News

ကချင်ဝတ်စုံဖြင့် ထားထက်ထက် အမြင်ဆန်းနေ၍ လူကြိုက်အများဆုံးဖြစ်

နိုဝင်ဘာ ၅ ရက် ကဘန်ကောက်တွင် ပြုလုပ်ခဲ့သော Chairty ရှိုးပွဲ၌ မြန်မာကိုယ်စားပြုမယ် ထားထက်ထက်ဝတ်ဆင်ခဲ့သော ကချင်ဝတ်စုံက အမြင်ဆန်းနေသောကြောင့် ပွဲ၏လူကြိုက်အများဆုံးဝတ်စုံဖြစ်ခဲ့သည့်အပြင် မီဒီယာသမားများ၏ စိတ်ဝင်စားမှုအထူးခံခဲ့ရကြောင်း နိုဝင်ဘာ ၇ ရက်တွင် Miss Grand  မြန်မာအဖွဲ့အစည်းတည်ထောင်သူ အမှုဆောင်အရာရှိချုပ်ကို ဝေယံအောင်က စံတော်ချိန်သို့ပြောသည်ဟုဆိုသည်။

အဆိုပါပွဲ၏ ပြိုင်ပွဲဝင်များနှင့် မီဒီယာတွေ့ဆုံပွဲတွင် နိုင်ငံကိုယ်စားပြုမယ်အများကြားမှ မြန်မာမယ် ထားထက်ထက်အား မီဒီယာများက အင်တာဗျူးပြုလုပ်မှုများခဲ့ပြီး တက်ရောက်လာသောပရိသတ်များထဲမှ ဓါတ်ပုံတွဲရိုက်မှု အလွန်များပြားခဲ့ကြောင်း သိရသည်။

“ဒီပွဲမှာ ကချင်ဝတ်စုံလေးဝတ်ဖြစ်သွားတာကလည်း ဆန်းသွားတာပေါ့လေ။ နောက်ပွဲတွေမှာလည်း မြန်မာဝတ်စုံကိုပဲ အခါအခွင့်သင့်ရင်သင့်လို မရိုးအောင်လို့တစ်မျိုးပြီးတစ်မျိုး ဝတ်သွားမှာပါ။ မြန်မာဆိုတာနဲ့ ဝတ်စုံနဲ့လူနဲ့တွဲပြီး သိတဲ့ပုံစံမျိုးဖြစ်အောင် ကြိုးစားသွားပါ့မယ်။ အခုဒီပွဲမှာလည်း မီဒီယာတွေအလယ်မှာ မယ်တွေအများကြီးရပ်နေတာတောင် မြန်မာ၊ ဘားမား ဆိုပြီး သီးသန့်ခေါ်ပြီး အင်တာဗျူးတွေလာလုပ်ကြတယ်။ နောက်ပြီးဓါတ်ပုံတွေတွဲရိုက်ကြတယ်။ ကချင်ဝတ်စုံလေးနဲ့ ထားထက်ထက်ရုပ်ရည်ကို သဘောကျကြတယ်။ မုန့်ကုမ္ပဏီတစ်ခုကဆို ထားထက်ထက်တစ်ယောက်ထဲကိုပဲ မုန့်ထုပ်လေးပေးပြီး သူတို့မုန့်ထုပ်နဲ့ ဓါတ်ပုံရိုက်သွားတယ်။ မြန်မာနိုင်ငံအကြောင်းကို Golden Land Myanmar ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ရှင်းပြခွင့်ရခဲ့တယ်” ဟု ကိုဝေယံအောင်ကပြောသည်။

မြန်မာနိုင်ငံကိုယ်စားပြုမယ် ထားထက်ထက်နှင့် အလှမယ်များသည် နိုဝင်ဘာ ၈ ရက် ညနေ ၆ နာရီတွင် ရိုးရာဝတ်စုံ ပြိုင်ပွဲကျင်းပမည့် ချင်းမိုင်မြို့သို့ နိုဝင်ဘာ ၇ ရက်၌ သွားရောက်ခဲ့ကြပြီး ချင်းမိုင်တွင် သုံးရက်ကြာမည် ဟုဆိုသည်။ အလှမယ်များသည် နိုဝင်ဘာ ၆ ရက်က ဘန်ကောက်မြို့၏ အထင်ကရနေရာများကိုလည်း လည်ပတ်ခဲ့ကြကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *