News

အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီး လိုက်နာဖို့ ကြီးကြပ်ရန် တာဝန်ရှိ

thurashweman

ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် အမိန့်များ၊ ညွှန်ကြားချက်များကို ထုတ်ပြန်ထားရုံနှင့် မလုံလောက်ဘဲ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ဌာနအသီးသီးက လိုက်နာရန်လည်း ကြီးကြပ်ရမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားကြောင်း သိရသည်။ ဇူလိုင်လ ၂၉ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်း၏ သက်ဆိုင်ရာ နယ်မြေအုပ်ချုပ်ရေး အာဏာပိုင်များက လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၏ ဖြေကြားချက်အပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သုံးသပ်ရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထဲရေး ဒုတိယဝန်ကြီး၏ ဖြေကြားချက်တွင် သက်ဆိုင်ရာ တိုင်း၊ မြို့နယ် စသည်တို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရန် နိုင်ငံတော် သမ္မတရုံးမှ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ရက်နေ့က အမိန့်ထုတ်ပြန်ပြီး ဖြစ်ကြောင်း၊ အဆိုပါ ကော်မတီများအနေဖြင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ လူမှုစီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားမှတ်ချက်၊ အကြံဥာဏ်များ၊ ရယူဆောင်ရွက်ရန်နှင့် လိုအပ်ပါက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးသို့ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီနှင့်အတူ ဖိတ်ကြား တက်ရောက်စေပြီး အကြံဥာဏ်ရယူဆောင်ရွက်ရန် ညွှန်ကြားပြီး ဖြစ်ကြောင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြေကြားချက်အပေါ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက “အမိန့်တို့ ညွှန်ကြားချက်တို့ဆိုတာ လိုအပ်လို့ ထုတ်ပြန်တာ။ ဒီအမိန့်ညွှန်ကြားချက်တွေကို သက်ဆိုင်ရာက လိုက်နာဆောင်ရွက်ဖို့၊ ကြီးကြပ်ဖို့လည်း သက်ဆိုင်ရာ ဝန်ကြီးဌာန သက်ဆိုင်ရာ ဌာန အသီးသီးမှာ ရှိပါတယ်။ အမိန့်ထုတ်ပြီးရင် ပြီးပြီ။ ငါတို့ တာဝန်ကျေပြီလို့ ဒီလို ယူဆမယ်ဆိုရင် ဘယ်လိုမှ ဖြစ်နိုင်တဲ့ အနေအထားမရှိပါဘူး။ ဒီအမိန့်အပေါ်မှာ တာဝန်ခံမှု၊ တာဝန်ခံနိုင်တာနဲ့အညီ အမိန့်အတိုင်း ဆောင်ရွက်ဖို့ ကြီးကြပ်ရမယ့် အဖွဲ့အစည်းများမှာလည်း တာဝန်ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့အပြင် ပြည်ထဲရေး ဒုတိယဝန်ကြီးက လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိ မဲဆန္ဒနယ်မြေအတွင်း အများပြည်သူနှင့် သက်ဆိုင်သည့် အစည်းအဝေး အခမ်းအနား၊ ဖွင့်ပွဲများကို အများပြည်သူများနည်းတူ တက်ရောက်ခွင့် ရှိပါသည်ဟုလည်း ပြောကြားခဲ့ရာ ယင်းအချက်ကိုလည်း လွှတ်တော် ကိုယ်စားလှယ်များအား အများပြည်သူ နည်းတူဆက်ဆံ ဆောင်ရွက်ရန် သတ်မှတ်ထားပါက ဥပဒေနှင့် မလျော်ညီဟု ယူဆနိုင်ကြောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားသည်ဟု သိရပါသည်။

Ref: The Daily Eleven

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *