News

နိုင်ငံကျော် ကာတွန်းဆရာကြီးဦးဘဂျမ်းအား ဂုဏ်ပြုပြီး ဆီးဂိမ်းဂုဏ်ပြု ကာတွန်းပြိုင်ပွဲကြီး ကျင်းပမည်

နိုင်ငံကျော် ကာတွန်းဆရာကြီး ဦးဘဂျမ်းအား အကြိမ်(၇၀) မြောက်ဂုဏ်ပြုခြင်းနှင့် မြန်မာနိုင်ငံတွင် နှစ်ပေါင်း၄၀ ကျော်မှပြန်လည်ကျင်းပခွင့်ရသည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းကိုဂုဏ်ပြု ကြိုဆိုကာ မျိုးဆက်သစ် ကာတွန်းပြိုင် ပွဲကြီးကိုနို၀င်ဘာ ၁၅ရက်မှ၁၈ရက် အထိရန်ကုန်မြို့ လမ်းမတော် (၁၃)လမ်း (အောက်) ကာတွန်း ဦးဘဂျမ်း လမ်း၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ကာတွန်းပညာရှင်များအပြင်အသက် (၁၅)နှစ်အထက်မည်သည့် ကာတွန်းဝါသနာရှင်မဆို ၀င်ရောက် ယှဉ်ပြိုင်နိုင်ပြီး (၁၀” × ၁၅”) ရှိ စက္ကူပေါ်တွင် မိမိတို့ကြိုက်နှစ်သက်ရာ Median (ခဲ၊ ရေဆေး ၊ ဆီဆေး) စသည် တို့ဖြင့် ပြိုင်ပွဲဝင်တစ်ဦးလျှင် ကာတွန်းပုံ  သုံးပုံရေးဆွဲ ယှဉ်ပြိုင် ရမည်ဖြစ်သည်။

ပြိုင်ပွဲ၀င်ကာတွန်းပုံစာများသည် မိမိကိုယ်တိုင် ရေးဆွဲထားသည့်  လက်ရာများဖြစ်ရမည်ဖြစ်ပြီး ကွန်ပျူတာဖြင့် ဖန်တီးထားသည့် ကာတွန်းပုံ မဖြစ်စေရ၊အခြားမည်သည့် နေရာတွင်မှ အသုံးပြု ဖေါ်ပြထားခြင်း မပြုရသေး သည့် ပုံများဖြစ်ရမည်ဟုဆိုသည်။ပြိုင်ပွဲ၀င်များ အနေဖြင့် မိမိရေးဆွဲသောကာတွန်းစာမူ ပုံစံများကို ကိုယ်တိုင်ရေးဆွဲကြောင်း ၀န်ခံကတိပြုချက်၊ ကလောင်အမည်၊မိမိနာမည်နှင့် နိုင်ငံသား စီစစ်ရေး ကတ်အမှတ်၊ ဆက်သွယ်ရန် လိပ်စာ အပြည့်အစုံ၊ ဖုန်းနံပါတ်တို့နှင့်အတူ ကာတွန်း စာမူပုံစံများကိုနို၀င်ဘာ ၈ ရက်ညနေ ၅ နာရီ နောက်ဆုံးထားပြီး ဦးသန်း၀င်း အမှတ် (၂၂)၊ ပထမထပ်၊ လမ်းမတော် (၁၃) လမ်း (အောက်)၊ အမှတ် (၆) ရပ်ကွက်၊ လမ်းမတော်မြို့နယ်ရန်ကုန် မြို့သို့လိပ်မူပေးပို့ နိုင်သည်ဟု သိရသည်။

ပြိုင်ပွဲတွင် ရွေးချယ်ခံရပါက ပထမဆု ကျပ်သုံးသိန်း၊ ဒုတိယဆုကျပ်နှစ်သိန်းခွဲ၊ တတိယဆု ကျပ်နှစ်သိန်း၊ စတုတ္ထ ဆုကျပ်တစ်သိန်းခွဲနှင့် ပဉ္စမဆု ကျပ်တစ်သိန်းတို့ကို ကြေညာ၍ ဆုချီးမြှင့်ပွဲ ကျင်းပကာ ပေးအပ်သွားမည်ဟုသိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *