Gaming

Monsters University 3D Animation

Genre –  Comedy, Adventure
Studio – Pixar Animation Studio
Score – 4 out of 5

Monsters University 3D Animationရုပ်ရှင် ဇာတ်ကားသစ်ဟာ 2006ကနေ စတင်ပြီး 2013အထိ နှစ်စဉ်နှစ်တိုင်း ထွက်ရှိလာတဲ့ Pixar Animation Studioရဲ့ ရုပ်ရှင်ဇာတ်ကားသစ် ဖြစ်ပါတယ်။ Pixar ဟာ 1995ခုနှစ် ကစတင်ပြီး Toy Story Animation ရုပ်ရှင်ကို ဖြန့်ချီခဲ့ပြီးနောက် ပရိသတ်နှင့် ရုပ်ရှင် criticsများလည်း သဘောကျသလို ရုံဝင်ငွေ အကောင်းဆုံးရုပ်ရှင်တွေ အဖြစ် အမြဲတမ်း စံချိန်တင်နိုင်မည့် ဇာတ်ကားတွေကိုသာ ထုတ်လုပ်ခဲ့လေ့ရှိပြီး အစပိုင်းမှာတော့ နှစ်စဉ်ရုပ်ရှင်တွေ မဖြန့်ချိဖြစ်ပေမယ့် 2006ခုနှစ်က Carsရုပ်ရှင်ကစပြီး တစ်နှစ်ကို 3D Animation ရုပ်ရုင် တစ်ကားဖြင့် ပြသခဲ့ပြီး ဒီနှစ်ထွက်ရှိလာတဲ့ Monsters Universityကတော့ 2001က Monsters Inc.ဇာတ်လမ်းကို နောက်ကြောင်းပြန်ထားတဲ့ prequelရုပ်ရှင်ဖြစ်ပြီး Pixar Animation Studioရဲ့ ပထမဆုံးသော prequelဇာတ်ကားလည်း ဖြစ်ပါတယ်။ Monsters Universityရုပ်ရှင်မှာ နာမည်အကျော်ဆုံး Scare teamဖြစ်တဲ့ James P. Sullivanနှင့်သူ့ရဲ့နည်းပြနှင့် လက်ထောက်ဖြစ်သူ Mike Wazowskiတို့၏ ကျောင်းသားဘဝအချိန်က စွန့်စားခန်းများကို မြင်တွေ့ရမှာပါ။

Monstersဇာတ်လမ်းတွေ နေရာယူထားတဲ့ ကမ္ဘာဟာ လူသားများ နေထိုင်ရာလောကသို့ တံခါးပေါက်ပုံစံ portalများဖြင့် သွားလာနိုင်ပြီး Monstersတွေရဲ့ နေ့စဉ်လိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်စွမ်းအင်ပုံစံ (energy source)တွေကတော့ လူသားကလေးငယ်များရဲ့ အော်သံတွေကို စုဆောင်းပြီး အသုံးချရတာကို စိတ်ဝင်စားဖွယ် ဇာတ်လမ်း ဆင်ထားပါတယ်။ Monstersတွေအနေနှင့် လူကြီးတွေကို ခြောက်လှန့်မယ်ဆိုရင် မိမိတို့အကြောင်းကို လူသားများ သိရှိသွားမှာ စိုးရိမ်လို့ အရွယ်မရောက်သေးတဲ့ ကလေးတွေကို ညဘက်အိပ်ချိန်မှာ ခြောက်လှန့်ရတာဖြစ်ပြီး မျက်လုံး တစ်လုံးထဲရှိတဲ့ အစိမ်းရောင် monsterလေး Mikeဟာ ငယ်စဉ်ကျောင်းသားဘဝ ကတည်းက Monsters Inc.ကို သွားရောက်လည်ပတ်ပြီးချိန်မှာ ခြောက်လှန့်ပြီး စွမ်းအင်ရှာဖွေတဲ့ Scarer တစ်ယောက် ဖြစ်ချင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ Mikeဟာ အရွယ်ရောက်ချိန်မှာ Monsters Universityသို့ တက်ရောက်ပြီး Scare Programကျောင်းသားအဖြစ် ဝင်ရောက်သင်ကြားချိန်မှာ ကြောက်စရာကောင်းလို့ နာမည်ကျော်တဲ့ Sullivan မျိုးနွယ်ဝင်တစ်ရောက်ဖြစ်တဲ့ James Sullivan နှင့်စတင် တွေ့ဆုံခဲ့ပါတယ်။ ပထမ Monsters Inc.တုန်းက Sullivanကို ပိုအသားပေး ထားပေမည့် ခု Monsters Universityမှာတော့ ကြောက်စရာကောင်းဖို့က အဓိကဖြစ်တဲ့ Scare Programမှာ Mike ဟာ ကလေးတွေ ကြောက်အောင်ခြောက်ဖို့ စာတွေ့ပိုင်းပဲ ထူးချွန်ပြီး သူ့ပုံစံက ကြောက်ဖို့ မကောင်းတဲ့အတွက် အခက်အခဲမျိုးစုံ ကြုံတွေ့ရပုံကို အဓိကဇာတ်လမ်း ဆင်ထားတာကို တွေ့ရပါတယ်။

Animationပရိသတ် အားလုံးနီးပါး အနေနှင့် Monsters Incကို ကြည့်ဖူးလောက်ပြီ ဖြစ်ပေမယ့် အရင်ထွက်ထားတဲ့ ဇာတ်လမ်းမကြည့်ဘူးရင်တော့ Monsters Universityကို prequelပုံစံ မဟုတ်ဘဲ သီးသန့် stand-alone movieတစ်ခုအနေနှင့် ကြည့်မယ်ဆိုရင်တောင် အဆင်ပြေပါတယ်။ Pixarရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းကို ရှေ့တမ်းတင်ထားတာ ဖြစ်သလို ကျောင်းအတွင်းမှာပဲ အဓိက နေရာယူထားလို့ အခြား Pixar Animation ရုပ်ရှင်တွေလောက် မသွက်လက်ပေမယ့် Scare Program တစ်ခုတည်း မဟုတ်ဘဲ အခြား Monstersတွေနှင့် ပတ်သက်တဲ့ ပညာရပ်တွေ သင်ကြားတဲ့ Monsters Universityအတွင်းက ဇာတ်ကောင်မျိုးစုံနှင့် အဓိက ဇာတ်ကောင်တွေကြား စကားပြောခန်းတွေ၊ အစပိုင်းမှာ မတဲ့ကြတဲ့ Mikeနှင့်  Sullyတို့ရဲ့ ဇာတ်ဝင်ခန်းတွေကြောင့် ရှေ့က Animated Shorts လေးနှင့် ပေါင်းလိုက်ရင် 2 နာရီနီးပါး ကြာမြင့်ပေမယ့် ကြားထဲမှာအီသွားတာ ပျင်းသွားတာ လုံးဝမရှိတာကို တွေ့ရမှာပါ။

Monsters Inc.ကိုကြည့်ဖူးရင် Mikeဟာ သူဖြစ်ချင်တဲ့ Sတစ်ယောက် မဖြစ်ခဲ့ရဘဲ Sullyရဲ့ နည်းပြတစ်ယောက်အဖြစ် Monsters Inc.မှာဝင်ရောက် လုပ်ကိုင်မှာကို အားလုံးကြိုသိပြီး ဖြစ်ပေမယ့် မိမိငယ်စဉ်က ဖြစ်ချင်တဲ့အရာတိုင်း လက်တွေ့အကောင်အထည် မဖော်နိုင်ရင်တောင် ဘဝမှာ ပျော်ရွှင်နိုင်တယ် ဆိုတဲ့အချက်ကို မိသားစုဖျော်ဖြေရေး ဇာတ်ကားတစ်ခုအတွင်း သင်ခန်းစာ ထည့်ထားပေးနိုင်တာက သဘောကျဖို့ကောင်းပါတယ်။ နည်းပညာပိုင်းအနေနှင့် Global Illumination Techniqueလို့ခေါ်တဲ့ အဆင့်မြင့် lightingနှင့်အလင်းပြန်မှုတွေကို ထည့်သွင်းထားလို့ သဘာဝအကျဆုံးနှင့် Animation quality အကောင်းဆုံး ဇာတ်ကားတစ်ခု ဖြစ်တာတွေ့ရသလို ရောင်စုံ monstersလေးတွေကို 3D effectနှင့် ကြည့်ရတာကလည်း လူကြီး လူငယ်အားလုံး သဘောကျစေမည့် အချက်ပါ။ Monsters Univeristyဟာ Pixar Animation Studioရဲ့ A Bug’s Life၊ Finding Nemoနှင့် The Incrediblesတို့လောက် ဇာတ်လမ်းအရမ်းသွက်အောင် မလုပ်ထားဘဲ Mikeနှင့် Sullyတို့ရဲ့ Monsters Universityမှ စိတ်လှုပ်ရှားစရာ  ကျောင်းသားဘဝကို ပျော်ဖို့ကောင်းအောင် ရေးဆွဲထားနိုင်တာ တွေ့ရပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *