News

အာဆီယံ အလှည့်ကျ ဥက္ကဌ ရာထူးကို ဘရှုနိုင်းထိပ်သီး အစည်းအေ၀းတွင် မြန်မာလွှဲပြောင်းယူမည်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ၂၀၁၄ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဌရာထူးကို လာမည့် အောက်တိုဘာလတွင် ဘရှုနိုင်းနိုင်ငံ ထိပ်သီး အစည်းအေ၀းသို့ တက်ရောက်စဉ် ဘရှုနိုင်းနိုင်ငံမှ လွှဲပြောင်းရယူမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန တာ၀န်ရှိသူများက အတည်ပြု ပြောကြားသည်ဟု သိရသည်။

“ဒီ အောက်တိုဘာမှာ နောက်ဆုံး ထိပ်သီးအစည်းအေ၀းတစ်ခု ကျန်တာကို ဘရှုနိုင်းမှာလုပ်မှာ၊ အဲဒီအစည်းအေ၀းကို သမ္မတကြီး တက်ရောက်ပြီး ၂၀၁၄ အာဆီယံအလှည့်ကျ ဥက္ကဌရာထူးကို ရယူမှာ ဖြစ်ပါတယ်။ ထိပ်သီအစည်းအေ၀းတွေကိုတော့ မြန်မာနို်င်ငံမှာ ၂၀၁၄ကျမှ ပြုလုပ်မှာ ဖြစ်ပါတယ်”ဟု နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူ တစ်ဦးက အတည်ပြု ပြောကြားသည်။

လက်ရှိတွင် အာဆီယံ ဆောင်ပုဒ်နှင့် အမှတ်တံဆိပ်ကို မြန်မာနိုင်ငံ၌ စက်တင်ဘာ ၄ရက်က အတည်ပြုလိုက်ပြီဖြစ်သည်ဟု သိရသည်။ မြန်မာက ထုတ်ပြန်ထားသော ဆောင်ပုဒ်မှာ “Moving Forward in Unity Towards a Peaceful and Prosperous Community”ဖြစ်ပြီး မြန်မာဘာသာဖြင့် “ငြိမ်းချမ်း ကြွယ်၀ချမ်းသာသည့် အသိုက်အ၀န်းတစ်ခုဆီသို့ အတူချီတက်ကြပါစို့”ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနက အတည်ပြု ကြေညာထားသည်။

အာဆီယံ အလှည့်ကျ ဥက္ကဌမြန်မာအတွက် အဓိက စိ်န်ခေါ်မှုမှာ တရုတ်နိုင်ငံနှင့် အာဆီယံ လေးနိုင်ငံတို့အကြား ရေပိုင်နက် အငြင်းပွားမှု တင်းမာနေသော ပြဿနာဖြစ်သော်လည်း ယင်းအချက်ကို စိတ်ပူပန်မှုမရှိကြောင်း၊ သမ္မတရုံးနှင့် နီးစပ်သူက ပြောသည်ဟု ဆိုသည်။

“တရုတ်နဲ့ အငြင်းပွားနေတဲ့ ရေပိုင်နက် ပြဿနာအတွက် လိုက်နာရမယ့်အချက်တွေ (Coad of Conducts)တွေကို ကျွန်တော်တို့ အာဆီယံတစ်ဖွဲ့လုံးနဲ့ ၀ိုင်းဆွေးနွေးနေပါတယ်။ တစ်ခုရှိတာက မြန်မာနဲ့ တရုတ်ကြားမှာ နှစ်ပေါင်းကြာရှည်တဲ့ ဆက်ဆံရေး ရှိခဲ့တဲ့အတွက် ဒီပြဿနာကို ဖြေရှင်းတဲ့အခါ အာဆီယံနဲ့ တရုတ်ကြားမှာ ချိန်ခွင်လျှာညှိပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်”ဟု ၄င်းက ပြောသည်။

အာဆီယံ ဥက္ကဌရာထူး ရယူချိန်တွင် မြန်မာပြည်သူတို့ အာဆီယံနှင့် အကျွမ်းတ၀င်ဖြစ်စေရန် လူထု အသိပညာပေး လုပ်ငန်းများကို နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ပြန်ကြားရေး ၀န်ကြီးဌာန တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

အာဆီယံ ဥက္ကဌအဖြစ် ၂၀၁၄ခုနှစ် ဧပြီနှင့်အောက်တိုဘာလတို့တွင် ထိပ်သီးအစည်းအေ၀းကြီး နှစ်ခုအပါအ၀င် ဆက်စပ်အစည်းအေ၀းပေါင်း ခုနှစ်ရာခန့်အား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည် ဖြစ်သည်ဟု သိရသည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအသင်း (MSEAN)သို့ ၁၉၉၇ခုနှစ်တွင် ၀င်ရောက်ခွင့်ရခဲ့ပြီး ၂၀၀၆ခုနှစ်တွင် အလှည့်ကျ ဥက္ကဌရာထူး ရယူရန် အခွင့်အရေးရခဲ့သည်။ သို့ရာတွင် ထိုအချိန်က ဥက္ကဌရာထူး လက်ခံရန် အဆင်သင့် မဖြစ်သေးသည့်အတွက် မြန်မာအစိုးရက ငြင်းပယ်ခဲ့ပြီး ယခုအစိုးရသစ် လက်ထက်တွင်မှ အာဆီယံအပါအ၀င် မိတ်ဖက်နိုင်ငံများ၏ ထောက်ခံမှုနှင့်အတူ ပထမဆုံးအကြိမ် ဥက္ကဌရာထူး ရယူရတော့မည် ဖြစ်သည်။

အာဆီယံ အလှည့်ကျ ဥက္ကဌ ရာထူးရယူချိန်တွင် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား မဟာဗျူဟာ ဆက်ဆံရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေးတို့ကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နန်နင်းမြို့တွင် ကျင်းပခဲ့သော တရုတ်အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအေ၀းတွင် ပြောကြားခဲ့သည်ဟု သိရသည်။

မြန်မာနို်င်ငံသည် တရုတ်နိုင်ငံနှင့် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး တိုးတက်မှုအပေါ် ကျေနပ်အားရကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာပြည်သူများအကြား ယခုထက်ပိုမို ရင်းနှီးစေရန် ပါလီမန် အမတ်များ၊ ပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များနှင့် အခြားသက်ဆိုင်သူများ အကြား ပူးပေါင်းဖလှယ်မှု တိုးမြှင့်သွားရန် လိုအပ်သည်ကို ပြောကြားလိုကြောင်း၊ သမ္မတက ပြောကြားသည်။

အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ)ကို ၁၉၆၇ခုနှစ်၊ သြဂုတ် ၈ရက်တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

One thought on “အာဆီယံ အလှည့်ကျ ဥက္ကဌ ရာထူးကို ဘရှုနိုင်းထိပ်သီး အစည်းအေ၀းတွင် မြန်မာလွှဲပြောင်းယူမည်

Leave a Reply

Your email address will not be published. Required fields are marked *