Health, Opinion

မကြီးသင့်သောကြီးခြင်းနှင့် အရေးပါသောဆုံးဖြတ်ချက််

ဆရာ Child Ward ထဲက(၃) လ ကလေးလေး Absconded ဆေးရုံမှ ဆင်းခွင့်မရသေးဘဲ ခိုးဆင်းသွားတယ်။ နံနက်ခင်း ဆေးရုံရောက်သည်နှင့် လက်ထောက်ဆရာ၀န်လေးက Night Duty Report တင်ရင်းပြောသည်။ ဆေးရုံ၏ တစ်နေ့တာ ဖြစ်စဉ်များနှင့် ထူးခြားဖြစ်စဉ်တို့ကို ဆင့်ကဲဆင့်ကဲ သတင်းပို့ အကြောင်းကြားရသည်။ အလေ့အထကို တာ၀န်တစ်ရပ်အနေဖြင့် ဆေးရုံကြီးများတွင်သာမက ဆေးရုံငယ်များ တွင်ပါ ကျင့်သုံးကြပါသည်။ စာရေးသူတို့ အလုပ်သင် ဆရာ၀န်ဘ၀မှစ၍ ထိုအလေ့ အထကို ရရှိခဲ့ပြီး အကျိုးကျေးဇူးအားဖြင့် Report ဖတ်သူ သက်ဆိုင်ရာဆရာကြီး၊ ဆရာမကြီးများမှ ၎င်းတို့၏ အတွေ့အကြုံ ဗဟုသုတများကို (အခါအားလျော်စွာ)သင်ကြား ပေးတတ်ခဲ့သဖြင့်လည်း မိမိတာ၀န် ယူရသော ဤစနစ်ကိုကျင့်သုံး မိခြင်း ဖြစ်ပါသည်။ သို့မှသာအတွေ့အကြုံ ဗဟုသုတနည်းသေးသော ဆရာ၀န်ငယ်များ ကို အချိန်တိုအတွင်း ဗဟုသုတ ကြွယ်၀ စေနိုင်မည် ဖြစ်ပါသည်။ “(၃)လကလေးဆိုတာ Hydrocephalous နဲ့ကလေးပြောတာမလား ဟိုနေ့ ကတောင် သူ့အဘိုးအဘွားတွေကို အကျိုးအကြောင်းရှင်းပြထားသေးတယ်” “ဟုတ်တယ်ဆရာ၊ ဆရာမတွေ ပြောတာ ကတော့ သူတို့ကလေးက ငယ်လွန်းလို့ ခွဲစိတ်တာတွေ ထပ်မလုပ်ချင်တော့ဘူး။ သူ့ကံနဲ့ သူပဲ အသက်ရှိသရွေ့ နေပါစေလို့ သူတို့က ဆုံးဖြတ်ထားတယ်တဲ့၊ ဆရာ့ရဲ့ စေတနာကို အားနာလေးစားလို့ ဆရာ သေချာ ရှင်းပြထားလျက်နဲ့ မငြင်းချင်လို့ အခုလို ပိတ်ရက်မှာ ထွက်သွားတာပါ ဆရာ့ကျေးဇူးကို မမေ့ပါဘူးလို့ဘေးက လူနာ တွေကို မှာခဲ့တယ်တဲ့” “ဟောဗျာ” ဆရာ ပြောနေတာ ဆရာ့ အတွက်မှ မဟုတ်တာ ကလေးရဲ့ ဘ၀ အတွက်ပြောတာ၊ သူတို့က ရန်ကုန် လည်းသွားနိုင်တဲ့ အခြေအနေရှိလို့ ပြောရတာ၊သူလေးလည်း နေမင်းရောင်လိုပဲ ဖြစ်သွားဦးမှာပဲ” “နေမင်းရောင်ဆိုတာ” လက်ထောက်ဆရာ၀န်လေးက မေးသည်။

သြော်၊ နေမင်းရောင််ဆိုတာလွန်ခဲ့တဲ့ (၃)နှစ်လောက်က ဒီမှာ တက်ခဲ့ တာပေါ့။ ဆရာလေးတို့ အလုပ်မ၀င် ခင်သူလည်း Tem (Tubercylous Meningitis တီဘီပိုးကြောင့်ဦးနှောက် အမြေှးရောင်) ကြောင့်Hydrocephalus ရသွားတာ။ သူလည်း တတ်နိုင်ရဲ့သားနဲ့ ရန်ကုန်သွားပြီး CT (ComputedTomgraphy ဦးခေါင်း CTဓာတ်မှန်) ရိုက်ဖို့ Neurosurgery (ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကု) မှာ Shunt (လမ်းကြောင်းလွဲှ) လုပ်ဖို့ အားလုံးစီစဉ်ပြီးမှ ဘေးလူတွေ စကား နားယောင်ပြီး ဆက်မလုပ်တော့တာ၊ ဒါကြောင့် ကလေးတွေရဲ့အသက်ဟာ ဆရာ၀န်ရဲ့ လက်ထဲမှာမဟုတ်ဘူး။ မိဘနဲ့ လူကြီးတွေရဲ့ လက်ထဲမှာပဲ။ အသိဉာဏ် ဗဟုသုတ နည်းပါးတာရယ်၊ ပညာဉာဏ် နည်းပါးတာတွေကြောင့် လုပ်သင့် တာကို မလုပ်ဘဲ ဘာမှ မသိနားမလည်တဲ့ လူတွင်ကျယ် လူပိန်းတွေရဲ့ တောပြော တောင်ပြော စကားတွေပဲ ယုံကြ နား၀င်ကြတာဟာ တို့တိုင်းပြည်ရဲ့ အားနည်းချက်ပဲ၊ ကျန်းမာရေးကဏ္႑ တိုးတက်ဖို့ဆိုတာ ဆေးရုံနဲ့ ၀န်ထမ်းတွေဘက်ကပဲ ကြိုးစားရမှာ မဟုတ်ဘူး။ ပြည်သူတွေ ဘက်ကလည်း လေ့လာပြီး လက်ခံ ကျင့်ကြံတတ်တဲ့ အလေ့အထကိုမွေးမြူ ဖို့လိုတယ်။

ထိုအတွေ့အကြုံ အဖြစ်အပျက် လေးများကား မိမိတာ၀န်ကျရာ နယ်မြို့လေး၌ ရံဖန်ရံခါသာ ကြုံတွေ့ရ သော်လည်း မြို့ကြီးများ၌မူ မကြာခဏ ကြုံတွေ့ရတတ်သည်။ ထို့အတူ ဆရာ၀န် ညွှန်ကြားသည့်အတိုင်း လိုက်နာ၍ ကုသမှု ခံယူတတ်သည်။ ပမာဏမှာလည်း (၃၀) ရာနှုန်းခန့်သာဖြစ်ပြီး (၇၀) ရာနှုန်းမှာ နေမင်းရောင်ကဲ့သိ်ု့ပင် သေသည် အထိ ဘ၀တစ်လျှောက်လုံး ခေါင်းကြီးဘ၀ Hydrocephalus နှင့် နောက်ဆက်တွဲပြဿနာများ ကို ခံစားသွားကြရသဖြင့် စာဖတ်သူမိဘများ ဗဟုသုတပွား၍ မှန်ကန်သောဆေးပညာ အသိကို ရရှိကာ အခွင့်ကြုံလျှင် ကူညီ နိုင်ရန် ရေးသားလိုက်ရပါသည်။

Hydrocephalus ကို အရိုးအရှင်းဆုံး မြန်မာပြန်ရလျှင် ခေါင်းကြီးဟု ပြန်တတ်ကြပါသည်။ ဘုရားပွဲဈေးများ၌ ထူးဆန်းသော လူသားအဖြစ်သနားစဖွယ် ရုံသွင်းပြသတတ်ကြသော ဦးခေါင်း အကြီးကြီးနှင့်ကလေးငယ်ကို မြင်ဖူး ကောင်း မြင်ဖူးကြပေလိမ့်မည်။ သို့သော် အမှန်စင်စစ်ပြောရလျှင် ခေါင်းကြီးတိုင်း Hydrocephalus မဟုတ်သလို Hydrocephalus တိုင်း ခေါင်းကြီးချင်မှ ကြီးပေလိမ့်မည်။ စာဖတ်သူတို့ ရှုတ်သွားပါလိမ့်မည်။ ရှင်းအောင် တင်ပြပါမည်။ ကျွနု်ပ်တို့၏ ဦးခေါင်းခွံအတွင်းတွင် 1.5 kg မျှလေးသော ဦးနှောက်ရှိပါသည်။ သို့သော် ကျန်းမာနေစဉ် ကာလအတွင်း ကျွနု်ပ်တို့သည် မိမိတို့၏ ဦးနှောက်နှင့် ဦးခေါင်းကို မ,ထားရသည်။ ထမ်းထားရသည်ဟု မထင်မိပါ။ အကြောင်းမှာ ဦးခေါင်းခံွအား ပေါ့စေရန် အတွက် လေအိတ်များ သဘာ၀က ဖန်တီးပေးထားသလို ဦးနှောက် အား ဖော့ ဂုဏ်သဏ္႑ာန် ဖန်တီးပေးထားသည်။ နူးည့ံလှသည့် ဦးနှောက်သားများအား မာကြောလှသည့် ဦးခေါင်း ခွံအတွင်း ခေါင်းခါရမ်း လှုပ်ခါတိုင်း မထိခို်က်မိအောင် ထိုအရည်များက ကြားခံပေးသည်ဆိုလည်း မမှားနိုင်ပေ။ သို့်ဆိုလျှင် ကျွနု်ပ်တို့၏ ဦးခေါင်းခံွအတွင်း ဦးနှောက်သားအပြင် အရည်တစ်မျိုး ( Cerebrospinal Fluid – CSF) ရှိသည်ဟု လက်ခံနိုင်လောက်မည်။ ထိုအရည်များသည် ဦးနှောက်၏အပြင် ဘေးပတ်လည်တွင်သာမကဦးနှောက် အတွင်းပိုင်းတွင်ပါ အခန်းငယ်များအဖြစ် စီးဆင်း လည်ပတ်နေပါသည်။

ထိုအခန်းငယ်တို့ကို Ventricles ဟု ခေါ်ပါသည်။ အသက်ရှင်နေသူတစ်ဦးအဖို့ သွေးလှည့်ပတ် စီးဆင်းနေသကဲ့သို့ ထို CSF အရည်ကြည်သည် လည်း လည်ပတ် စီးဆင်းနေပါသည်။ထိုသို့ လည်ပတ်စီးဆင်းရာ လမ်းကြောင်း၌ အပိတ်အပင် အတားအဆီးရှိလျှင် သော်လည်းကောင်း၊ ထုတ်လုပ်မှုနှင့် စုပ်ယူမှု မျှချေမဖြစ်လျှင်သော် လည်းကောင်း၊ ဦးနှောက်အတွင်း အရည် အိတ်ကြီးထွားလာခြင်း Hydrocephalus ဖြစ်လာတတ်ပါသည်။ ဥပမာပြောရလျှင် လက်ဆေးဇလုံဘေစင်တစ်ခု၏ ထွက်ပိုက်၌ အညစ်အကြေးများစို့နေလျှင် အပေါ်မှ ရေပိုက် ဖွင့်နေသည်နှင့်အမျှ ဇလုံအတွင်း ရေပြည့်လျှံလာမည်ဖြစ်သည်။

အဖွင့်ဖြစ်သော ဇလုံ၌ ရေများ လာလျှင် လျှံမည်သာ ဖြစ်သော်လည်း အပိတ်ဖြစ်နေသော ဦးနှောက်အတွင်း ထွက်ပိုက်ပိတ်လျှင်ကားအတွင်း၌ ရေဖိအား များလာမည်။ သဘာ၀ရှိပြီးဖြစ်သော အရည် အိတ်များပြည့်ကာ တင်းကားလာမည်။ ထိုအခါ မာကြောလှသော ဦးခေါင်းခံွ အတွင်း၌ ဦးနှောက်၏ အပြင်ဘေးပတ် လည်အရည်ဖိအားနှင့် အတွင်းခန်းဖိအာ းမြင့်လာပြီး နူးညံ့လှသောဦးနှောက်သားကို ပျက်စီးစေမည်။ ဦးခေါင်းခံွကြီးထွားမှု မရပ်တန့်သေးသော အသက်အရွယ်တွင်် ဆိုလျှင် မြင့်မားလာသော အရည် များကြောင့် ဦးခေါင်းခွံ၏ ပမာဏပါ ကြီးလာလျှင်ကား အများပြောသော ထူးဆန်း သည့် လူသားခေါင်းကြီး ဖြစ်လာ ချေတော့မည်။
အဘယ်ကြောင့် အရည်လည်ပတ် စီးဆင်းရာ လမ်းကြောင်းပိတ်ဆို့ရသနည်းဟု မေးလျှင် မွေးရာပါ Congenital Hydrocephalaus ရှိသကဲ့သို့ Acquired Causes မွေးရာပါ မဟုတ်သောအကြောင်း အရင်းများစွာလည်း ရှိသည်။အကြမ်းဖျဉ်း ပြောရလျှင် ထိုလမ်းကြောင်းအတွင်းသော် လည်းကောင်း ပြင်ပမှသော်လည်းကောင်း၊ အနာရင်းပြီး အနာဖေးတက်သကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းကြောင့်ဖြစ်ပြီး တီဘီပိုးကြောင့် ဦးနှောက်အမြေှးပါး ရောင်ရမ်းမှု သည်ကားမြန်မာပြည်တွင် အဖြစ်များသော အကြောင်း ကြောင်းတစ်ခု ဖြစ်သည်။ အခြား ဘက်တီးရီးယားပိုး ကြောင့် ဦးနှောက်အမြေှးပါးရောင်ခြင်း၏ နောက်ဆက်တွဲလည်း ဖြစ်နိုင်ပေသည်။

ထိုသို့ ဦးနှောက်အမြေှးပါးရောင်ရမ်း မှုမဖြစ်အောင် ကာကွယ်၍ရပါသလားဟု မေးလျှင် ကာကွယ်ဆေးပုံမှန်တိကျစွာ ထိုးပါက ကာကွယ် နိုင်ပေမည်ဟု ဖြေရပါမည်။ BCG ဘီစီဂျီ ကာကွယ် ဆေးသည် တီဘီပိုးကြောင့်ဦးနှောက် အမြေှးရောင်ရမ်းမှု မဖြစ်အောင် ကာကွယ် ပေးနိုင်သကဲ့သို့ ယခုထိုးပေးနေ ပြီဖြစ်သော ငါးမျိုးစပ်ကာကွယ်ဆေးသည် ဘက်တီးရီး ယားပိုးကြောင့် ဦးနှောက်အမြေှး ရောင်ရမ်းမှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်သဖြင့် မိမိတို့၏ရင်သွေး ငယ်များအား ကျန်းမာရေးဌာနမှညွှန်ကြား သည့်အတိုင်း ထိုးပေးရန်အရေးကြီး လှသည်။ ယခုအထက် တွင် တင်ပြ ခဲ့သော Hydrocephalaus ၏ ကနဦး ကာလများတွင် ကြိုတင်သိရှိပါကရောဂါ အခြေအနေဆိုးရွားမလာခင်(တစ်နည်း) အတွင်း အရည်အိတ် ကြီးထွားမလာခင် ဦးခေါင်းခံံွ အလွန်အမင်း ကြီးထွားမလာခင် ဦးနှောက် ပိပြား ပျက်စီးမှုဖြစ်ပေါ်မလာခင် လက်ဦးမှုရအောင် ကုသသင့်သည်။ တစ်ဖက်တွင် ရောဂါ၏ အကြောင်းအရင်း ဖြစ်သည့် ဦးနှောက် အမြေှးပါးရောင်ခြင်းကို ဆေးဝါးဖြင့် ကုသသလို တစ်ဖက်တွင် အရည်ဖိအားများ မလာခင်လမ်းကြောင်း လွှဲ ခွဲစိတ်မှု ( Shunt ) ပြုလုပ်သင့်သည်။ စာရေးသူ မိတ်ဆွေတစ်ဦး၏ ရင်သွေး ဆိုလျှင် အချိန်မီ ကုသနိုင်ခဲ့သဖြင့် လူစဉ် မီရုံသာမက ကျောင်းစာပါ လိုက်နိုင်ကာ တက္ကသိုလ်ပင် တက်နေပြီဖြစ်ပြီး သူ့မိဘ များမှ ပြောမပြလျှင် Hydrocephalaus ဖြစ်ခဲ့ကြောင်းပင် မယုံနိုင်စရာ ဖြစ်နေသည်။

လမ်းကြောင်းလွှဲ ခွဲစိတ်မှုသည် လွယ်ကူ၍ အန္တရာယ်ကင်းပါသလားဟု မေးစရာရှိပါသည်။ ဦးနှောက်နှင့် အာရုံ ကြော ခွဲစိတ် အထူးကုများအဖွဲ့၏ သုတေသနများအရအောင်မြင်မှု ပမာဏသည် (၉၀) ရာခိုင်နှုန်းအထက် ၌ရှိကြောင်း နိုင်ငံတကာ စာတမ်းများ၌ ဖော်ပြထားသကဲ့သို့ စာရေးသူတို့ အတွေ့အကြုံအရ မြန်မာခွဲစိတ်ဆရာ၀န် များ၏ ရလဒ်များ၌ကား မအောင်မြင်မှု ဟူသည် မကြုံဖူးသလောက်ပင် ဖြစ်ပါသည်။ လွယ်ကူလှသည်မဟုတ် သော်လည်း ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများလှသဖြင့် ယုံကြည်စွာ အပ်နှံသင့်သလို ခွဲစိတ်မှု တိုင်းတွင် အန္တရာယ်ဟူသည်ရှိသော်လည်း Risk-Senefit အန္တရာယ်နှင့်အကျိုးကျေးဇူး နှိုင်းယှဉ်လျှင်လည်း အကျိုးကျေးဇူးများ လှသဖြင့် လိုအပ်လျှင် လမ်းကြောင်းလွှဲ ခွဲစိတ်သင့်သည်ဟု အကြံပေးလိုပါသည်။ အဆိုးထဲမှ ကံကောင်းသူ အချို့တို့၌ကား အရည်ဖိအား ဆက်မတက်တော့သော Arrested Hydroceph ဖြစ်လျှင်ကား ခွဲစိတ်မှုလိုအပ်မည်မဟုတ်ပါ။

အထက်ပါ အကြောင်းအရာများကို ရောဂါသည်ကလေးငယ်၏ မိဘဆွေမျိုးများ နားလည် သဘောပေါက်နိုင်အောင် အချိန်ယူ ရှင်းပြခဲ့သော်လည်း ဆေးကုမှု ဆက်လက်မခံယူတော့ဘဲ ဖြစ်လိုရာဖြစ်စေဟု ဆုံးဖြတ်သွားသော မိသားစုနှင့်ကလေးအတွက် စိတ်မကောင်းဖြစ်မိသည်။ မိမိပြောသည်ကို သဘောပေါက် သော်လည်း လက်တွေ့တွင် လက်မခံနိုင်သောကြောင့်ဖြစ်မည်။ ဆုံး ဖြတ်ချက်တစ်ခုသည်အရေးကြီးလှသည်။ အချိန်မီရန် ပို၍ အရေးကြီးလှသည်။ ထို့ကြောင့်လူထုအတွင်း သင့်တင့်သော ကုထုံးကို လက်ခံယူနိုင်ရန် လိုအပ်သော ကျန်းမာရေးအသိနှင့် ဗဟုသုတ သွင်းပေးရန် လိုနေသေးသည်။ ထို့ကြောင့် ဤစာစောင်လေးကို ဖတ်ပြီး ပညာတတ် မိဘပြည်သူများအနေဖြင့် အခြေခံ ဗဟုသုတရရှိကာ အင်တာနက်တွင် ထပ်မံလေ့လာပြီး မိမိတို့ပတ်၀န်းကျင်တွင် အလားတူအဖြစ်မျိုး ကြုံပါက မှန်ကန်သော ဆုံးဖြတ်တစ်ခုအတွက် ကူညီပေးကြပါဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *