Education, Lifestyle, News

ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် ကလေးများအတွက် စာဖတ်ပြိုင်ပွဲပြုလုပ်မည်။

ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် ကလေးများအတွက် စာဖတ်ပြိုင်ပွဲ ပြုလုပ်မည်

ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် ကလေးများအတွက် စာဖတ်ပြိုင်ပွဲပြုလုပ်မည်။

ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် နှစ်စဉ်ကျင်းပခဲ့သည့် ကလေးများအတွက် စာဖတ်ပြိုင်ပွဲ (Reading Challenge)ကို ယခုနှစ် အောက်တိုဘာလ (၁၇) ရက် မှ နိုဝင်ဘာလ (၂၈) ရက်အထိ အမှတ် ၇၈၊ ကမ်းနားလမ်း၊ ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီတွင် ကျင်းပသွားမည်ဖြစ်ပါသည်။ အသက် (၇) နှစ်မှ (၁၅) နှစ် ကလေးများ၏ စာဖတ်သော အလေ့အထကို ပြု စုပျိုးထောင်ပေးရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည့် အဆိုပါ Reading Challenge စာဖတ်ပြိုင်ပွဲကို အဆင့် (၂) ဆင့်ဖြင့် ပြုလုပ်သွားမည် ဖြစ်သည်။ ပထမအဆင့်အနေဖြင့် ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော Mythical Maze မှ စာအုပ်များကို ရွေးချယ်၍ အနည်းဆုံး ၆ အုပ်ပြည့်အောင် ဖတ်ရှုရပါမည်။ ဒုတိယအဆင့်အနေဖြင့် မိမိဖတ်ရှုထားသော စာအုပ်များအတွင်းမှ နှစ်သက်ရာ စာအုပ်တစ်အုပ်ကို ရွေးချယ်၍ အကျဉ်းချုပ် (Book Review) ရေး၍၎င်း၊ စာအုပ်ထဲတွင် ပါဝင်သော မိမိကြိုက်နှစ်သက်ရာ ဇာတ်ကောင်အား ပုံတူရေးချယ်ပြီး (Drawing Competition) သို့၎င်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။ ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင်ကလေးငယ်များအတွက် ဆုပေးပွဲကို မိဘများနှင့် ကလေးများအား ဖိတ်ခေါ်၍ ကျင်းပပေးပါမည်။ ဆုပေးပွဲတွင် စာအုပ် (၆) အုပ် ဖတ်ရှုပြီးစီးသည့် သူများအား ဆုတံဆိပ် (Mythical Maze Medal) နှင့် ဂုဏ်ပြုလွှာ (certificate) များ ပေးအပ်ပါမည်။ Book review နှင့် ပုံတူရေးချယ် ခြင်း ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သော ကလေးများထဲမှ (၁၂) ဦးကို ရွေးချယ်၍ အမှတ်တရဆုလက်ဆောင်များ ပေးသွားမည်ဖြစ်သည်။

ဗြိတိသျှကောင်စီစာကြည့်တိုက်မှူး ဒေါ်မိုးမိုးစိုးက ဗြိတိသျှကောင်စီတွင် ပြုလုပ်သည့် Reading Challenge စာဖတ်ပြိုင်ပွဲသည် ယူကေတွင် နှစ်စဉ်ကျင်းပသည့် Summer Reading Challenge ၏ ပုံစံအား နမူနာယူပြုလုပ်ကျင်းပခြင်းဖြစ်ကြောင်း ယူကေနိုင်ငံတွင် နွေရာသီကျောင်းပိတ်ချိန်၌ ကလေးများ မိမိတို့ ရပ်ကွက်မြို့နယ် စာကြည့်တိုက်များတွင် အသင်းဝင်ကာ ၎င်းတို့နှစ်သက်ရာ စာအုပ် (၆) အုပ်အား ဖတ်ရှုစေပြီး ဖတ်ရှုသော ကလေးများအား အမှတ်တရ စတစ်ကာများ၊ ဆုများ ပေးခြင်းဖြင့် စာဖတ်ရန် အားပေးကြောင်း၊ တစ်နှစ်လျှင် မတူညီသော အကြောင်းအရာ၊ ခေါင်းစဉ် များဖြင့် ကလေးများ စိတ်ဝင်စားမှုရှိစေရန် ဆွဲဆောင်ပြုလုပ်ပေးကြကြောင်း ပြောကြားပါသည်။

ကျောင်းသားမိဘတစ်ဦးဖြစ်သည့် ဒေါ်နွယ်နီက ပြောကြားရာတွင် ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် ကျင်းပလေ့ရှိသော ၎င်းစာဖတ်ပြိုင်ပွဲကို မိမိ၏ ကလေးအား နှစ်စဉ်ပါဝင်ယှဉ်ပြိုင်စေခဲ့ကြောင်း၊ စာဖတ်ပြိုင်ပွဲမှတဆင့် စာဖတ်သော အလေ့အကျင့်ကို ရရှိလာကာ ယခုဆိုလျှင် စာကြည့်တိုက်သို့ အပတ်စဉ်လာရောက်ကာ စာအုပ်များ ငှါးရမ်းဖတ်ရှုလေ့ရှိကြောင်း၊ အင်္ဂလိပ်စာအရည်အချင်းမှာလည်း ယခင်ကထက် သိသိသာသာ တိုးတက်လာကြောင်း ပြောကြားသွားပါသည်။

ဗြိတိသျှကောင်စီတွင် ပြုလုပ်သော အဆိုပါ Reading Challenge စာဖတ်ပြိုင်ပွဲအား အသင်းဝင် ကလေးမည်သူမဆို ပါဝင်နိုင်ပြီး အသင်းမဝင်ရသေးပါကလည်း အသင်းဝင်ရောက်ကာ ပါဝင်ဆင်နွှဲ နိုင်ပါသည်။ ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် ကလေးများအတွက် စာအုပ် ကိုးထောင်ကျော် ရှိသည့် သီးသန့်ကလေးစာကြည့်တိုက်ပါဝင်ပြီး ကလေးများ စာဖတ်ခြင်းကို စိတ်ဝင်စားစေရန် ပြိုင်ပွဲ၊ အခမ်းအနားများကို ပုံမှန်ပြုလုပ်ပေးနေပါသည်။

အဆိုပါ Reading Challenge စာဖတ်ပြိုင်ပွဲ အကြောင်းအား သိလိုသည်ဖြစ်စေ၊ စာကြည့်တိုက်တွင် အသင်းဝင်လိုသည် ဖြစ်စေ အသေးစိတ် အချက်အလက်များအားသိရှိလိုပါက အမှတ် ၇၈၊ ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီ စာကြည့်တိုက်တို့ လာရောက်၍၎င်း၊ ဖုန်းနံပါတ် ၂၅၆-၂၉ဝ ၊ ၂၅၆-၂၉၁ ၊ ၂၅၆-၂၉၀ တို့သို့၎င်း၊ [email protected] သို့ အီးမေးလ်ပို့၍၎င်း၊ www.facebook.com/BritishCouncilMyanmar မှ message ပေးပို့၍၎င်း စုံစမ်းမေးမြန်း နိုင်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *