News

Miss Grand International ပြိုင်ပွဲဝင်ရန် ထားထက်ထက် ဘန်ကောက်သို့ထွက်ခွာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်နိုဝင်ဘာ ၃ရက်မှ ၁၉ ရက်အထိကျင်းပမည့် Miss Grand International ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံကိုယ်စားပြုမယ်ထားထက်ထက်သည် နိုဝင်ဘာ ၃ ရက်နံနက် ၁၀ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ထွက်ခွာသွားပြီဟု သိရသည်။

ထားထက်ထက်အနေဖြင့် ပြိုင်ပွဲဝင်ရန် ဗဟုသုတအပိုင်းနှင့် လေ့ကျင့်မှုအပိုင်းကို အသေးစိတ်ပြင်ဆင်ထားပြီးဖြစ်သောကြောင့် ယုံကြည်မှုအပြည့်အဝရှိနေကြောင်းနှင့် မြန်မာအမျိုးသမီးများ၏ ထူးချွန်ထက်မြက်မှုကို နိုင်ငံတကာက အသိအမှတ်ပြုလာနိုင်စေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း လေဆိပ်မှမထွက်ခွာမီတွင် မီဒီယာများအား ပြောကြားခဲ့သည်။

“အဓိကအနေနဲ့ ပြိုင်ပွဲရဲ့ခေါင်းစဉ်နဲ့အညီ ငြိမ်းချမ်းရေးကိုဖော်ဆောင်တာတွေလုပ်သွားမယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ကမ္ဘာတဝန်းလုံးက အသိအမှတ်ပြုခံထားရတဲ့သူဖြစ်လို့ သူ့အကြောင်းတွေကိုလည်း အများကြီးလေ့လာထားပါတယ်” ဟု၎င်းကပြောသည်။

ယခင်ကကျွမ်းဘားအားကစားမယ်အဖြစ် ဆီးဂိမ်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ အသက် ၂၄နှစ်အရွယ်ရှိ ထားထက်ထက်သည် ပရဟိတလုပ်ငန်းများကို စိတ်ပါဝင်စားစွာ လုပ်ကိုင်နေသူတစ်ဉီးဖြစ်ပြီး Miss Grand International ပြိုင်ပွဲတွင် Miss Popular ဆုအတွက် ထိပ်ဆုံးမှရေပန်းစားနေရာ အဆိုပါဆုကိုရရှိပါက ဖေါင်ဒေးရှင်းတစ်ခုထူထောင်၍ ပရဟိတလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြိုင်ပွဲမှာ Talent အနေနဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ Heal The World သီချင်းကိုစောင်းနဲ့တီးမယ်။ ကျွမ်းဘားအလှပြမယ်။ ညစာစားပွဲတွေမှာ တီးခွင့်ရမယ်ဆိုရင်တော့ မြန်မာသီချင်းတွေတီးသွားမယ်” ဟုသူမ၏ပြိုင်ပွဲအတွက် ပြင်ဆင်ထားမှုကိုပြောပြသည်။

ပြိုင်ပွဲအတွက်ရိုးရာဝတ်စုံအနေဖြင့် အင်းဝခေတ်ဝတ်စုံနှင့် မလ္လိကာတန်ဆာဝတ်စုံတို့ကို စီစဉ်ထားပြီး ရေကူးဝတ်စုံဖြင့်ယှဉ်ပြိုင်သည့်အခါတွင်လည်း ယုံကြည်မှုရှိစွာဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ပြိုင်ပွဲကာလသုံးပတ်အတွင်း ဆုများရရှိရန်အကောင်းဆုံး ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ပရိသတ်များအနေဖြင့်လည်းအပြည့်အဝ အားပေးမည်ဟု ယုံကြည်မိကြောင်းနှင့် မြန်မာနိုင်ငံ၏ ပုံရိပ်ကိုမြှင့်တင်နိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ကတိပေးပြောကြားခဲ့သည်ဟု သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *