Education, Lifestyle, News

ဗြိတိသျှကောင်စီ၏ အခမဲ့ online အင်္ဂလိပ်ဘာသာသင်တန်း တက်ရန် စာရင်းပေးနိုင်ပြီ

ဗြိတိသျှကောင်စီ၏ အခမဲ့ online အင်္ဂလိပ်ဘာသာသင်တန်း တက်ရန်စာရင်းပေးနိုင်ပြီ

ဗြိတိသျှကောင်စီမှ “Exploring English: Language and Culture – အင်္ဂလိပ်ဘာသာ စူးစမ်းလေ့လာခြင်း၊ ဘာသာစကားနှင့် ယဉ်ကျေးမှု” ဟု အမည်ပေးထားသော အင်တာနက်ပေါ်မှ အခမဲ့သင်ကြားပေးမည့် အင်္ဂလိပ်ဘာသာသင်တန်း တစ်ရပ်ကို စက်တင်ဘာလ (၁) ရက်နေ့မှစ၍ ယူကေနိုင်ငံ၏ အခမဲ့အွန်လိုင်းသင်တန်းများပေါင်းစည်းထားသည့် FutureLearn ဝက်ဗ်ဆိုက်မှတစ်ဆင့် အခမဲ့ တက်ရောက်နိုင်ပြီဖြစ်ကြောင်းသိရပါသည်။ အင်္ဂလိပ်စာလေ့လာလိုက်စားသူများအတွက် ရည်ရွယ်ထားသော ဤသင်တန်းသည် တက်ရောက်သူများ၏ အင်္ဂလိပ်စာအရည်အချင်း ပိုမိုတိုးတက်လာစေရန် ဗြိတိသျှယဉ်ကျေးမှုကို အခြေခံပြီး အင်္ဂလိပ်ဘာသာအသုံးအစွဲများကို သင်ကြားပေးမည် ဖြစ်ပါသည်။

ရက်သတ္တ ခြောက်ပါတ်ကြာမည့် ဤသင်တန်းတွင် ကမ္ဘာသုံးအင်္ဂလိပ်စာ၊ သဘာဝပတ်ဝန်းကျင်၊ စီးပွါးရေး၊ စာပေနှင့် အနုပညာစသည့် ကဏ္ဍစုံပါဝင်သော ဗီဒီယိုအတိုကလေးများစွာ ပါဝင်ပါသည်။ ယူကေတွင် ရိုက်ကူးထားသော အဆိုပါ ဗီဒီယိုများကို ကြည့်ရှုပြီး လက်တွေ့ပြောဆိုသော အင်္ဂလိပ်စကားနမူနာများကို နားထောင်ခြင်းဖြင့် သင်ကြားသူများ၏ အကြားစွမ်းရည်ကို တိုးတက်စေပါသည်။ ဗြိတိသျှကောင်စီမှ အတွေ့အကြုံရင့်ကျက်သော ဆရာများက ဗီဒီယိုထဲတွင် သုံးသွားသော စကားအသုံးအနှုန်းများကို ခွဲခြမ်းစိတ်ဖြာလေ့လာပြီး စကားပြောနှင့် အရေးအသား စွမ်းရည်ကို တိုးတက်ရန် အထောက်အကူဖြစ်စေသည့် အရေးကြီးပြီး အသုံးဝင်သော အစိတ်အပိုင်းများကို ရှင်းလင်းပို့ချပေးမည် ဖြစ်ပါသည်။

အဆိုပါသင်တန်းကို PC နှင့် laptop များဖြင့်သာမက tablet နှင့် မိုဘိုင်းလ်ဖုံးများဖြင့်လည်း လွယ်ကူစွာအသုံးပြုနိုင်ပြီး ဗီဒီယိုကြည့်ရှူရန် အင်တာနက်နှေးကွေးနေပါက ဗီဒီယိုပါအကြောင်းအရာအားလုံးကို pdf ဖိုင်ဖြင့် download ရယူသိမ်းဆည်းဖတ်ရှူ နိုင်သောကြောင့် မြန်မာနိုင်ငံမှတက်ရောက်သူများ အခက်အခဲမရှိနိုင်ကြောင်း ဗြိတိသျှကောင်စီ၏ အင်္ဂလိပ်ဘာသာသင်ကြားရေးဌာန ညွှန်ကြားရေးမှူး Ginny Rowlands ကပြောကြားပါသည်။

ဤသင်တန်းမှ သင်ခန်းစာများသည် မည်သည့် သင်ရိုးညွှန်းတမ်းတစ်ခုကိုမှ မူတည်၍ တည်ဆောက်ထားခြင်းမရှိဘဲ မိခင်ဘာသာအဖြစ် သဘာဝအတိုင်းသုံးသော အင်္ဂလိပ်စကားကိုသာ အခြေပြုတည်ဆောက်ထားပါသည်။ ဉာဏ်စမ်းမေးခွန်းတိုများ၊ ဆွေးနွေးခန်းများကို သင်တန်းတစ်လျှောက်တွင် သင်ယူသူများ၏ နားလည်မှုကို ဆန်းစစ်ရန်နှင့် အင်္ဂလိပ်စကားပြောလေ့ကျင့်ရန် ထည့်သွင်းပေးထားပါသည်။ သင်တန်းအပတ်စဉ်တစ်ခုပြီးတိုင်း ထိုအပတ်အတွင်း လေ့လာခဲ့သော ကဏ္ဍနှင့် ပတ်သက်၍ သင်ယူသူများ၏အမြင်နှင့် အတွေ့အကြုံများကို ထုတ်ဖော်ရေးသားပြရမည် ဖြစ်ပါသည်။

သင်တန်း အစမှ အဆုံး အခမဲ့ ဖြစ်သည့် ဤသင်တန်းသည် ဗြိတိသျှကောင်စီ၏ အွန်လိုင်းသင်ကြားလေ့လာခြင်းနှင့် ဆိုင်သော ကျွမ်းကျင်မှုကို စံထားပြုစုထားပါသည်။ တက်ရောက်သူတွင် နိုင်ငံတကာသုံး credit card ရှိပါက သင်တန်းတက်ရောက်ခဲ့ကြောင်းလက်မှတ် “Statement of Participation” ကို ဝယ်ယူလိုပါက ဝယ်ယူနိုင်မည် ဖြစ်ပါသည်။

ယခုသင်တန်းကို အင်္ဂလိပ်အရည်အချင်း intermediate အဆင့်အထိ အင်္ဂလိပ်စာကို လေ့လာထားသူ မည်သူမဆိုအတွက် ရည်ရွယ်ထားပြီး သင်တန်းတက်ရန် စာရင်းသွင်းပြီးသည်နှင့် စက်တင်ဘာလ ၁ ရက် တနင်္လာနေ့ မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ မှာ စတင်ပြီး သင်တန်းကို ဝင်ရောက်လေ့လာနိုင်ပြီဖြစ်ပြီး မိမိနှစ်သက်သလို အားလပ်သည့်အချိန်နှင့် စိတ်ကြိုက်လေ့လာနိုင်သောအမြန်နှုန်းဖြင့် တစ်ဆင့်ပြီး တစ်ဆင့် လေ့လာသွားနိုင်သည်။ အပတ်စဉ် ပါဝင်သည့် ကဏ္ဍများအား အပြည့်အစုံလေ့လာရန် တစ်ပတ်လျှင် ၂ နာရီခန့် အချိန်ပေးလျှင် လုံလောက်ပါသည်။ သင်တန်းအား ဗြိတိသျှကောင်စီမှ ဆရာများက အွန်လိုင်းမှ ကြီးကြပ်ပေးမည်ဖြစ်ပြီး ပါဝင်ဆွေးနွေးသည်များကိုလည်း လမ်းညွှန်ကူညီကာ သိလိုရာ မေးခွန်းများကို ဖြေကြားပေးမည် ဖြစ်ပါသည်။

ဤသင်တန်းအား တင်ပေးထားသော FutureLearn ဝက်ဆိုဒ်အား ဝင်ရောက်အသုံးပြုရန် အနည်းဆုံး အသက် ၁၃နှစ် ရှိရပါမည်။ မိဘများလည်း ၎င်းတို့ ကိုယ်ပိုင်နာမည်ဖြင့် စာရင်းသွင်းဝင်ရောက်နိုင်ပြီး ကိုယ်ပိုင် ပရိုဖိုင်း (profile) မှ တဆင့် မိမိတို့၏ကလေးများအား သင်တန်းတစ်လျှောက် စောင့်ကြပ်ကူညီနိုင်သည်။

ဗြိတိသျှကောင်စီ၏ အင်္ဂလိပ်ဘာသာသင်ကြားရေးဌာန ညွှန်ကြားရေးမှူး Ginny Rowlands က Exploring English: Language and Culture သင်တန်းသည် ဗြိတိသျှကောင်စီသို့အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက်နိုင်ခြင်း မရှိသူများအတွက် အခွင့်ကောင်းပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနှံ့မှ အင်္ဂလိပ်ဘာသာသင်ယူလိုသူတိုင်း အခမဲ့ပါဝင်တက်ရောက်နိုင်ကြောင်း၊ အင်္ဂလိပ်ဘာသာသင်ကြားမှုတွင် နှစ်ပေါင်း ၇၀ အတွေ့အကြုံရှိသည့် ဗြိတိသျှကောင်စီတွင်အသုံးပြုသည့် အပြန်အလှန်ပြောဆိုဆွေးနွေးမှုကို အခြေခံထားသည့် ထိရောက်သည့် သင်ကြားနည်းစနစ်များသည် စာသင်သားများ သင်ကြားမှုကို နှစ်ခြိုက်ပျော်ရွှင်စွာဖြင့် အရည်အသွေးလျှင်မြန်စွာ တိုးတက်စေရန် ရည်ရွယ်ရေးဆွဲထားကြောင်း၊ အင်္ဂလိပ်ဘာသာအား ဆရာများဖြင့် စာသင်ခန်းအတွင်း ကိုယ်တိုင်သင်ယူလိုပါကလည်း ဗြိတိသျှကောင်စီတွင် လူကြီးများရော ကလေးများအတွက်ပါ အတန်းများ ရန်ကုန်မြို့တွင်ဖွင့်လှစ်ထားကြောင်း ပြောကြားပါသည်။

Exploring English: Language and Culture သင်တန်းအကြောင်းအသေးစိတ် ထပ်မံသိရှိလိုပါက ဗြိတိသျှကောင်စီ၏ Myanmar Network ဝက်ဆိုဒ် www.myanmar-network.net တွင် ဝင်ရောက်ကြည့်ရှူနိုင်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *