“ဆရာ FOC လေး လက်မှတ် ထိုးပေးပါ ဆရာ”
“တစ်လက်စတည်း အောက်ဆီဂျင် တောင်းဖို့ပါ ထိုးပေးလိုက်ပါ ဆရာ”
မိမိ လက်ထောက်ဆရာ၀န်ဘ၀ဖြင့် တာ၀န်ထမ်းဆောင်ခဲ့စဉ်က ဖြစ်သည်။
“… အသင်းက ဆင်းရဲနွမ်းပါးသူ လူနာတွေအတွက် ထောက်ပံ့ကြေးပေးတယ်ဆိုလို့ ကူညီပေးပါ ဆရာ”
“အခု လောလောဆယ် ပိုက်ဆံ မပါသေးလို့ အရေးပေါ် ခွဲစိတ်မှုအတွက် ဆေးဆိုင်က နေ့ဆေး ယူသုံးရမှာမို့ ဆရာ Sign ထိုးပေးထားပါ ဆရာ”
လူနာများ၏ အသက်ကို ကယ်ရသော ဆရာ၀န်တစ်ဦး၏ တစ်နေ့တာကား နာမည်ကြီး သရုပ်ဆောင်တစ်ဦး၏ ရှုတင်အ၀င် တစ်မနက်ခင်းအလား လက်မှတ်ပေါင်း များစွာ ထိုးနေရသည်။ ခြားနားသည်က သူတို့ ထိုးရသည်မှာ “အော်တို”။ အောင်မြင်မှု၏ ရလာဒ်တစ်ခု။ အပြုံးမျက်၀န်း၊ ချိုသာသော နှုတ်ခမ်းများမှ သာယာသော နှုတ်ခွန်းဆက်သံများနှင့်အတူ တောင်းဆိုမှု။ ဆရာ၀န်တစ်ယောက် ထိုးရသည်ကား မိမိကို ချည်နှောင်မည့် မိမိ တာ၀န်ယူရမည့် မိမိ ခေါင်းပေါ်အထုပ်နှင့် အထည်နှင့် ကျလာမည့် လက််မှတ်ထိုးခြင်း။ “မထိုးလို့ မရဘူးလား”ဟု မေးလာလျှင် “မရလို့ပေါ့”ဟု ဖြေရမည်သာ။ လုပ်ငန်း လည်ပတ်ရန် (တနည်း) ကျန်းမာရေး စောင့်ရှောက်မှု ယန္တရား ရပ်တန့် မသွားစေရန် ဖြစ်သည်။ ဤစံနစ် ဤအစဉ်အလာများ မည်သည့်အတွက်ကြောင့် ပေါ်ပေါက်လာသနည်း။ မည်သူတို့၌ တာ၀န်ရှိသနည်းဟု မေးရလျှင် အဖြေပေါင်း များစွာရှိမည် ထင်ပါသည်။ အလွယ်တကူ လက်ညိုးထိုး ရိုးစွပ်ပြီး “အစိုးရ”မှာ တာ၀န်ရှိသည်ဟု ဖြေကြမည့်သူ ၉၀% ရှိပေမည်။ မှားသည်ဟု မဆိုနိုင်သော်လည်း ရာခိုင်နှုန်းပြည့် မမှန်ပါ။
နိုင်ငံတော် အစိုးရမှ နှစ်ပေါင်းများစွာမှ စ၍ ယနေ့တိုင်အောင် ဆေးရုံပေါင်း များစွာကို ဆောက်လုပ် ဖွင့်လှစ်ခဲ့ပါသည်။ ထိုဆေးရုံများတွင် တာ၀န်ယူရမည်။ ဆရာ၀န်၊ ဆရာမ၊ သူနာပြု၊ သားဖွားအစရှိသည့် ပညာရှင်များကို မွေးထုတ်နိုင်ရန်အတွက်လည်း တက္ကသိုလ်ပေါင်းများစွာ ဖွင့်လှစ်သင်ကြားပေးနေဆဲ ဖြစ်ပါသည်။ ဆေးရုံ တစ်ရုံအတွင်း ပဏာမ လိုအပ်သော ဆေးပစ္စည်း ကိရိယာများ၊ ပရိဘောဂများနှင့် ခေတ်မီ ဆေးရုံသုံးပစ္စည်းများကိုပါ တစ်ပါတည်း ဖြည့်တင်းပေးပြီး ဖြစ်ပါသည်။ ထိုမျှမက ထိုဆေးရုံများတွင် တာ၀န်ထမ်းဆောင်မည့် ၀န်ထမ်းများအား လစာပေး၍ ခန့်အပ်ပေးထားပြီး ဖြစ်ပါသည်။ နိုင်ငံတော်၏ “အရင်း စိုက်ထုတ်မှု”ကား မနည်းလှပါ။ သို့ဆိုလျှင် “နိုင်ငံတော်”က ဘာမှ လုပ်မပေးလို့ ငါတို့ ပိုက်ဆံကုန်ရတာဟု ပြောကြဦးမည်လော။ ပြောကြပါဦးမည်။
“ဘယ်နိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှုက ဘယ်လို ကောင်းတာ” “ဟိုမှာဆိုရင် ဒီလို မဟုတ်ဘူး” “တစ်ပြားမှ ကုန်စရာ မလိုဘူး၊ အစိုးရက ရှင်းပေးတာ” အစရှိသည့် ပြောသံ ဆိုသံများကို မြန်မာပြည်သူ အများစုက အားကျလိမ့်ပေလိမ့်မည်။ အားကျစရာလည်း ကောင်းပါသည်။ သို့သော် ထပ်တူ မကျသော နှိုင်းယှဉ်မှု နှစ်ခု၏ ကွာဟချက်ကို သဘောပေါက် နားလည်သင့်သည်။ ရေနံဖြင့် အတိုင်းမသိ ကြွယ်၀ချမ်းသာသော နိုင်ငံကြီးတစ်ခုတွင် ဆေးရုံလာတက်လျှင် မိသားတစ်စုလုံးကိုပင် ထမင်း ကျေွးထားသည်။ သားသမီး (၄)ဦးထက် ပိုမွေးနိုင်လျှင် ဘုရင်မင်းမြတ်က ဆုတော်ငွေ ထောက်ပံ့ ချီးမြှင့်သည်။ “ဆေးဖိုး ဝါးခ” မကြားဘူးကြ။ “ဒါ သူတို့ ကံနှင့် သူတို့ပဲ”ဟု မုဒိတာ ပွားရမည်။ ရန်ကုန်မြို့သာသာ အရွယ်ရှိသော ထိုနိုင်ငံ၏ ၀င်ငွေသည် မြန်မာပြည်၏ အဆပေါင်းများစွာ မဟုတ်ပါလော။ သို့သော် ထိုသို့သော နိုင်ငံမျိုး ကမ္ဘာပေါ်တွင် လက်ချိုး ရေနိုင်သည်။
နိုင်ငံအများစုကား ၀င်ငွေခွန် ကောက်ခံသော စံနစ်ဖြင့် ကျန်းမာရေးကဏ္႑ာကို လည်ပတ်ကြသည်။ မိမိတို့ ၀င်ငွေ၏ အဖို့တစ်ခုက မိမိတို့ ကျန်းမာရေးအတွက် ကြိုစုထားသကဲ့သို့ပင်။ လိုအပ်လာလျှင် လိုအပ်သမျှ အစိုးရနှင့် အာမခံ ကုမ္ပဏီက စိုက်ထုတ် ရှင်းသည်။ လူနာမှ စိတ်ပူစရာ မလို။ ထိုနိုင်ငံများတွင် အလုပ် ရှိဖို့ အရေးကြီးသည်။ အလုပ် ရှိလျှင် အာမခံ ရှိသည်။ သို့ဆိုလျှင် ပြောစရာ ရှိလာပါပြီ။ “ဘာကြောင့် ဒီနိုင်ငံမှာရော ဒီလို စံနစ်မျိုး မကျင့်သုံးတာလဲ” “ကောင်းတာကို အတုခိုးရမှာပေါ့” “ဒါလေးတောင် မလုပ်နိုင်ဘူးလား၊ နားမလည်ဘူးလား၊ မသိဘူးလား” အပြစ်ပေါင်းများစွာ တင်၍ လက်ညှိုးပေါင်း များစွာ ထိုးရန်ကား အဆင်သင့်။ “ဘေးထိုင် ဘုပြော” “အယောင်သမားများ” “အဖျက်သမားများ”၏ နှုတ်ဖျားမှ ထွက်လာပေမည်။ နှုတ်တစ်ရာ စာတစ်လုံး၊ ကလောင် လက်နက်ဖြင့် ဖိုက်ကြဦးမည်။ အသံလွှင့်ဌာနများသို့ အော်ဟစ် ပြောဆိုကြဦးမည်။
“ဧည့်သည်တော် သမ္မတကြီး ပြန်သွားတော့ ဘာတွေ ရလိုက်လဲ။ တို့သမ္မတကြီး ဘာတွေ တောင်းလိုက်လဲ” ဒီတစ်ပတ်အတွင်း အမေးများသော မေးခွန်းများ ဖြစ်သည်။ “ရလျှင် ရသလောက် ယူမယ်၊ တောင်းလို့ ရသမျှ တောင်းမယ်”ဆိုသော စိတ်ဓာတ်မျိုး စာရေးသူတို့ နိုင်ငံသား (၈၀)%တွင် ရှိနေသည်။ “အစိုးရ၀န်ထမ်းများ အဂတိ လိုက်စားကြသည်။” ဟု ပြည်သူများ အပြစ်တင်ကြသည်။ ထို၀န်ထမ်းဆိုသူသည် ပြည်သူထဲက ပြည်သူ ဖြစ်သကဲ့သို့ ထိုေ အာ်ဟစ်နေသော ပြည်သူများ ၀န်ထမ်း ဖြစ်သွားလျှင်လည်း ထိုသို့ပင် ဖြစ်လာမည် မဟုတ်လော။ အရေးကြီးသည်ကား “စိတ်ဓာတ်”။ လူတစ်ဦး တစ်ယောက်၊ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်း၏ အစွမ်းဖြင့်တော့ တိုင်းပြည်တစ်ခုလုံးကို ချမ်းသာ တိုးတက်အောင် မစွမ်းဆောင်နိုင်။ ပြည်သူအားလုံး၏ စိတ်ဓာတ်ကို ပြုပြင်နိုင်ရန်သည် အရေးကြီးဆုံးဖြစ်သည်။ နိုင်ငံကြီးသားဟု ခေါ်ေဝါ်သုံးစွဲခံနိုင်ရန် များစွာ ကြိုးစားရမည်။
“ဘူဖေး”ဟု ခေါ်သော မိမိဖာသာ တစ်နိုင် တစ်ပိုင် ဟင်းထည့်၍ စားရသော ထမင်းစားပွဲမျိုးဆိုလျှင် မိမိတု့ိ ပြည်သူများ၏ စိတ်ဓာတ်ကို မြင်ရပါပြီ။ နိုင်ငံကြီးသားများအဖို့ မိမိတို့ စားနိုင်သမျှသာ ကြိုက်နှစ်သက်ရာ ဟင်းမယ်များကို ပန်းကန်အတွင်း ထည့်၍ ယူဆောင်ကြသော်လည်း စာရေးသူတို့ ပြည်သူများကား ဟင်းပွဲ အစုံအစိကို ပန်းကန် ပြည့်မောက်သည်အထိ ယူတတ်ကြသည်။ တစ်ပန်းကန်နှင့် အမယ် မစုံသေးလျှင် နောက်တစ်ပန်းကန် ထပ်၍ ယူတတ်ကြသည်။ ပြီးလျှင် စားနိုင်သည် မဟုတ်ဘဲ အလေအလွှင့် ဖြစ်ကြရသည်။ တိုင်းပြည် တိုးတက်ဖို့အတွက် ထိုစိတ်ဓာတ်များကို ပြင်ဆင်ကြရမည်။
စာရေးသူမှာ ကျန်းမာရေး ၀န်ထမ်းဖြစ်သည်နှင့်အညီ လူနာမျိုးစုံ စရိုက်မျိုးစုံ ကြုံတွေ့ရသည်။ အမှန်တကယ် ဆင်းရဲသော အခက်အခဲရှိသော လူနာများအတွက် ဆေးရုံ၏ ရန်ပုံငွေမှသော်လည်းကောင်း၊ အဖွဲ့အစည်းများမှသော်လည်းကောင်း၊ ထောက်ပံ့ ကုသပေးခြင်းများ ရှိပါသည်။ သို့သော် Hand Phone (ယခုကဲ့သို့ ငါးသိန်း၊ နှစ်သိန်း ဖုန်းများ မပေါ်ခင်က) ခါးမှာ ချိတ်၍လည်း ထောက်ပံ့ကြေး လာတောင်းသူများ ရှိသည်။ လက်ကောက် အထပ်ထပ်နှင့် သူကလည်း “ဘေးက လူနာတောင် ရသေးတာ”ဟူသော ခံယူချက်ဖြင့် လာတောင်းသည်။ တချို့က ပြောသေးသည်။ “ဒါတွေ ငါတို့ မတောင်းရင် ဆရာ၀န်တွေ စားသွားမှာ၊ သိက္ခာကျခံပြီး မတောင်းချင် တောင်းချင်နဲ့ တောင်းရတာ” ဆိုပဲ။ ထိုကဲ့သို့ စိတ်ဓာတ်များ ရှိနေလေတော့ ဘယ်တော့များမှ တစ်တိုင်းပြည်လုံး ချမ်းသာနိုင်မည်လဲ။ တစ်ချို့လူနာများကျတော့ အလကား ရသမျှ ယူလိုသည်။ သိက္ခာ ကျမည်လဲ စိုးရိမ်သည်။ ဆေးရုံရှိ အခြားလူနာများရှေ့တွင်လည်း ကြွားဝါလို၍ ရွေှငွေ Hand phone အစုံ ယူလာသည်။ ပြီးလျှင် “ဆရာရယ် သူတို့က ဆင်းရဲရှာတယ်၊ ကျွန်မနဲ့ ဘာမှ မတော်ဘူး သနားလို့ပါဟု လိမ်သည်။ သမီးရင်းကိုပင် အိမ်ဖော်ဟု ပြောသူများ ရှိသည်။
ဆေးရုံတွင် နှစ်ရက်လောက် နေလိုက်လျှင် အကုန်ပေါ်လာသည်ချည်းပင်။
တစ်ချို့လည်း အမှန်တကယ် ဆင်းရဲ၍ ကူညီရကျိုး နပ်ပါသည်။ တစ်ချို့ချမ်းသာပြီး စိတ်ဓာတ် ပြည့်၀သူများလည်း တတ်နိုင်သလောက် ကူညီ လှူဒါန်းကြပါသည်။ တချို့လည်း ရှိသေးသည်။ “ငါတို့က လက်၀တ်လက်စား မ၀တ်နိုင်လို့ မဟုတ်ဘူး။ ချမ်းသာတာကို ဒီဆရာမတွေ မသိအောင် အိမ်မှာ ချွတ်ထားခဲ့တာဟေ့”ဟု မိန်းမချင်း ကြွားလုံး ထုတ်ကြသည်လည်း ရှိသေးသည်။ ထိုကဲ့သို့ စိတ်ဓာတ်များဖြင့် ပြည်သူများ ရှိနေသရွေ့ ထိုကဲ့သို့ “အခမဲ့” “ထောက်ပံ့ငွေ” ပေးမှုများကို စိစစ် လက်မှတ်ထိုးနေရမည်သာ ဖြစ်သည်။
ထို့ကြောင့်် “စံနစ်” တစ်ခု တည်မြဲ အောင်မြင်ဖို့အတွက် “အစိုးရ” နှင့် မဆို်င်။ ပြည်သူတို့၏ စိတ်ဓာတ်နှင့်သာ ဆိုင်သည်။ ထို့ကြောင့် “စိတ်ဓာတ်” “စိတ်ဓာတ်” ဟူသော ပြုပြင် ပြောင်းလဲမှုသာ ပဓာဏာ အကျဆုံး ဖြစ်သည်။ ကျန်းမာရေးနှင့် ပတ်သက်၍ အာမခံ ထားရှိရန်၊ ပုံမှန် စုငွေ (သို့) အခွန်ငွေ ကောက်ခံသွားရန် စံနစ်တစ်ခု အကောင်အထည် ဖော်သင့်သည်။ သို့မှသာ အရေးပေါ် လိုအပ်လာလျှင် လက်ဗလာဖြင့် ပူပင်စရာ မလိုဘဲ အခက်အခဲမရှိ အကျိုးခံစားနိုင်မည်။
သို့သော် ကြောက်ရသည်က ထိုစိတ်ဓာတ်။ အခွန်ကောက်မည်ဆိုလျှင် ၀င်ငွေကို လိမ်မည်။ အဂတိ လိုက်စားသော အကျင့်ပျက် ၀န်ထမ်းနှင့် ပေါင်းမည်။ အစိုးရဘဏ်သို့ အနည်းငယ်သာ ၀င်မည်။ သို့သော် ပြန်လည် ရရှိမည့် အကျိုး ခံစားခွင့်ကိုကား အဆုံးစွန်ဆုံးအထိ ရအောင်ယူမည်။ တစ်ဆယ်ဖိုး ပေးပြီး တစ်ရာဖိုး ရအောင် ယူဦးမည်။ ထိုသို့သော သူများကား တစ်ဦးတစ်ယောက် မဟုတ်။ တစ်တိုင်းပြည်လုံး ဖြစ်နေလျှင်ကား ထိုစနစ် တည်တ့ံနိုင်ဦးမည်လော။ ကျန်းမာရေး အာမခံ ထားရှိရလျှင် မိမိကိုယ်တိုင် ကျန်းမာနေဦးတော့ ရှုံးသည်ဟု ယူဆပြီး ဘာမှ မဖြစ်ဘဲ ဆေးရုံသို့ ပြမည် ဆေးတောင်းမည်။ (ဓာတ်ရောင်ခြည် သင့်မည်ကိုပင် မကြောက်ဘဲ) တန်အောင် ဓာတ်မှန် အရိုက်ခံဦးမည်။ “ဟူး… မလွယ်ပါလား”
ထို့အပြင် Consumers ဘက်တွင် သာမက Providers, Suppliers များသည်ကော “ဘာသားနှင့် ထုထားလို့လဲ”ဟု မေးနိုင်ပါသည်။ “…..” အသင်းမှ အမျိုးသမီး တစ်ဦး၏ (၁၈)နှစ်အရွယ် သမီးအား ဆေးကုပေးစဉ်က ဖြစ်သည်။ “ရောဂါကြီးကြီးမားမား မရှိပါဘူး။ ဒီအရွယ်က ဒီလိုပဲ၊ သွေးအားလေး နည်းနေလို့ အားဆေး မှန်မှန် သောက်၊ အာဟာရ ရှိတာစား၊ ၀၀လင်လင် အိပ်ရရင် ကောင်းသွားမှာပါ”ဟု ပြောမိတော့ ထိုအမျိုးသမီးက “အားဆေးကတော့ မပူနဲ့ ဆရာရေ၊ ရပ်ကွက်ထဲက မိန်းကလေးတွေ ေ၀ဖို့ သံဓာတ်အားဆေးနဲ့ ဗိုက်တာမင်အေတွေ အိမ်မှာ ယူထားတာ အများကြီး ရှိတယ်”ဟုပင် ပြန်ပြောသည်။ စာရေးသူ မျက်လုံးပြူးသွားမည်။ TV ထဲ၊ သတင်းစာထဲ၊ ဂျာနယ်ထဲတွင် လူမှုရေး ကျန်းမာရေးလုပ်ငန်းများကို ပေါ်လွင်အောင် လုပ်နေသော အသင်းကြီး၏ အဖွဲ့၀င် တစ်ဦးက “အိမ်မှာ ဆေးတွေ ယူထားတာ အများကြီးရှိတယ်”ဟု ဆိုလေတော့ Target Population ဦးတည်ရာ ပြည်သူများဆီ ဘယ်နှပုံ ရောက်မည်နည်း။
တစ်ဆင့်ပြတ် တဆင့်ခံနှင့် တစ်စက် နှစ်စက် ရောက်လျှင်ပင် ကံကောင်း၊ ခေါက်ရိုး ကျိုးနေသော စာရေးသူတို့ ပြည်သူပြည်သားများကား တင်းတိမ်မှုဟူသည် ေ၀းစွ။
အနန္တလောဘသားများသည် မြူမှုန်မျှ ရှိသော အင်အားများတော့ ရှိသည်။ “၀ိရိယနှင့် မုဒိတာ” နည်းပါး ခေါင်းပါးလှသည်။
ပြည်သူများအတွက် အခမဲ့ ဖြန့်ေ၀ခြင်း၊ အခွင့်အရေးပေးခြင်းများကို ဆောင်ရွက် ဖြန့်ဖြူးပေးသည်ဆိုပါက ထိုဖြန့်ဖြူးပေးသူတို့ အားလုံး ထိုအခွင့်အရေးကို ဦးစွာ ယူကြသည်။ ဒီတစ်ခါပြီးလို့ နောက်တစ်ခုပေးလျှင်လည်း အိတ်ထဲအရင် ထည့်ကြသည်။ “ဘူဖေး” ဟူသကဲ့သို့ပင်။ အိမ်မှာ ပိုလျှံပြီး အလဟဿ ဖြစ်လျှင်လည်း ဂရုမစိုက် ယူဦးမည်။ မရသေးသော အရင်တစ်ခါ မရလိုက်သူများကို ဦးစားပေးမည် မရှိ။
“ရတုန်း ယူထားလိုက် နောက်ကျသွားရင်လေ…” ဟူသော သီချင်းစာသားလေးကို ကြားယောင်မိသည်။ မည်သို့မျှ မသက်ဆိုင်ပါ။ သို့သော်…
“ဆေးရုံတွေက ညစ်ပတ် စုတ်ပြတ်နေလို့ …” အော်ကြ ဟစ်ကြသည်။ သို့သော် ထိုသို့ ညစ်ပတ်အောင် မည်သူတွေ လုပ်ခဲ့သနည်း။ “ကွမ်းမစားရ” “ကွမ်းတံထွေး မထွေးရ” “အိမ်သာတွင်သာ အညစ်အကြေး စွန့်ပါ” ထိုဆိုင်းဘုတ်များကား မည်သူတွေကို ရည်ညွှန်းပါသနည်း။ တစ်ဦးတစ်ယောက်ချင်းက ကောင်းသော စိတ်ဓာတ်ဖြင့် “နိုင်ငံကြီးသား ပီသ”လျှင် ညစ်ပတ်စရာအကြောင်း မရှိပါ။ “လက်ညှိုး တစ်ချောင်းကို သူများဘက် ထိုးရင် ကိုယ့်ဘက်ကို လေးချောင်း ပြန်ထိုးပြီးသား ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့”ဟု ဆိုထားသကဲ့သို့ပင် အပြစ်ပြော အပုပ်ချတတ်သော သူများ၏ တာ၀န်သာ ဖြစ်လိမ့်မည်။ “အတိုက်အခံ ရှိလျှင် အကျိုးရှိသည်” မှန်ပါသည်။
သို့သော်…
ထို့ကြောင့် ခေတ်မီဖွ့ံဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီသို့ မောင်းနှင်နေသော ယာဉ်တန်းကြီးပေါ် စာရေးသူတို့ လိုက်ပါ စီးနင်းခွင့် ရနေပါပြီ။ ချောချောမွေ့မွေ့ဖြင့် ပန်းတိုင် ရောက်သည်အထိ “စိတ်ဓာတ်ကောင်း” ဖြင့် လိုက်ပါ စီးနင်းရန်သာ လိုသည်။ နောက်လိုက် မကောင်းလျှင် ခေါင်းဆောင် ဒုက္ခရောက်မည်။ ခရီးသည် ဒုက္ခပေးလျှင် ယာဉ်မောင်း ပြဿနာတက်မည်။ ခရီး ကြန့်ကြာမည်။ ရှေ့တွင် မမျှော်မှန်းနိုင်သော အခက်အခဲ အချိုးအကွေ့များ ရှိဦးမည်။
ယာဉ်မောင်းက သူ့တာ၀န်သူ ကျေပွန်အောင် ထမ်းဆောင်နေသလို ခရီးသည်ကလည်း စည်းကမ်းတကျ လိုက်နာလိုက်ပါရမည်။ “လွယ်လွယ်လေးပါကွာ”ဟု ယူဆနိုင်ပါသည်။ မိမိစိတ်ကို စတင်၍ ဆန်းစစ်ေ၀ဖန် ကြည့်နိုင်ပါသည်။ ပြင်စရာရှိလျှင် ပြင်ကြရမည်။ “ငါ့ဖို့” ဟူသော “ငါ” စွဲ၊ အတ္တစွဲများ လျော့ပါးအောင် ထိန်းသိမ်းနိုင်လျှင် တရားထူးထောင် ရဦးမည်။ “ရသလောက် ယူမယ်၊ ရတုန်းလေး ယူထားမယ်” “တန်အောင်တော့ ယူလိုက်ဦးမယ်”ဟု ဆိုလျှင်တော့ “နိုင်ငံခြားမှာဆို…”ဟုသာ အမြဲတသသ ပြောနေရပြီး မိမိနိုင်ငံနှင့် အမြဲခြားနားနေမည်သာ ဖြစ်ပါသည်ဟု ရေးသားလိုက်ရသည်။