အမေရိကန်အခြေစိုက် နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သော Intelသည် မြန်မာ့ဈေးကွက်သို့ တရားဝင် ဝင်ရောက်လာတော့မည် ဖြစ်ကြောင်း သိရသည်။ Intel၏ မဟာဗျူဟာ ချမှတ်ရေး အကြီးအကဲ Chris Thomasသည် မြန်မာနိုင်ငံ၏ အိုင်စီတီ ပညာရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူများနှင့် ဧပြီလ ၂၉ရက်နေ့တွင် MICT Parkတွင် တွေ့ဆုံမည် ဖြစ်သည်။မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္႑သည် ၂၀၁၄ ခုနှစ်တွင် ပိုမို ကျယ်ပြန့်လာ မည်ဖြစ်ရာ နာမည်ကျော် နည်းပညာကုမ္ပဏီများ လာရောက် လေ့လာမှု များပြား လာပြီးနောက် Intelကလည်း ပြည်တွင်း ဈေးကွက်သို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
ကမ္ဘာကျော် နည်းပညာကုမ္ပဏီများဖြစ်သော Cisco, Microsoft, Intel, Googleနှင့် HPတို့သည် မြန်မာနိုင်ငံ၏ အိုင်စီတီကဏ္႑တွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် အမေရိကန် နိုင်ငံတကာဖံွ့ဖြိုးမှု အေဂျင်စီ (USAID)မှ ကြီးမှုး၍ ဖေဖော်ဝါရီလ ၂၆ရက်နေ့က လေ့လာရေးခရီး လာရောက်ခဲ့ဖူးပြီး မတ်လ ၂ရက်နေ့ကလည်း USAID အကြီးအကဲ ဒေါက်တာ ရှား(ရ်) လာရောက်၍ ပြည်တွင်းရှိ အိုင်တီ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ဖူးပါသည်။ ယခုလက်ရှိတွင် Intel၏ ပြည်တွင်း ဖြန့်ဖြူးရောင်းချသူအဖြစ် KMDမှ ရရှိထားပြီး Intelမှ ထုတ်လုပ်သော CPUs/ Motherboardများကို ပြည်တွင်း၌ ဖြန့်ဖြူး ရောင်းချလျက် ရှိကြောင်း သိရသည်။