည် ဇူလိုင် ၁၈ ရက်နေ့က NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲကာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပခဲ့ပြီး သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတ ရွေးကောက်ပွဲ ၀င်ပြိုင်နိုင်ရန်အတွက် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ပေးသွားမည်ဖြစ်ကာ လက်ရှိတွင် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ကိုင်နေကြောင်း ပြောကြားထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်ထောင်စု လွှတ်တော်နာယကအဖြစ် ပထမ နှစ်နှစ်ခွဲသက်တမ်းကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဆောင်ရွက်ရမည်ဖြစ်ပြီး လက်ကျန် သက်တမ်း နှစ်နှစ်ခွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဆောင်ရွက်ရမည် ဖြစ်သည်။ ယခုလက်ရှိ ပြည်ထောင်စုလွှတ်တော်နာယက ရာထူးကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထမ်းဆောင်လျက် ရှိပါသည်။

Ref: The Voice Weekly

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *